8.12.16

ယဉ်ကျေးမှုအမွေအနှစ် အနုပညာလက်ရာအများဆုံးတည်ရှိသော မန္တလေးမြို့သို့ ခရီးသွားများ လာရောက်လည်ပတ်မှုများပြား



မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်လက်ရာ အများဆုံးတည်ရှိသော မန္တလေးမြို့သို့ ပြည်တွင်း၊ ပြည်ပခရီးသွားများ စိတ်ဝင်တစား လာရောက်လည်ပတ်လေ့လာမှု များပြားလျက်ရှိကြောင်း သိရသည်။
ယခုအချိန်မှာ ခရီးသွားရာသီဖြစ်၍ ပြည်တွင်း၊ ပြည်ပခရီးသွားတွေ လာရောက်လည်ပတ်မှု များပြားကြောင်း၊ မန္တလေးမြို့ရှိ မဟာမုနိဘုရားကြီး၊ ဦးပိန်တံတား၊ မန္တလေးတောင်နှင့် ကုသိုလ်တော်ဘုရားများတွင် ပြည်တွင်း၊ ပြည်ပခရီးသွားများ လာရောက်လည်ပတ်မှု နေ့စဉ်စည်ကားလျက်ရှိကြောင်း၊ ပန်းချီ၊ပန်းပုလုပ်ငန်း၊ ကျောက်ဆစ်လုပ်ငန်း၊ ကြေးသွန်း၊ ကြေးခတ်လုပ်ငန်း၊ ရွှေချည်ထိုးလုပ်ငန်း အစရှိသော လုပ်ငန်းများ ထွန်းကားသော မြို့တော်ဖြစ်သလို ရှေးဘုရင်မင်းဆက် နောက်ဆုံးစိုးစံခဲ့တဲ့ မြို့တော်ဖြစ်၍ ရှေးဟောင်းအဆောက်အအုံများ၊ ရှေးဟောင်းစေတီပုထိုးများ၊ ယဉ်ကျေးမှုအမွေအနှစ်လက်ရာများနှင့် အခြားစိတ်ဝင်စားစရာနေရာများစွာရှိသည့်အတွက် ပြည်တွင်း၊ ပြည်ပခရီးသွားများ လာရောက်လည်ပတ်မှု များပြားလျက်ရှိကြောင်း မန္တလေးမြို့မှ ဒေသခံတစ်ဦးကပြောသည်။
မြန်မာနိုင်ငံလယ်ပိုင်းတွင်တည်ရှိပြီး စီးပွားရေးအချက်အချာကျသော မန္တလေးမြို့တော်သည် ကမ္ဘာ့အဖော်ရွေဆုံး ၃၃ မြို့တွင် အဆင့်ရှစ်ရရှိခဲ့သော
မြို့တော်လည်းဖြစ်သည်။ ရှေးဘုရင်မင်းများ နောက်ဆုံးထီးနန်းစိုးစံခဲ့သော မန္တလေးမြို့တော်၏ လေ့လာလည်ပတ်နိုင်သည့် ထင်ရှားသောနေရာများမှာ သမိုင်းအစဉ်အလာကြီးမားခဲ့သော မန္တလေးနန်းမြို့ရိုးနှင့်ကျုံးတော်၊ သဘာဝအလှတရာများနှင့်ပြည့်စုံသော မန္တလေးတောင်၊ မြန်မာနိုင်ငံ၏ တန်ခိုးကြီးဘုရားတစ်ဆူဖြစ်သော မဟာမုနိဘုရားကြီး၊ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင် ကုသိုလ်တော်ဘုရားကြီး၊ မြန်မာ့အနုပညာလက်ရာများနှင့်ပြည့်စုံသော ရွှေနန်းတော်ကျောင်း(ရွှေကျောင်း)၊ ကမ္ဘာကျော်ဦးပိန်တံတားနှင့် တောင်သမန်အင်း၊ ကမ္ဘာ့ပထမဦးဆုံး ကျောက်စိမ်းစေတီတော်၊ မန္တလေးမြို့အနီးတွင်တည်ရှိ၍ ရှေးဘုရင်မင်းဆက် (၃၁) ဆက် ထီးနန်းစိုးစံခဲ့သော အင်းဝမြို့ဟောင်းရှိ ရှေးဟောင်းစေတီပုထိုးများနှင့် အခြားစိတ်ဝင်စားဖွယ်ကောင်းသောနေရာများကို ပိုင်ဆိုင်ထားပြီး ယဉ်ကျေးမှုအမွေအနှစ်အများဆုံးတည်ရှိသော မန္တလေးမြို့သည် ခရီးသွားများအတွက် အထူးဆွဲဆောင်လျက်ရှိသောကြောင့် ပြည်တွင်း၊ ပြည်ပခရီးသွားများ လာရောက်လည်ပတ်မှု များပြားလျက်ရှိကြောင်း သိရသည်။



Credit To >>> The Mirror Daily

0 comments:

Post a Comment