22.12.16

ချီဖွေမြို့နယ်မှ ဆော့လော်မြို့ပေါ်အရောက် ဆန်တစ်အိတ်ဈေးနှုန်းမှာ ကျပ်ငါးသောင်းကျော်ရှိပြီး အချို့ဆင်းရဲသား ပြည်သူလူထုမှာ သစ်ဥ၊ သစ်ဖုများကို ရှာဖွေစားသောက်ကာ သေမထူး၊ နေမထူးဘ၀ဖြင့် ရင်ဆိုင်ကြုံတွေ့နေရကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလာမာလေး ပြောကြား

ကချင်ပြည်နယ် ချီဖွေမြို့နယ်မှ ဆော့လော်မြို့ပေါ်အရောက် ဆန်တစ်အိတ်ဈေးနှုန်းမှာ ကျပ်ငါးသောင်းကျော်အထိရှိပြီး အချို့ဆင်းရဲသား ပြည်သူလူထုမှာ သစ်ဥ၊ သစ်ဖုများကို ရှာဖွေစားသောက်ပြီး သေမထူး၊ နေမထူးဘ၀ဖြင့် ရင်ဆိုင်ကြုံတွေ့နေရကြောင်း ဆော့လော်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလာမာလေးက ပြောကြားသည်။

ဦးလာမာလေးက နေပြည်တော်တွင် ဒီဇင်ဘာ ၂၀ ရက်က ပြုလုပ်သည့် ပြည်သူ့လွှတ်တော် အစည်းအဝေး၌ “ချီဖွေမှ ဆော့လော်မြို့သို့ ဆက်သွယ်ထားသော ၃၄ မိုင် လမ်းဟောင်းအား အမြန်ဆုံး ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိမရှိ” နှင့်ပတ်သက်၍ မေးခွန်းမေးမြန်းရာတွင် အထက်ပါကဲ့သို့ ထည့်သွင်းတင်ပြ မေးမြန်းခဲ့သည်။


ဆော့လော်မြို့နယ်သည် ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်တွင် ပါဝင်ပြီး ချီဖွေမြို့နယ်၊ အင်ဂျန်ယန်မြို့နယ်၊ ခေါင်လန်ဖူးမြို့နယ်၊ တရုတ်ပြည်တို့နှင့် နယ်နိမိတ်ချင်း ထိစပ်လျက်ရှိကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလာမာလေးက ရှင်းပြသည်။

ယခင်က ဆော့လော်မြို့သို့ ချီဖွေမြို့နယ် မှတစ်ဆင့် ယခင်လမ်းဟောင်း ၃၄ မိုင်လမ်းဖြင့် ဆော့လော်ပြည်သူများ အဆင်ပြေစွာဖြင့် ဆက်သွယ်သွားလာခဲ့ကြကြောင်း၊ သို့သော် ၂၀၁၂ ခုနှစ်နောက်ပိုင်းတွင် နိုင်ငံရေးအခြေအနေ လုံခြုံရေးအရ ပြည်သူများသွားလာ၍ မရတော့ကြောင်း မေးခွန်းရှင် ဦးလာမာလေးက ဆိုသည်။

လက်ရှိ ချီဖွေမှ ဆော့လော်မြို့အထိ သွားလာဆက်သွယ်ရသည့် လမ်းမှာ ခရီးမိုင် ၇၅ မိုင်ခန့်ရှိပြီး တောင်တက်၊ တောင်ဆင်း၊ လမ်းကွေ့၊ လမ်းကောက်၊ လမ်းကြမ်းခရီးဖြင့် ခက်ခက်ခဲခဲ သွားလာနေကြရကြောင်း ဦးလာမာလေးက ဆွေးနွေးတင်ပြသည်။

ချီဖွေမှ ဆော့လော်မြို့သို့ လက်ရှိတောင်သုံးလုံးလမ်းဖြင့်သွားပါက ဆန်တစ်အိတ် သယ်ခကျပ်တစ်သောင်းကျော်၊ ဘိလပ်မြေ တစ်အိတ်သယ်ခ ကျပ်တစ်သောင်း၊ ဒီဇယ် တစ်ပီပါသယ်ခ ကျပ်ခြောက်သောင်းအထိ ကားခပေးဆောင်ရကြောင်း၊ မိမိအနေဖြင့် မဲဆန္ဒနယ် ပြည်သူများထံသွားပါက ချီဖွေမှ ဆော့လော်မြို့သို့သွားရာတွင် လိုင်းကားများမရှိကြောင်း၊ ဆိုင်ကယ်ကယ်ရီဖြင့်သွားပါက

