12.12.16

ပြည်ပတွင် နိုင်ငံခြားငွေ ဘဏ်စာရင်း ဖွင့်လှစ်ထားခြင်းကို ဥပဒေနှင့်အညီ ဆောင်ရွက်ရန် ထုတ်ပြန်လိုက်ပြီး လိုက်နာရန် ပျက်ကွက်သူများအား ထောင်ဒဏ်သုံးနှစ်အထိ ချမှတ်နိုင်သည့် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေအရ အရေးယူမည်ဟု ဗဟိုဘဏ် ထုတ်ပြန်

ပြည်ပနိုင်ငံများတွင် နိုင်ငံခြားငွေစာရင်း ဖွင့်လှစ်ထားခြင်းများကို ဥပဒေနှင့်အညီ ဆောင်ရွက်ရန်နှင့် ဘဏ်စာရင်းဆိုင်ရာ အချက်အလက်များ၊ လက်ကျန်ရှင်းတမ်းများကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်သို့ တင်ပြရန် ထုတ်ပြန်လိုက်ပြီး လိုက်နာရန် ပျက်ကွက်သူများကို ထောင်ဒဏ်သုံးနှစ်အထိ ချမှတ်နိုင်မည့် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှု ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်က အကြောင်းကြားစာ ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌကိုယ်စား ဒုတိယဥက္ကဋ္ဌ ဦးဆက်အောင်က ထုတ်ပြန်ထားသည့် အဆိုပါ အကြောင်းကြားစာတွင် ဘဏ်များကို ရည်ညွှန်းထုတ်ပြန်ခဲ့ခြင်း ဖြစ်ပြီး ဘဏ်များ၏ ဒါရိုက်တာအဖွဲ့ဝင်များ၊ အကြံပေးများနှင့် ဘဏ်နှင့် ဆက်နွှယ်သူ အရာရှိများ၊ ဘဏ်နှင့် ဆက်သွယ်ဆောင်ရွက်သည့် ပုဂ္ဂိုလ်တစ်ဦးချင်းစီနှင့် ကုမ္ပဏီအဖွဲ့အစည်းများကို သတိပေးချက် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။


ဘဏ်များအနေဖြင့် ပြည်ပတွင် ဘဏ်စာရင်း ဖွင့်လှစ်ထားရှိခြင်းကို ဗဟိုဘဏ်သို့ တင်ပြရန်နှင့် လိုက်နာရန် ပျက်ကွက်သူများကို နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုအက်ဥပဒေ ပုဒ်မ ၃၈ နှင့် ပုဒ်မ ၄၂ တို့အရ အရေးယူသွားမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပုဒ်မ ၃၈ အရ နိုင်ငံခြားသုံးငွေလုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင် တစ်မျိုးမျိုး မရှိဘဲ နိုင်ငံခြားသုံးငွေလုပ်ငန်း လုပ်ကိုင်ခွင့်မပြထားဘဲ အဆိုပါ တားမြစ်ချက်ကို ဖောက်ဖျက်ပါက ပုဒ်မ ၄၂ အရ ပြစ်မှုထင်ရှား စီရင်ခံရသူကို ထောင်ဒဏ် သုံးနှစ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည့်အပြင် သက်သေခံပစ္စည်းများကိုလည်း ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရန် ပြဋ္ဌာန်းထားသည်။

လတ်တလောတွင် ပြည်ပနိုင်ငံများ၌ ဘဏ်စာရင်း ဖွင့်လှစ်ထားမှုများအနက် တရုတ်နိုင်ငံတွင် ဘဏ်ငွေစာရင်း ဖွင့်လှစ်ထားသည့် မြန်မာလုပ်ငန်းရှင်များ၏ ဘဏ်အကောင့် ၁၀ ခုခန့် အပိတ်ခံထားရပြီး ဘဏ်အကောင့် တစ်ခုလျင် တရုတ်ယွမ် တစ်သိန်းအထက်မှ ယွမ်ရှစ်သိန်းအခန့်အထိ ရှိနေပြီး ကြားဝင်ဆောင်ရွက်ပေးမည့်သူ မရှိဖြစ်နေကြောင်း သိရသည်။

တရုတ်နိုင်ငံသား အခွန်ရှောင်သူများကို ဖမ်းဆီး အရေးယူရာမှစတင်ကာ အဆိုပါ အခွန်ရှောင်သူများ၏ ဘဏ်အကောင့်များနှင့် ဆက်စပ်လုပ်ကိုင်ဖူးသူ မြန်မာကုန်သည်များ၏ ဘဏ်အကောင့်များကိုပါ ပိတ်ပင်လိုက်ခြင်းဖြစ်ပြီး အဆိုပါ မြန်မာလုပ်ငန်းရှင်များ၏ ဘဏ်ငွေစာရင်များ ပိတ်ပင်မှုမှာ ယခုနှစ် နိုဝင်ဘာလမှ စတင်ကာ ပိတ်ပင်ခြင်းဖြစ်ကြောင်း တရုတ်နိုင်ငံသို့ ဆန်နှင့်သကြား တင်ပို့သည့် လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

ထိုသို့ မြန်မာလုပ်ငန်းရှင်များ၏ တရုတ်ဘဏ်ငွေစာရင်းများ ပိတ်ပင်ခံထားရမှုနှင့် ပတ်သက်ပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက နိုင်ငံခြားတွင် ဘဏ်အကောင့် ဖွင့်မည်ဆိုပါ က ဗဟိုဘဏ်ကို အကြောင်းကြားရမည်ဖြစ်ပြီး အကြောင်းမကြားဘဲ ဖွင့်လှစ်ပါက တရားဝင်မည် မဟုတ်ကြောင်း ပြောကြားသည်။

မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံနှစ်ခုရှိ ဘဏ်များအကြား အဆက်အစပ် မရှိခြင်း၊ ပို့ကုန်ရငွေများ ပြည်တွင်းသို့ ပြန်မ၀င်ခြင်းနှင့် ဒေါ်လာဈေး မြင့်တက်ခြင်း အစရှိသည့် ပြ ဿနာများတွင် မြန်မာလုပ်ငန်းရှင်များ၏ နိုင်ငံခြားငွေအကောင့်များမှာ စင်ကာပူနိုင်ငံတွင် ထားရှိကာ ငွေပေးငွေချေ ပြုလုပ်နေရမှုများနှင့် ပတ်သက်သည့် အခက်အခဲများအတွက် မြန်မာနိုင်ငံရှိ နိုင်ငံခြားဘဏ်များတွင် မြန်မာလုပ်ငန်းရှင်များအား အကောင့်ဖွင့်ခွင့် ပြုကာ ပြည်ပတွင် ငွေပေးငွေချေ ပြုလုပ်နေသည့် မြန်မာ့ကုန်သွယ်မှု အရောင်းအ၀ယ်ဈေးကွက်အား ပြည်တွင်းသို့ ပြန်လည်ရွှေ့ပြောင်းနိုင်ရန် လုပ်ငန်းရှင်များက အကြံပြု ထားသည်။

Credit To >>> Eleven Media Group

0 comments:

Post a Comment