22.12.16

နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၄၀၅ ကျပ်အထိ မြင့်တက်ခဲ့ပြီး မွန်းလွဲပိုင်းတွင် ၁၃၉၇ ကျပ်အထိ ပြန်လည်ကျဆင်း

ဒီဇင်ဘာ ၂၁ ရက်တွင် နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၄၀၅ ကျပ်အထိ မြင့်တက်ခဲ့ပြီး မွန်းလွဲပိုင်းတွင် ၁၃၉၇ ကျပ်အထိ ပြန်လည် ကျဆင်းခဲ့ကြောင်း ဈေးကွက်အတွင်း နိုင်ငံခြားငွေကြေး ရောင်းဝယ်သူများထံမှ သိရသည်။

ကမ္ဘာ့ငွေကြေး ဈေးကွက်တွင် ဒီဇင်ဘာ ၂၀ ရက်ညပိုင်းက ဒေါ်လာဈေး ၁၀၃ ဒသမ ၅၇ ပွိုင့်အထိ စံချိန်တင်မြင့်တက်ခဲ့ပြီး ဒီဇင်ဘာ ၂၁ ရက်တွင် ၁၀၃ ဒသမ ၀၇ ပွိုင့်အထိ ကျဆင်းခဲ့ကာ မွန်းလွဲ ၃ နာရီတွင် ၁၀၃ ဒသမ ၂၁ ပွိုင့်အထိ ပြန်လည်မြင့်တက်ခဲ့သည်။ အခြားကမ္ဘာ့နိုင်ငံများ၏ ငွေကြေးများနှင့် နှိုင်းယှဉ်ပါက ဒေါ်လာဈေး မြင့်တက်နေဆဲဖြစ်ပြီး တစ်ယူရိုလျှင် ၁ ဒသမ ၀၄ ဒေါ်လာ၊ တစ်ပေါင်လျှင် ၁ ဒသမ ၂၃ ဒေါ်လာ၊ တစ်ဒေါ်လာလျှင် ၁၁၇ ဒသမ ၅၂ ယန်း ပေါက်ဈေးဖြစ်ပေါ်ခဲ့သည်။

ကမ္ဘာ့ဈေးကွက်တွင် ဒေါ်လာဈေးနှုန်း ပြန်လည် မြင့်တက်နေခြင်းကြောင့် ပြည်တွင်းဈေးကွက်တွင် ဒီဇင်ဘာ ၁၉ ရက်က ကျရိပ်ပြနေသော နိုင်ငံခြားငွေလဲနှုန်းသည် ဒီဇင်ဘာ၂၀ နှင့် ၂၁ ရက်တို့၌ ပြန်လည် မြင့်တက်လာခဲ့သည်။ ဒီဇင်ဘာ ၁၉ ရက်က တစ်ဒေါ်လာ ၁၃၈၃ ကျပ်အထိ ကျဆင်းခဲ့သော နိုင်ငံခြားငွေလဲနှုန်းသည် ဒီဇင်ဘာ ၂၀ ရက်တွင် ၁၃၉၇ ဒေါ်လာအထိ မြင့်တက်ခဲ့ပြီး ဒီဇင်ဘာ ၂၁ ရက်၌ ၁၄၀၅ ကျပ်အထိ ဆက်လက်မြင့်တက်ခဲ့ခြင်း ဖြစ်သည်။ ဒီဇင်ဘာ ၂၁ ရက်တွင် တစ်ဒေါ်လာလျှင် ကျပ် ၁၄၀၀ ဖြင့် ဈေးဖွင့်ခဲ့ပြီး မွန်းလွဲပိုင်းတွင် ၁၃၉၇ ကျပ်အထိ ပြန်လည် ကျဆင်းခဲ့ခြင်းဖြစ်ကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

