8.12.16

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ KIA၊ TNLA၊ MNDAA၊ AA လက်နက်ကိုင် အဖွဲ့များ၏ ဆောင်ရွက်ချက်များကို ရှုတ်ချကြောင်းနှင့် အကြမ်းဖက် အဖွဲ့အစည်းအဖြစ် သတ်မှတ်ကြောင်း အဆို ရှမ်းပြည်နယ်လွှတ်တော်မှ ထောက်ခံသူအများစုဖြင့် အတည်ပြု

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ KIA, TNLA, MNDAA, AA လက်နက်ကိုင် တပ်ဖွဲ့များ၏ ဆောင်ရွက်ချက်များကို ရှုတ်ချကြောင်းနှင့် အကြမ်းဖက် အဖွဲ့အစည်းအဖြစ် သတ်မှတ်ကြောင်း အဆိုကို ရှမ်းပြည်နယ်လွှတ်တော်မှ ထောက်ခံသူအများစုဖြင့် အတည်ပြု ခဲ့ကြောင်း သတင်းရရှိသည်။

ဒီဇင်ဘာ ၇ ရက်တွင် ကျင်းပသော ရှမ်းပြည်နယ်လွှတ်တော် ဒုတိယအကြိမ် အရေးပေါ်အစည်းအဝေး တတိယနေ့နံနက်ပိုင်းတွင် အဆိုကို ကန့်ကွက်ကြောင်း လွှတ်တော်ကိုယ်စားလှယ်နှစ်ဦးက တင်သွင်းခဲ့ပြီး ထောက်ခံကြောင်း ခြောက်ဦးက တင်သွင်းဆွေးနွေးခဲ့ကြပြီး မွန်းလွဲပိုင်းတွင် ခေတ္တရပ်နားခဲ့ကြသည်။
မွန်းလွဲပိုင်းတွင် တက်ရောက်လာကြသော လွှတ်တော်ကိုယ်စားလှယ် ၁၁၅ ဦးတို့ မဲခွဲဆုံးဖြတ်ကြရာ ကန့်ကွက်မဲ ၄၅ မဲ၊ ကြားနေမဲ ခုနစ်မဲနှင့် ထောက်ခံမဲ ၆၃ မဲတို့ အသီးသီးရရှိခဲ့ကြပြီး လားရှိုးမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) မှ ဦးအောင်သူ တင်သွင်းခဲ့သော မြောက်ပိုင်းမဟာမိတ် တပ်ပေါင်းစု၏ ဆောင်ရွက်ချက်များကို ရှုတ်ချကြောင်းနှင့် အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ကြောင်း အဆိုကို  ရှမ်းပြည်နယ်လွှတ်တော်မှ အတည်ပြုလိုက်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာခဲ့သည်။
“အကြမ်းဖက် အဖွဲ့အစည်းအဖြစ် သတ်မှတ်လိုက်ရုံဖြင့် တိုင်းပြည်အေးချမ်းလာမည်လည်း မဟုတ်ကြောင်း၊ ကောင်းကျိုးထက် ဆိုးကျိုးပိုမိုများလာမည်လားဟု ထင်မြင်မိပါကြောင်း၊ တိုင်းရင်းသားအရေးဖြစ်သဖြင့် အင်မတန် သိမ်မွေ့နက်နဲသော ကိစ္စဖြစ်သဖြင့် ပြည်နယ်တစ်ခုတည်းမှ မဆုံးဖြတ်သင့်ကြောင်း၊ ဤကဲ့သို့ ရှုတ်ချမည့်အစား အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးရရှိမည့် နည်းလမ်းများကို ၀ိုင်းဝန်းစဉ်းစား အဖြေရှာသင့်ပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များမှာ အလုပ်များစွာရှိပါကြောင်း တင်ပြအပ်ပါတယ်” ဟု ကချင်တိုင်းရင်းသားရေးရာ ၀န်ကြီး ဦးဇုတ်ဒေါင်က အဆိုကို ကန့်ကွက်ခဲ့သည်။
