22.12.16

နိုင်ငံ့အနာဂတ်အတွက် အရေးကြီးသည့် ဟံသာဝတီလေဆိပ်ကို လက်ရှိအစိုးရ လက်ထက်တွင် နိုင်ငံတော်စီမံကိန်း တစ်ရပ်အဖြစ် ဆောင်ရွက်မည်ဖြစ်ကြောင်း ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ပြောကြား

မြန်မာနိုင်ငံအနာဂတ်အတွက် အရေးကြီးသည့် ဟံသာဝတီ အပြည်ပြည်ဆိုင်ရာလေဆိပ်ကို လက်ရှိအစိုးရ လက်ထက်တွင် နိုင်ငံတော်စီမံကိန်း တစ်ရပ်အဖြစ် ဆောင်ရွက်သွားမည်ဟု ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ပြောကြားခဲ့ကြောင်း ဒီဇင်ဘာ ၂၁ ရက်က နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည့် ဟံသာဝတီ အပြည်ပြည်ဆိုင်ရာလေဆိပ် တည်ဆောက်ရေးစီမံကိန်း ဦးဆောင်ကော်မတီ၏ ပထမအကြိမ် အစည်းအဝေးအပြီး သတင်းထုတ်ပြန်ချက်အရ သိရသည်။

လက်ရှိ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သည် မြေနေရာ အကျယ်အ၀န်းအရ ပြေးလမ်းအသစ် ထပ်မံမတိုးချဲ့နိုင်ခြင်း၊ လေယာဉ်ရပ်နားရန်နေရာ လုံလုံလောက်လောက် တိုးချဲ့နိုင်မှု မရှိခြင်း၊ ပတ်ဝန်းကျင်တွင် လူနေထူထပ်မှုကြောင့် ၂၄ နာရီ Operation အတွက် ဆူညံသံများ ရှိခြင်း၊ တပ်မတော်(လေ)နှင့် တွဲဖက်အသုံးပြုနေရခြင်းများ ရှိနေသည်။ ထို့ပြင် လေယာဉ် အတက်အဆင်း ကိစ္စရပ်များတွင်လည်း ကန့်သတ်ချက်ဆိုင်ရာ ကိစ္စရပ်များရှိနေခြင်း စသည့် အခက်အခဲများကို တွေ့နေရသည့်အပြင် နောင်အနာဂတ်တွင် တိုးတက်များပြားလာမည့် ခရီးသည်တင်လေယာဉ်နှင့် ကုန်တင်လေယာဉ်များကို နိုင်ငံတကာ စံချိန်စံညွှန်းများဖြစ်သည့် အပြည်ပြည်ဆိုင်ရာ မြို့ပြလေကြောင်းအဖွဲ့ချုပ်၏ ဘေးအန္တရာယ်ကင်းဝေးရေးဆိုင်ရာ စံချိန်စံညွှန်းများအတိုင်း ဆောင်ရွက်ရန် လိုအပ်လာကြောင်း ဟံသာဝတီ အပြည်ပြည်ဆိုင်ရာလေဆိပ် တည်ဆောက်ရေးစီမံကိန်း ဦးဆောင်ကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟန်နရီဗန်ထီးယူက ပြောကြားသည်။


ထို့ပြင် နိုင်ငံတကာ ခရီးသည်တင်လေယာဉ်နှင့် ကုန်တင်လေယာဉ်ကြီးများ တစ်ဆက်တည်း ၀င်ရောက် ဆင်းသက်နိုင်စေရေးအတွက် အဆင့်မီသည့် လေဆိပ်ကြီးများရှိရန် လိုအပ်နေပြီး ယင်းလိုအပ်ချက်ကို ဖြည့်စွက်ရန် ဟံသာဝတီအပြည်ပြည်ဆိုင်ရာ လေဆိပ်စီမံကိန်းကို ဆောင်ရွက်ခြင်းဖြစ်ကြောင်း နှင့် ဟံသာဝတီလေဆိပ်သည် မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန် အထောက်အကူဖြစ်စေမည့် အနာဂတ်အတွက် မရှိမဖြစ်လိုအပ်သည့် အပြည်ပြည်ဆိုင်ရာ လေဆိပ်တစ်ခုဖြစ်ကြောင်း ဒုတိယသမ္မတက ပြောကြားသည်။