ပြင်ပဈေးကွက်အတွင်း ဒေါ်လာဈေး ၁၄၀၅ ကျပ်အထိ ရောက်ရှိလာသောကြောင့် ပို့ကုန်ရငွေ ဈေးနှုန်းသည် တစ်ဒေါ်လာ ၁၄၁၉ ကျပ် ၀န်းကျင်သို့ ရောက်ရှိလာပြီး စင်ကာပူနိုင်ငံမှ အခြားနိုင်ငံများသို့ ဒေါ်လာငွေလွှဲဈေးနှုန်း (Away) သည် မွန်းလွဲပိုင်း၌ ၀ယ်ဈေး ၁၄၁၉ ကျပ်၊ ရောင်းဈေးကျပ် ၁၄၂၀ အထိ ပြန်လည်မြင့်တက်ခဲ့သည်။

တစ်ပတ်အတွင်း ရက်အလိုက် အမြင့်ဆုံးဖြစ်ပေါ်သော နိုင်ငံခြားငွေလဲနှုန်းထားများမှာ ဒီဇင်ဘာ ၁၅ ရက်တွင် ၁၄၁၈ ကျပ်၊ ဒီဇင်ဘာ ၁၆ ရက်တွင် ၁၄၃၈ ကျပ်၊ ဒီဇင်ဘာ ၁၇ ရက်တွင် ၁၄၃၅ ကျပ်၊ ဒီဇင်ဘာ ၁၈ ရက်တွင် ကျပ် ၁၄၃၀၊ ဒီဇင်ဘာ ၁၉ ရက်တွင် အမြင့်ဆုံးနှုန်း ၁၄၂၇ ကျပ်၊ အနိမ့်ဆုံးနှုန်း ၁၃၈၃ ကျပ်၊ ဒီဇင်ဘာ ၂၀ ရက်တွင် ၁၃၉၇ ကျပ်၊ ဒီဇင်ဘာ ၂၁ ရက်အတွင်း ဖြစ်ပေါ်သော အမြင့်ဆုံးနှုန်းမှာ ၁၄၀၅ ကျပ်ဖြစ်ပြီး အနိမ့်ဆုံးနှုန်းမှာ ၁၃၉၆ ကျပ်ဖြစ်သည်။ ဒီဇင်ဘာ ၁၉ ရက်အတွင်း ဈေးနှုန်းအတက်အကျ ကျပ် ၅၀ ခန့် ဖြစ်ပေါ်ခဲ့ပြီး ဒီဇင်ဘာ ၂၀ ရက်တွင် ကျပ် ၃၀ ခန့်ရှိခဲ့ကာ ဒီဇင်ဘာ ၂၁ ရက်တွင် ဈေးနှုန်းအတက်အကျ ၁၀ ကျပ်ခန့်သာဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။

ပြင်ပဈေးကွက်၌ နိုင်ငံခြားငွေလဲနှုန်း မြင့်တက်ခဲ့သော်လည်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ၎င်း၏ရည်ညွှန်း နိုင်ငံခြားငွေလဲနှုန်းကို ဒီဇင်ဘာ ၂၁ ရက်တွင် ၁၃၇၅ ကျပ်အဖြစ်သာ ဆက်လက်သတ်မှတ်ခဲ့သည်။ ဗဟိုဘဏ် ရည်ညွှန်းနှုန်းကို ဒီဇင်ဘာ ၁၃ ရက်တွင် ကျပ် ၁၃၃၀၊ ဒီဇင်ဘာ ၁၄ ရက်တွင် ကျပ် ၁၃၄၀၊ ဒီဇင်ဘာ ၁၅ ရက်တွင် ကျပ် ၁၃၅၀၊ ဒီဇင်ဘာ ၁၆ ရက်တွင် ၁၃၆၅ ကျပ်၊ ဒီဇင်ဘာ ၁၉ ရက်တွင် ကျပ် ၁၃၇၀၊ ဒီဇင်ဘာ ၂၀ ရက်တွင် ၁၃၇၅ ကျပ်အဖြစ် ခြောက်ရက်ဆက်တိုက် တိုးမြှင့်ခဲ့ပြီး ဒီဇင်ဘာ ၂၁ ရက်တွင် ၁၃၇၅ ကျပ်အဖြစ်သာ ဆက်လက်သတ်မှတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

Credit To >>> Eleven Media Group

0 comments:

Post a Comment