ပါဝါပွိုင့်ဖြင့် ဆွေးနွေးချက်များတွင် မှန်ခြင်းရှိသလို၊ ကွဲလွဲသည်များလည်း ရှိနိုင်ကြောင်း၊ ပြည်ထောင်စုလွှတ်တော်တွင်လည်း ဆွေးနွေးခဲ့ပြီး ဆုံးဖြတ်ခဲ့ပြီးဖြစ်ကြောင်း၊ လူထုကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်များ ဖြစ်သည့်အတွက် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ရှေးရှုပြီး မည်သူမှားသည် မည်သူမှန်သည်ကို မဆုံးဖြတ်ဘဲ အကောင်းကို ပိုမိုကောင်းမွန်အောင် စိတ်ရှည်သည်းခံရန် ၀ိုင်းဝန်းကြိုးပမ်းသင့်ကြောင်း၊ အကြမ်းဖက် အဖွဲ့အစည်းအဖြစ် သတ်မှတ်လိုက်ရုံဖြင့် တိုင်းပြည်အေးချမ်းလာမည်လည်း မဟုတ်ကြောင်း၊ ကောင်းကျိုးထက် ဆိုးကျိုးပိုမိုများလာမည်လားဟု ထင်မြင်မိပါကြောင်း၊ တိုင်းရင်းသားအရေး ဖြစ်သဖြင့် အင်မတန် သိမ်မွေ့နက်နဲသော ကိစ္စဖြစ်သဖြင့် ပြည်နယ်တစ်ခုတည်းမှ မဆုံးဖြတ်သင့်ကြောင်း၊ ဤကဲ့သို့ ရှုတ်ချမည့်အစား အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးရရှိမည့် နည်းလမ်းများကို ၀ိုင်းဝန်းစဉ်းစား အဖြေရှာသင့်ပါကြောင်း ကချင်တိုင်းရင်းသားရေးရာ ၀န်ကြီး ဦးဇုတ်ဒေါင်က အဆိုကို ကန့်ကွက်ခဲ့သည်။
ပြည်ထောင်စု မြန်မာနိုင်ငံတွင် တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးရှိသည့်အနက် ရှမ်းပြည်နယ်တွင် တိုင်းရင်းသားလူမျိုး ၃၅ မျိုးနေထိုင်ပြီး လက်နက်ကိုင်တပ်ဖွဲ့ အများအပြားရှိကြောင်း၊ ယခုအစိုးရသစ် လက်ထက်တွင်လည်း ပြည်တွင်းအပစ်အခတ် ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးရရှိရန် ၂၁ ရာစု ပင်လုံညီလာခံကို ဆောင်ရွက်နေသည်မှာ အားလုံးအသိပင်ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈  တွင် နိုင်ငံတော် ကာကွယ်ရန် တပ်မတော်မှ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ထိပါးလာသော မည်သည့်အဖွဲ့အစည်းကိုမဆို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ရန် မလိုအပ်ဘဲ ဥပဒေမှပေးသွားမည့် အခွင့်အာဏာအတိုင်း လုပ်ကိုင်ဆောင်ရွက်နိုင်ကြောင်း၊ ယခုလို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်လိုက်ပါက ၎င်းတို့၏လုပ်ရပ်များသည် ရပ်တန့်သွားမည် မဟုတ်ဘဲ တစ်ဖက်နှင့်တစ်ဖက် သဘောထားအမြင်ပိုမို ကွဲလွဲလာကာ စစ်ပွဲများ ဆက်လက်ဖြစ်ပွားစေရန် တွန်းအားပေးသလို ဖြစ်လာနိုင်မည်ဟု ထင်မြင်မိကြောင်း၊ တပ်မတော်အတွက် များစွာဂုဏ်ယူမိပါကြောင်း၊ ယခုလို ထိလွယ်ရှလွယ်အချိန်တွင် လက်နက်ကိုင်တပ်ဖွဲ့များအား အကြမ်းဖက် အဖွဲ့အစည်းအဖြစ် သတ်မှတ်လိုက်ပါက နိုင်ငံတော်၏ အဓိကရည်မှန်းချက်ဖြစ်သော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ နှောင့်နှေးကြန့်ကြာသွားမည်ကို စိုးရိမ်မိပါသောကြောင့် အဆိုကို အတည်ပြုမသတ်မှတ်ရန်နှင့် မှတ်တမ်းအဖြစ်သာ ထားရှိပေးပါရန် ရပ်စောက် မဲဆန္ဒနယ်အမှတ် (၁) မှ ဦးခိုင်ညီညီကျော်က တင်သွင်းကန့်ကွက်ခဲ့သည်။