ကယ်ရီခမှာ ကျပ် ၁၅၀၀၀၀၊ ကားအော်ဒါငှားပါက ခုနစ်သိန်းမှ ရှစ်သိန်းအထိ ပေးစီးရကြောင်း ကိုယ်စားလှယ် ဦးလာမာလေးက ဆွေးနွေးတင်ပြသည်။

“ဆော့လော်မြို့နေ ပြည်သူလူထုများမှာ စားနပ်ရိက္ခာများ၊ လူသုံးကုန်ပစ္စည်းများ၊ အိမ်ဆောက်ပစ္စည်းများ၊ ခရီးသွားလာစရိတ်များကို ယခင်လမ်းဟောင်း ၃၄ မိုင်လမ်း ခရီးသွားလာ ပို့ဆောင်စရိတ်ထက် နှစ်ဆကျော် ပေးဆောင်နေရ၍ ပြည်သူများ စားနပ်ရိက္ခာ သယ်ဆောင်ရာနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်ရန် အခက်အခဲများစွာ ရင်ဆိုင်ကြုံတွေ့နေရပါတယ်”ဟု ၎င်းက ဆက်လက်ပြောကြားသည်။

“ဆော့လော်မြို့နယ်မှ ယခုနှစ်တွင် မိုးများပြီး တောင်ယာမီးမရှို့ရခြင်း၊ စိုက်ထားတဲ့ စပါးခင်း အနည်းငယ်မှာလည်း ပိုးကျခြင်း၊ ကြွက်စားခြင်းတို့ကြောင့် စားစရာဆန်မရှိဘဲ အခက်အခဲများစွာ ကြုံတွေ့နေရပါတယ်။ စားစရာမရှိလို့ မြစ်ကြီးနား၊ ချီဖွေမြို့နယ်တို့မှတစ်ဆင့် ဆန်ဝယ်စားမယ်ဆိုရင်လည်း လမ်းမကြီး သယ်ယူစရိတ်များသည့်အတွက် ဆော့လော်မြို့ပေါ်အရောက် ဆန်တစ်အိတ်ဈေးနှုန်းမှာ ကျပ်ငါးသောင်းကျော်အထိ ကြီးမြင့်လာသည့်အတွက် အချို့သော မရှိဆင်းရဲသား ပြည်သူလူထုများမှာ သစ်ဥ၊ သစ်ဖု၊ သစ်နုများကို ရှာဖွေစားသောက်ပြီး သေမထူး၊ နေမထူး၊ ရှင်မထူးဘ၀နဲ့ ရင်ဆိုင်ကြုံတွေ့နေရသည်ကိုလည်း တွေ့နေရပါတယ်”ဟု ဦးလာမာလေးက ဆိုသည်။

ဆော့လော်မြို့နယ်သည် မြို့နယ်အဖြစ် သတ်မှတ်ခြင်းခံခဲ့ရသည်မှာ နှစ်ပေါင်း ၄၅ နှစ်ခန့် ကြာပြီဖြစ်သော်လည်း လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် ဖွံ့ဖြိုးတိုးတက်မှု လုံးဝမရှိဘဲ အခြားမြို့နယ်များနှင့် နှိုင်းယှဉ်ပါက ဖွံ့ဖြိုးတိုးတက်မှု အလွန်နောက်ကျနေကြောင်း မေးခွန်းရှင်က ဆိုသည်။

“သို့ဖြစ်ပါ၍ သက်ဆိုင်ရာ အစိုးရအဖွဲ့အနေဖြင့် ယခင်လမ်းဟောင်း ၃၄ မိုင်လမ်းအား ပိတ်ထားသော KIA လက်နက်ကိုင်အဖွဲ့နှင့် ညှိနှိုင်းတိုင်ပင် နှစ်ဖက်နားလည်မှုရယူကာ ၃၄ မိုင်လမ်းအား အမြန်ဆုံး ဖွင့်လှစ်ပေးနိုင်ပါရန် တင်ပြအပ်ပါတယ်”ဟု ဦးလာမာလေးက လွှတ်တော်သို့ တင်ပြခဲ့သည်။

အဆိုပါ မေးခွန်းနှင့် ပတ်သက်၍ ဆောက်လုပ်ရေး ၀န်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ချီဖွေမှ ဆော့လော်သို့ ဆက်သွယ်ထားသည့် ချီဖွေ - ဆော့လော်လမ်းပိုင်း ၃၄ မိုင်အရှည်အတွက် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် အစိုးရအဖွဲ့များသို့ ပေါင်းစပ်ညှိနှိုင်းပြီး နယ်မြေအခြေအနေ အေးချမ်းတည်ငြိမ်မှု ရရှိလာသည့်အခါ ဆောက်လုပ်ရေး ၀န်ကြီးဌာနအနေဖြင့် လုပ်ငန်းများ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ဖြေကြားသည်။



Credit To >>> Eleven Media Group

0 comments:

Post a Comment