27.1.17

သစ်ထုတ်လုပ်မှု ရပ်ဆိုင်းလိုက်သော ပဲခူးရိုးမ အတွင်းမှ ဆင် ၁၇၆ ကောင်အား သစ်ပိုမိုထုတ်လုပ်မည့် စစ်ကိုင်းတိုင်းဒေသကြီးသို့ ပို့ဆောင်မည်

သစ်ထုတ်လုပ်မှု ရပ်ဆိုင်းလိုက်သော ပဲခူးရိုးမ အတွင်းရှိ ဆင် ၁၇၆ ကောင်အား သစ်ပိုမိုထုတ်လုပ်မည့် စစ်ကိုင်းတိုင်း ဒေသကြီးသို့ ပို့ဆောင်မည်ဖြစ်ကြောင်း မြန်မာ့သစ်လုပ်ငန်းမှ သိရသည်။

မြန်မာ့သစ်လုပ်ငန်းမှ ဒုတိယအထွေထွေမန်နေဂျာ ဦးအေးချိုသောင်းက “ဟုမ္မလင်းဘက်ကို အဓိကပို့မှာပေါ့။ လတ်တလော ၁၅ ကောင် လမ်းပေါ်ရောက်နေပြီ” ဟု ပြောကြားသည်။


ပဲခူးရိုးမတွင် သစ်ထုတ်လုပ်ရန် ခိုင်းဆင် စုစုပေါင်း ၃၆၀ နီးပါးရှိကြောင်း၊ စစ်ကိုင်းတိုင်းသို့ ပို့ဆောင်ပြီး ကျန်ရှိသည့် ဆင်များကို Eco Tourism အပါအ၀င် ဆင်အို၊ ဆင်နာများကို စီမံချက်ဖြင့် ထိန်းသိမ်းစောင့်ရှောက်မှုများ ပြုလုပ်မည်ဟု သိရသည်။

အစိုးရသစ် လက်ထက်တွင် သဘာဝဘေးအန္တရာယ်များကို အကာအကွယ်ပေးနိုင်သည့် သစ်တောကြီးများ ပြုန်းတီးမှု လျော့နည်းစေရန် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ကျွန်းနှင့် သစ်မာထုတ်လုပ်ခြင်းကို ရပ်ဆိုင်းခဲ့ပြီး ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင်လည်း လျှော့ချထုတ်လုပ်ရန်နှင့် ပဲခူးရိုးမ၏ သစ်ထုတ်လုပ်မှုကို ၁၀ နှစ်ခန့် ရပ်ဆိုင်းရန် ဆောင်ရွက်နေကြောင်း သိရသည်။

လက်ရှိတွင် မြန်မာနိုင်ငံ၏ သစ်တောများ ပြန်လည်ထူထောင်ရေး စီမံကိန်းကို ရေးဆွဲအကောင်အထည် ဖော်မည်ဖြစ်ကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။ ယင်းစီမံကိန်းကို ၁၀ နှစ် သတ်မှတ်ခဲ့ပြီး ၂၀၁၇-၂၀၁၈ မှ ၂၀၂၁-၂၀၂၂ အထိ ပထမ ငါးနှစ်စီမံကိန်း နှင့် ၂၀၂၂-၂၀၂၃ ခုနှစ်မှ ၂၀၂၆-၂၀၂၇ ခုနှစ်ကို ဒုတိယငါးနှစ် စီမံကိန်းအဖြစ် နှစ်ခုခွဲ လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။

လာမည့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် မြန်မာ့သစ်လုပ်ငန်းက ထုတ်လုပ်မည့် ကျွန်း၊ သစ်မာ ၃၆၅၀၀၀ တန်အတွက် မြန်မာ့သစ်လုပ်ငန်းရှိ လုပ်ငန်းသုံးဆင်များ၏ တန်ချိန် ၂၇၀၀၀၀ ကျော် ထုတ်လုပ်မည်ဟု သိရသည်။

သစ်တောများမှ သစ်ထုတ်လုပ်မှု လျှော့ချခဲ့ခြင်းအတွက် သစ်ဆွဲဆင်လိုအပ်မှု လျော့နည်းလာပြီး တောဆင်ရိုင်းများကို ဖမ်းဆီးခွင့် မပြုတော့ကြောင်း သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ၀န်ကြီးဌာနမှ သိရသည်။



Credit To >>> Eleven Media Group

0 comments:

Post a Comment