12.12.16

ဆရာဝန်များ လစာတိုးမပေးနိုင်သေးသော်လည်း နေထိုင်ရေးအတွက် ၀န်ထမ်းအိမ်ရာများ ဆောက်ပေးသွားမည်ဟု ကျန်းမာရေးဝန်ကြီးဆို


မြန်မာနိုင်ငံတစ်ဝန်းအတွင်း တာဝန်ထမ်းဆောင်နေသည့် ဆရာဝန်များအား လစာချက်ချင်း မတိုးပေးနိုင်သေးသော်လည်း နေထိုင်ရေးအတွက် ၀န်ထမ်းအိမ်ရာများ ဦးစားပေးဆောက်ပေးသွားမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စု ၀န်ကြီး ဒေါက်တာမြင့်ထွေးက ဒီဇင်ဘာလ ၉ ရက်နေ့က သတင်းမီဒီယာများကို ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ဒီဇင်ဘာ ၉ ရက်က ကျင်းပပြုလုပ်သည့် လွှတ်တော်အစည်းအဝေး အပြီးတွင် မီဒီယာများ မေးမြန်းချက်များအား ပြန်လည်ဖြေကြားခြင်းဖြစ်သည်။

ဝန်ကြီးက“လစာကတော့ ချက်ချင်းတိုးလို့မရသေးဘူး။ ဒါပေမဲ့ ဆရာဝန်တွေနေဖို့ အိမ်ရာကိုတော့ နောက်နှစ်ဘတ်ဂျက်မှာ အကြီးအကျယ်တင်ထားတယ်။ ဆရာဝန်တွေနေဖို့ ၀န်ထမ်းအိမ်ရာကို တစ်ပြည်လုံးအတိုင်းအတာအနေနဲ့ တင်ထားတယ်”ဟု ပြောသည်။

မြန်မာနိုင်ငံတွင် ပြည်သူ့ဆေးရုံပေါင်း ၁,၀၀၀ ကျော်ရှိပြီး တာဝန်ထမ်းဆောင်နေသည့် ဆရာဝန်များသည် ပြင်ပတွင် ငှားရမ်းနေထိုင်ရသည့် အခက်အခဲရှိနေသည်။ ဆရာဝန်များ နယ်သွားသည့်အခါ အိမ်ရာမရှိသည့်အတွက် လစာထဲမှ ၃၀ ရာခိုင်နှုန်းခန့် အသုံးပြုနေရသည့်အတွက် အိမ်ရာများကို ဦးစားပေးတည်ဆောက်ရခြင်းဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။

ဒေါက်တာမြင့်ထွေးက “ပြောမယ်ဆိုရင် ဆရာဝန်တွေက နယ်တွေကိုလွှတ်ရင် မသွားချင်ဘူး။ ဘာလို့မသွားချင်ဘူးလဲ ဆိုရင် အိမ်ရာတွေမရှိဘူး။ ဥပမာ လွန်ခဲ့တဲ့ ၂ ပတ်လောက်က ခန္တီးကို ဒုတိယသမ္မတနဲ့သွားခဲ့တယ်။ လက်ထောက်ဆရာဝန်နှစ်ယောက်တွေ့ခဲ့ပြီး မေးကြည့်ခဲ့တယ်။ အိမ်ငှားတာ တစ်သိန်းနှစ်သောင်းပေးလိုက်ရတယ်။ အဲ့ဒီမှာ သူတို့လခထဲက ၃၀ ရာခိုင်နှုန်းက အိမ်ငှားတဲ့အထဲပါသွားတယ်။ အဓိပ္ပာယ်လုံးဝမရှိဘူး။ နောက်နှစ်အတွက် ဦးစားပေးလုပ်မှာ။ လွှတ်တော်က ဘတ်ဂျက်မဖြတ်ဖို့ပဲ အရေးကြီးတယ်”ဟုပြောသည်။




Credit To >>> The Ladies News

0 comments:

Post a Comment