22.12.16

နမ္မတူမြို့နယ် ပန်လုံကျေးရွာအနီးတွင် RCSS/SSA နှင့် TNLA တို့အကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံများ သီပေါမြို့နှင့် နီးစပ်ရာနေရာများသို့ ထွက်ပြေး တိမ်းရှောင်နေ

ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ နမ္မတူမြို့နယ်၊ ပန်လုံကျေးရွာအနီးတွင် RCSS/SSA နှင့် TNLA အဖွဲ့တို့ ဒီဇင်ဘာ ၂၀ ရက် နံနက်ပိုင်းက ထိတွေ့တိုက်ပွဲများ ဖြစ်ပွားမှုကြောင့် အနီးအနားရှိ ဒေသခံများ သီပေါမြို့နှင့် အခြားနီးစပ်ရာနေရာများသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။

“နံနက် ၆ နာရီ ကျော်ကျော်လောက်မှာ တိုက်ပွဲစဖြစ်တာပါ။ သေနတ်သံတွေရော လက်နက်ကြီးတွေရော ကြားနေရတယ်။ တိုက်ပွဲဖြစ်တဲ့နေရာနဲ့ ကျွန်တော်တို့ရွာနဲ့က တစ်မိုင် ကျော်ကျော်လောက်ပဲ ဝေးတယ်။ ဒါပေမဲ့ တိုက်ပွဲဖြစ်တဲ့နေရာက ရွာနဲ့ အရမ်းနီးနေတော့ ရွာသားတွေက မနေရဲလို့ ထွက်ပြေးလာခဲ့ကြတာပါ။ ရွာက အိမ်တွေမှာတော့ အိမ်စောင့် တစ်ယောက်စီလောက်ပဲ ထားခဲ့တယ်။ အသက်ကြီးပိုင်းတွေရယ် ကလေးတွေ၊ အမျိုးသမီးတွေက သီပေါမြို့ကို ထွက်ပြေးလာကြတယ်” ဟု ပန်သပြေကျေးရွာမှ ဒေသခံတစ်ဦးက ပြောကြားသည်။


တိုက်ပွဲဖြစ်စဉ်များကြောင့် ပန်လုံကျေးရွာ အနီးတစ်ဝိုက်မှ ဒေသခံများသည် မိမိတို့နှင့် နီးစပ်ရာဖြစ်သော မန်စံကျေးရွာနှင့် သီပေါမြို့များသို့ ထွက်ပြေး တိမ်းရှောင်လာကြပြီးအချို့မှာ လားရှိုးမြို့အထိ ထွက်ပြေး တိမ်းရှောင်လာကြရကြောင်း သိရသည်။

ပန်လုံရွာ အနီးတစ်ဝိုက်တွင် တိုက်ပွဲများ ဖြစ်ပွားနေခြင်းကြောင့် လားရှိုးမှ နမ့်ဆန်မြို့သို့ သွားရောက်မည့် ခရီးသည်တင်ယာဉ်နှင့် ကုန်တင်ယာဉ်များ၊ သီပေါမြို့မှ ပန်လုံ၊ နမ့်ဆန်သို့ သွားရောက်ကြမည့် ယာဉ်များမှာ ဆက်လက် သွားရောက်နိုင်ခြင်းမရှိဘဲ ယာဉ်အချို့မှာ မန်စံကျေးရွာတွင် စောင့်ဆိုင်းနေကြပြီး သီပေါဘက်မှ လာသောယာဉ်များမှာ သီပေါမြို့သို့ နောက်ပြန်လှည့်ခဲ့ရကြောင်း သိရသည်။

“ဒီနေ့မနက် လားရှိုးဘက်ကနေ နမ့်ဆန်ကို သွားမယ့်ကားတွေ ပန်လုံရွာမှာ တိုက်ပွဲတွေဖြစ်နေလို့ မန်စံရွာမှ စောင့်နေရတယ်။ သီပေါဘက်က လာတဲ့ကားတွေလည်း ပန်လုံ မရောက်ခင် ပစ်ခတ်သံတွေ ကြားနေရတာနဲ့ သီပေါကို ပြန်လှည့်ကြရတယ်။ ပန်လုံနားက ဒေသခံတွေကတော့ သီပေါ၊ မန်စံ၊ လားရှိုးဘက်တွေကို တိမ်းရှောင်လာကြတယ်” ဟု လားရှိုးမြို့မှ ဒေသခံတစ်ဦးဖြစ်သူ ကိုနေမျိုးက ပြောကြားသည်။

