16.12.16

တပ်မတော်စစ်ကြောင်းများအား KIA /TNLA လက်နက်ကိုင်ပူးပေါင်းအဖွဲ့က လက်နက်ကြီး/လက်နက်ငယ်များ၊ အဝေးထိန်းစနစ်မိုင်းများဖြင့် ပစ်ခတ်တိုက်ခိုက်

No automatic alt text available.
ရှမ်းပြည်နယ်အရှေ့မြောက်ဒေသ နမ္မတူမြို့၏မြောက်ဘက် ၁ဝ မိုင်ခန့် အကွာရှိ ပန်ဝါကျေးရွာအနီး၌ ခေတ္တအခြေပြုနေသည့် တပ်မတော် စစ်ကြောင်းများအား ဒီဇင်ဘာ ၁၄ ရက် နံနက် ၇ နာရီ ၄၅ မိနစ်ခန့်တွင် KIA /TNLA လက်နက်ကိုင် ပူးပေါင်းအဖွဲ့ အင်အား ၈၅ ဦးခန့်က နေရာနှစ်နေရာဖြန့်ခွဲ၍ လာရောက် နှောင့်ယှက် ပစ်ခတ်တိုက်ခိုက်ခဲ့ သဖြင့် တပ်မတော်စစ်ကြောင်းများက ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လက်နက်ကိုင်အဖွဲ့များသည် အရှေ့ ဘက်သို့ ဆုတ်ခွာသွားသည်။


၎င်းတို့ ဆုတ်ခွာရာနောက်သို့ လိုက်လံရှင်းလင်းတိုက်ခိုက်စဉ် မွန်းလွဲ ၁၂ နာရီခွဲခန့်တွင် ပန်ဝါကျေးရွာ အနီးတစ်ဝိုက်ရှိ တောင်ကုန်းများမှ KIA /TNLA လက်နက်ကိုင် ပူးပေါင်းအဖွဲ့အင်အား ၁၆ဝ ခန့်က နေရာသုံးနေရာဖြန့်ခွဲ၍ လက်နက်ကြီး/ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်သဖြင့် တပ်မတော်က လေကြောင်း ပစ်ကူရယူ၍ ပြန်လည်တိုက်ခိုက်ခဲ့ရာ လက်နက်ကိုင်အဖွဲ့များသည် အနောက်ဘက်နှင့် အရှေ့ဘက်သို့ ဖြန့်ခွဲဆုတ်ခွာသွားခဲ့သည်။

အလားတူ သိန္နီမှ လားရှိုးသို့ ပုံမှန်အုပ်ချုပ်မှုကိစ္စများ ဆောင်ရွက်ရန် ထွက်ခွာလာသည့် တပ်မတော် ယာဉ်တန်းသည် ဒီဇင်ဘာ ၁၄ ရက် ညနေ ၆ နာရီ မိနစ် ၂ဝ ခန့်တွင် စံလောင်းရွာ၏တောင်ဘက် မီတာ ၁ဝဝဝ ခန့်အကွာသို့ ရောက်ရှိစဉ် KIA /TNLA လက်နက်ကိုင်အဖွဲ့များက အဝေးထိန်းစနစ်မိုင်း နှစ်လုံး ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ဖြစ်စဉ်နေရာ အနီးတွင်ရှိသော ၁၂ ဘီးယာဉ် တစ်စီးအား မိုင်းစများထိမှန်ခဲ့ပြီး ယာဉ်မောင်းဖြစ်သူ မောင်နိုင်ထွန်းမှာ မိုင်းစထိမှန်ဒဏ်ရာများဖြင့် သေဆုံးခဲ့သည်။ 

ဖြစ်စဉ်များအတွင်း အရာရှိ၊ စစ်သည်တချို့ နိုင်ငံတော်အတွက် အသက်ပေးလှူခဲ့ရပြီး တချို့ ထိခိုက် ဒဏ်ရာများရရှိခဲ့ကာ အဆိုပါနေရာ တစ်ဝိုက်သို့ တပ်မတော်စစ်ကြောင်းများက နယ်မြေရှင်းလင်းခြင်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။


Credit To >>> The Mirror Daily

0 comments:

Post a Comment