9.12.16

၂၀၁၆ - ၂၀၁၇ ဘဏ္ဍာနှစ်အတွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လျာထားချက် ပမာဏပြည့်မီရန် ဒေါ်လာ ၂ ဒသမ ၆ ဘီလျံခန့် လိုအပ်

၂၀၁၆ - ၂၀၁၇ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံ အတွင်းသို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာခြောက် ဘီလျံဝင်ရောက်ရန် မျှော်မှန်းထားကြောင်း၊ လက်ရှိအချိန်တွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏ ဒေါ်လာ ၃ ဒသမ ၄ ဘီလျံသာ ၀င်ရောက်ထားသေးသဖြင့် ဘဏ္ဍာနှစ် ကုန်ဆုံးရန် လေးလသာ လိုတော့ချိန်တွင် လျာထားချက်ပြည့်မီရန် ဒေါ်လာ ၂ ဒသမ ၆ ဘီလျံ လိုအပ်နေသေးကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

“ဒီနှစ်က နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏ ဒေါ်လာ ခြောက်ဘီလျံ တားဂတ်ထားတယ်။ လက်ရှိမှာ ခွင့်ပြုပြီးထားတာက ဒေါ်လာ ၃ ဒသမ ၄ ဘီလျံဆိုတော့ နောက်ထပ် ရည်မှန်းချက် ပြည့်မီရန် ဒေါ်လာ ၂ ဒသမ ၆ ဘီလျံခန့် လိုအပ်နေတဲ့ အနေအထားဖြစ်ပါတယ်”ဟုလည်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ပြောကြားသည်။
၂၀၁၆ - ၂၀၁၇ ဘဏ္ဍာနှစ် ဒီဇင်ဘာ ပထမပတ်အထိ မြန်မာနိုင်ငံတွင်းသို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏ ဒေါ်လာသန်းပေါင်း ၂၁၂၂ ဒသမ ၃၈၃ ရှိကြောင်း ဒီဇင်ဘာ ၆ ရက်က ရန်ကုန်မြို့ သစ္စာလမ်းရှိ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ၀န်ကြီးဌာနရုံးတွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲမှ သိရသည်။
အဆိုပါ ရင်းနှီးမြှုပ်နှံမှုအပြင် ယခင်ခွင့်ပြုထားသော ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်းအပါအ၀င် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု ပမာဏ ဒေါ်လာ သန်းပေါင်း ၃၄၂၂ ဒသမ ၄၂၃ စီးဝင်ခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် သတင်းထုတ်ပြန်ချက် အမှတ်စဉ် (၇/၂၀၁၆) အရသိရသည်။
“လကလည်း လေးလတောင် မကျန်တော့ဘူး။ ဒီနှစ်က ရည်မှန်းချက်ပြည့်ဖို့ တော်တော်ကြိုးစားရမယ့် နှစ်လို့ထင်ပါတယ်။ လက်ရှိအချိန်မှာတော့ ပြောလို့မရသေးဘူး။ ကျွန်တော်တို့လက်ထဲမှာ Proposal တွေနဲ့ပေါင်းရင်တော့ ၀င်ကောင်းလည်း ၀င်နိုင်တယ်။ ဒါကြောင့် ကျွန်တော်တို့လည်း Promotion အတင်းလုပ်နေတာပေါ့။ ပြီးခဲ့တဲ့အပတ်က လန်ဒန်သွားတယ်။ ဒီနှစ်ကတော့ လျာထားချက် ပြည့်မီအောင် ကြိုးစားရမယ့်နှစ်ပါ”ဟု ဦးအောင်နိုင်ဦးက ဆက်လက်ပြောကြားသည်။
“ဒီနှစ်ကတော့ မြန်မာတစ်နိုင်ငံတည်း မဟုတ်ပါဘူး။ Global Economy ပေါ့။ တစ်ကမ္ဘာလုံးမှာ Investment ကျနေတယ်။ တရုတ်မှာလည်း ရင်းနှီးမြှုပ်နှံမှုတွေ ကျဆင်းနေတယ်”ဟု၎င်းက ဆက်လက်ပြောကြားသည်။

Credit To >>> Eleven Media Group

0 comments:

Post a Comment