12.12.16

မည်သည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းနှင့် ခေါင်းဆောင်ကိုမဆို အကြမ်းဖက်အဖွဲ့အစည်းနှင့် လူပုဂ္ဂိုလ်အဖြစ် သတ်မှတ်ရန် ဆောင်ရွက်နေမှုများကို ကန့်ကွက်ကြောင်း NCA လက်မှတ် ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ထုတ်ပြန်

မည်သည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းနှင့် ခေါင်းဆောင်ကိုမဆို အကြမ်းဖက်အဖွဲ့အစည်းနှင့် လူပုဂ္ဂိုလ်အဖြစ် သတ်မှတ်ရန် ဆောင်ရွက်နေမှုများကို ဆန့်ကျင်ကန့်ကွက်ကြောင်း တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များက ဒီဇင်ဘာ ၁၁ ရက်တွင် သဘောထားထုတ်ပြန်ခဲ့သည်။

NCA လက်မှတ်ရေးထိုးခဲ့ကြသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) နှင့် လုပ်ငန်းအဖွဲ့ (PPWT/CT) တို့၏ ဒီဇင်ဘာ ၁၀ ရက်မှ ၁၁ ရက်အထိ ပြုလုပ်ခဲ့သည့် တတိယအကြိမ် ညှိနှိုင်းအစည်းအဝေးတွင် ၎င်းတို့ရှစ်ဖွဲ့၏ ဆောင်ရွက်မှုများ၊ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ လုပ်ငန်းဆောင်ရွက်ချက်များ၊ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစု ပင်လုံနှင့် ပတ်သတ်သည့်ကိစ္စများ အပါအ၀င် လက်ရှိနိုင်ငံရေး၊ စစ်ရေးအခြေအနေများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ရာ အဆိုပါ ဆွေးနွေးမှုအပြီး ထိုသို့ သဘောထားကြေညာချက် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။


ယင်းကြေညာချက်တွင် မည်သည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ခေါင်းဆောင်ကိုမဆို အကြမ်းဖက်အဖွဲ့အစည်းနှင့် လူပုဂ္ဂိုလ်အဖြစ် သတ်မှတ်ရန် ဆောင်ရွက်နေမှုများသည် လက်ရှိ ကြိုးပမ်းဆောင်ရွက်နေသည့် အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်နေမှုများကို ထိခိုက်စေနိုင်သည့်အတွက် ဆန့်ကျင် ကန့်ကွက်ကြောင်း ဖော်ပြထားသည်။

ထို့ပြင် အကြောင်းအမျိုးမျိုးကြောင့် NCA တွင် ပါဝင် လက်မှတ်ရေးထိုးရန် အဆင်သင့်မရှိသေးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့်သော် လည်းကောင်း၊ ပြည်ထောင်စုအစိုးရ အနေဖြင့်သော် လည်းကောင်း၊ အပြုသဘောဆောင်သော ငြိမ်းချမ်းရေးကို ရှေးရှုသည့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြင့် လုပ်ဆောင်ကြရန် အကြံပေး တိုက်တွန်းကြောင်း ကြေညာချက်တွင် ဖော်ပြခဲ့သည်။

ရှမ်းပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပတ်သက်၍ “ရှမ်းပြည်နယ်မြောက်ပိုင်းရှိ KIA ၊ TNLA ၊ MNDAA နှင့် AA လက်နက်ကိုင်အဖွဲ့များ၏ ဆောင်ရွက်ချက်များကို ရှုတ်ချကြောင်းနှင့် အကြမ်းဖက် အဖွဲ့အစည်းအဖြစ် သတ်မှတ်ကြောင်းအဆို”အား ဒီဇင်ဘာ ၇ ရက်က ရှမ်းပြည်နယ်လွှတ်တော်က အတည်ပြုခဲ့သည်။



Credit To >>> Eleven Media Group

0 comments:

Post a Comment