အဆိုပါ တိုက်ပွဲဖြစ်ပွားမှုများကြောင့် ပန်လုံကျေးရွာနေ ဒေါ်နိုင်းထွမ်း အသက် (၅၃ နှစ်) မှာ အိမ်အတွင်းရှိနေစဉ် ယာဘက်ခြေသလုံး သေနတ်ကျည်ဆန် ထိမှန်မှုကြောင့် လားရှိုးပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူလျက်ရှိနေကြောင်း သိရသည်။

“သီပေါမြို့ကို ဒီဇင်ဘာ ၂၀ ရက် ညက စစ်ဘေးရှောင် ၉၀၀ ကျော် ရောက်လာတယ်။ သူတို့တွေက ပါပုတ်ကျောင်း၊ သာသနာ (၂၅၀၀) ကျောင်းနဲ့ ဘော်ကြိုကျောင်းတွေမှာ ခိုလှုံနေရပါတယ်။ ဒီနေ့လည်း စစ်ဘေးရှောင်တွေ ထပ်ရောက်လာနေသေးတယ်။ စစ်ဘေးရှောင်တွေအတွက် စားသောက်စရာတွေ လိုအပ်နေပါတယ်။ လောလောဆယ်တော့ အလှူရှင်တချို့ လှူဒါန်းထားတာတွေနဲ့ စားသောက်စရာတွေ စီစဉ်ထားပါတယ်။ အခုလည်း ကျွန်တော်တို့ ပရဟိတအဖွဲ့တွေက ပန်သပြေကျေးရွာမှာ ပိတ်မိနေတဲ့ ဒေသခံတွေကို သွားခေါ်နေပါတယ်”ဟု သီပေါမြို့ ဇာတ်စုလူငယ်ပရဟိတအဖွဲ့မှ ကိုမျိုးက ဒီဇင်ဘာ ၂၁ ရက်နံနက်က ပြောကြားသည်။

ပန်လုံကျေးရွာအနီးတွင် ဒီဇင်ဘာ ၂၀ ရက် နံနက်ပိုင်းမှစ၍ တိုက်ပွဲများ ဖြစ်ပွားနေခြင်းဖြစ်ပြီး တိုက်ပွဲကြောင့် ဒေသခံ အများအပြား နီးစပ်ရာသို့ ထွက်ပြေးတိမ်းရှောင်လာကြရာ ဒီဇင်ဘာ ၂၀ ရက် ညပိုင်းအထိ ဘော်ကြိုဘုရားကြီးကျောင်းဝင်းတွင် ၃၆၇ ဦး၊ သီပေါမြို့သာသနာ ၂၅၀၀ ကျောင်းတိုက်တွင် ၂၀၈ ဦး၊ တာပုတ်ဘုန်းကြီးကျောင်းတွင် ၃၂၀၊ ဦးပဉ္ဇင်းနှင့် ကိုရင် ၁၉ ပါး ရောက်ရှိလာပြီး ဒီဇင်ဘာ ၂၁ ရက်တွင်လည်း စစ်ဘေးရှောင်များ ထပ်မံရောက်ရှိလာနေကြောင်း သိရသည်။

အလားတူ နမ္မတူ-လားရှိုး ကားလမ်းပေါ်ရှိ မန်စံကျေးရွာတွင် ပန်လုံကျေးရွာ အနီးတစ်ဝိုက်မှ ဒေသခံ တစ်ထောင်နီးပါးနှင့် မိုင်းမုကျေးရွာတွင် လူဦးရေ နှစ်ရာကျော် လာရောက် စစ်ဘေးရှောင်နေရကြောင်း သိရသည်။ တအာင်းလက်နက်ကိုင်းအဖွဲ့ (PSLF/ TNLA) နှင့် ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS/SSA) တို့သည် ရှမ်းပြည်နယ် နမ္မတူမြို့နယ် နှင့် မန်တုံမြို့နယ်တို့၌် ဒီဇင်ဘာ ၂၀ ရက်တွင် တိုက်ပွဲသုံးနေရာ ဖြစ်ပွားခဲ့ကြောင်း TNLA က သတင်းထုတ်ပြန်ထားသည်။

အဆိုပါ တိုက်ပွဲဖြစ်စဉ်မှာ ဒီဇင်ဘာ ၂၀ နံနက် ၆ နာရီခန့်တွင် နမ္မတူမြို့နယ်၊ ပန်လုံကျေးရွာနှင့် မန်ဆာကျေးရွာ၌ လည်းကောင်း၊ ညနေ ၃ နာရီခန့်တွင် မန်တုံမြို့နယ်၊ ပန်ရောင်ကျေးရွာအနီးတို့၌ အသီးသီး တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

Credit To >>> Eleven Media Group

0 comments:

Post a Comment