အဆိုပါ စီမံကိန်းအတွက် ၂၀၁၂ ခုနှစ် က တင်ဒါခေါ်ယူ ဆောင်ရွက်ခဲ့သည့် အစိုးရ၊ ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်သည့် (PPP) စနစ်ကို အခြေခံသည့် စီမံကိန်းဖြစ်ပြီး ဟံသာဝတီ အပြည်ပြည်ဆိုင်ရာလေဆိပ်ကြီး တည်ဆောက်ရာတွင် ရှိလာနိုင်မည့် အခက်အခဲများကို တင်ပြကြရန်နှင့် လေဆိပ်အသစ် တည်ဆောက်ရာတွင် လိုအပ်ချက်များဖြစ်သည့် ကောင်းမွန်ချောမွေ့သည့် လမ်းပန်းဆက်သွယ် သွားလာရေး၊ ရေရရှိရေး၊ လျှပ်စစ်မီး အလုံအလောက်သွယ်တန်း ရရှိရေး၊ ဆက်သွယ်ရေးကွန်ရက်များ တည်ဆောက်တပ်ဆင်ပေးရေး၊ လေဆိပ်နှင့် ဆက်စပ်နေသည့် လက်ရှိလမ်းများကို အဆင့်မြှင့်တင်ပေးရေး၊ အသုံးပြုမည့် စီမံကိန်းမြေနေရာကို လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန အမည်ပေါက်ရရှိရေး၊ စီမံကိန်းဧရိယာအတွင်းရှိ ကျူးကျော် အိမ်နေရာများကို ရွှေ့ပြောင်းပေးရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့များကို ဆွေးနွေးပေးရန် လိုအပ်မည်ဖြစ်ကြောင်း ဒုတိယသမ္မတက ဆက်လက်ပြောကြားသည်။

ဟံသာဝတီ အပြည်ပြည်ဆိုင်ရာလေဆိပ် ပြီးစီးပါက မြန်မာနိုင်ငံသို့ အဓိက ၀င်ပေါက်ဖြစ်သည့် Major Gate Way ဖြစ်လာမည် ဖြစ်သည့်အတွက် နိုင်ငံတကာလေကြောင်းလိုင်းများ Operation ပြုလုပ်ရာတွင်လည်း အဆင်ပြေလာမည် ဖြစ်သဖြင့် နိုင်ငံတော်၏ အနာဂတ်အတွက် အရေးကြီးသည့် လိုအပ်ချက်ဖြစ်သည့် အားလျော်စွာ မိမိတို့ အစိုးရလက်ထက်တွင် နိုင်ငံတော်စီမံကိန်း တစ်ရပ်အဖြစ် ဆောင်ရွက်သွားမည်ဖြစ်ပြီး စီမံကိန်းသည် ကြီးမားသည်နှင့်အမျှ စနစ်တကျ စီမံဆောင်ရွက်နိုင်ရန် အရေးကြီးပြီး စီမံကိန်းနှင့်ပတ်သက်၍ ပွင့်လင်းမြင်သာမှုရှိရန် လိုအပ်သကဲ့သို့ စနစ်တကျဖြစ်ရန်လည်း လိုအပ်ကြောင်း ပြောကြားသည်။ ထို့အတွက် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီးအစိုးရများအနေဖြင့် တာဝန်ယူ ဆောင်ရွက်သွားရမည့် အပိုင်းအလိုက် တာဝန်ကျေပွန်ရန်နှင့် နိုင်ငံတော်နှင့် ပြည်သူအတွက် စံနမူနာ စီမံကိန်းကြီးဖြစ်လာစေရန် အလေးအနက်ထား ဆောင်ရွက်ပေးကြရန် ဒုတိယသမ္မတက ပြောကြားခဲ့ကြောင်း သိရသည်။

ဟံသာဝတီ အပြည်ပြည်ဆိုင်ရာလေဆိပ် တည်ဆောက်ရေးစီမံကိန်း၏ တိုးတက်မှုအပေါ် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ဦးဆောင်၍ စောင့်ကြည့်မည်ဖြစ်ပြီး ဟံသာဝတီ အပြည်ပြည်ဆိုင်ရာလေဆိပ် တည်ဆောက်ရေးစီမံကိန်း ဦးဆောင်ကော်မတီ၏ တာဝန်များအဖြစ် သက်ဆိုင်သည့်ဝန်ကြီးဋ္ဌာနများနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့တို့ က ဆောင်ရွက်ရမည့်ကိစ္စများကို ပေါင်းစပ်ညှိနှိုင်းပေးခြင်း၊ HIA စီမံကိန်းနှင့် စပ်လျဉ်း၍ စတင်ဆောင်ရွက်ရန် ဆုံးဖြတ်ခြင်း၊ စီမံကိန်း၏ တိုးတက်မှုကို စောင့်ကြည့် စစ်ဆေးခြင်း၊ အမျိုးသားအဆင့်ဆိုင်ရာ မူဝါဒများချမှတ်ခြင်းနှင့် လိုအပ်သော လုပ်ငန်ကော်မတီများ ဖွဲ့စည်းဆောင်ရွက်ခြင်းလုပ်ငန်းများကို လုပ်ဆောင်ရမည်ဖြစ်ကြောင်း သိရသည်။



Credit To >>> Eleven Media Group

0 comments:

Post a Comment