“ဒါကတော့ နိုင်ငံရေးဗျူဟာ တစ်ခုလို့ပဲ ထင်တယ်။ ဒါက ပြည်ထောင်စုမှာလည်း ဒီအဆိုကို မိတ္ထီလာ မဲဆန္ဒနယ်က ဒေါက်တာ မောင်သင်း တင်ထားတာရှိတယ်။ သူက စိုးရိမ်မိကြောင်းပဲ တင်တာပါ။ ဒီလို သတ်မှတ်တာ မဟုတ်ဘူး။ ပြည်ထောင်စုအဆင့်မှာ မအောင်မြင်လို့ ပြည်နယ်မှာတင်တာလို့ပဲ မြင်ပါတယ်။ ဒါက တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနဲ့ အမျိုးသားရင်ကြားစေ့ရေးကို တိုက်ရိုက်ကြီး ထိခိုက်ဖို့ မရှိပါဘူး။ တိုင်းဒေသကြီး ပြည်နယ်အဆင့်က ပြည်ထောင်စုအဆင့်ကို ကျော်လို့မရပါဘူး။ ပြည်ထောင်စုရဲ့ ဆုံးဖြတ်ချက်က အတည်ဖြစ်တဲ့အတွက် ဒီမှာမဲခွဲတာနိုင်တဲ့အတွက် ဒီရဲ့သက်ရောက်မှုက ဆိုးဆိုးရွားရွား ဖြစ်နိုင်လိမ့်မယ်တော့ မမြင်ပါဘူး” ဟု ရပ်စောက် မဲဆန္ဒနယ်အမှတ် (၁) မှ ဦးခိုင်ညီညီကျော်က လွှတ်တော်ပြင်ပတွင် ဖြေဆိုခဲ့သည်။
“မြောက်ပိုင်းမဟာမိတ်ကို ကျွန်မတို့နှစ်သက်တာ မဟုတ်ပါဘူး။ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေ လမ်းတံတားတွေ ဖျက်ဆီးတာကိုတော့ လက်မခံပါဘူး။ ဒါပေမဲ့ အကြမ်းဖက်အဖွဲ့အစည်း သတ်မှတ်လိုက်ခြင်းအားဖြင့် ပြည်တွင်းစစ်ကြီး နှစ်ပေါင်း ၆၀ လောက်ဖြစ်နေတဲ့ ပြည်တွင်းစစ်က ငြိမ်းချမ်းသွားမှာလား။ ဒါက အဓိကပေါ့နော်။ သတ်မှတ်လိုက်ခြင်းဖြင့် မလိုလားအပ်တဲ့ ပြဿနာတွေ ပိုကြီးထွားလာမယ်လို့ ထင်ပါတယ်။ ငြိမ်းချမ်းရေး အလှမ်းဝေးသွားမှာလည်း စိုးပါတယ်။ အိမ်ကြီးတစ်အိမ်မှာ နေထိုင်ကြတဲ့ မိဘပြည်သူ မောင်နှမတစ်တွေပါ။ ဒါဆိုဘာကြောင့် ဒီလိုဖြစ်ရလဲဆိုပြီး မိဘအနေနဲ့ သုံးသပ်ဖို့လိုတယ်။ မိဘဖြစ်သူက သားသမီးတွေကို မုန့်ဖိုးပေးတာ မညီမျှလို့လား။ ကျောသားရင်သား ခွဲခြားလို့လား ဒါကိုဆန်းစစ်ဖို့ လိုပါတယ်။ ဒီလို အကြမ်းဖက်အဖွဲ့ သတ်မှတ်လိုက်ခြင်းဖြင့် ပြည်တွင်းစစ်ကြီး ငြိမ်းချမ်းသွားမှာ မဟုတ်ပါဘူးလို့ ထင်ပါတယ်။ အမျိုးသားစည်းလုံး ညီညွတ်ရေးကိုလည်း စိုးရိမ်ပါတယ်။ တိုင်းရင်းသားအချင်းချင်း ယုံကြည်ဖို့လိုပါတယ်။ ယုံကြည်မှုရှိမှ ငြိမ်းချမ်းရေး တည်ဆောက်လို့ရမှာပါ။ အခုအဲဒီလို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်လိုက်ခြင်းအားဖြင့် ယုံကြည်မှု လျော့နည်းသွားလိမ့်မယ်လို့ ထင်ပါတယ်။ ဒါကတော့ ကျွန်မရဲ့ အမြင်ပေါ့နော်” ဟု သိန္နီမဲဆန္ဒနယ် (၁) မှ ဒေါ်နန်းခင်ထားရီက သူမ၏အမြင်ကို လွှတ်တော်ပြင်ပတွင် ပြောကြားသည်။
ထို့ပြင် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် ဒေသခံပြည်သူများ အသက်အိုးအိမ်စည်းစိမ်၊ စားဝတ်နေရေးတို့ကို များစွာထိခိုက်သောကြောင့် တိုက်ပွဲများ အမြန်ဆုံးရပ်ဆိုင်းရေးကို ပြည်ထောင်စုအစိုးရ၊ ရှမ်းပြည်နယ်အစိုးရမှ ဦးဆောင်၍ ငြိမ်းချမ်းရေး ဆွေးနွေးပေးရန် အရေးကြီးအဆိုတစ်ခုကိုလည်း သိန္နီမြို့နယ် အမှတ် (၂) မဲဆန္ဒနယ်မှ ဦးစိုင်းစိန်လူက တင်သွင်းခဲ့ပြီး အဆိုကို လက်ခံဆွေးနွေးရန် ရှမ်းပြည်နယ်လွှတ်တော်မှ သဘောတူကြသဖြင့် နောက်တစ်နေ့တွင် ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။ 

Credit To >>> Eleven Media Group

0 comments:

Post a Comment