27.1.17

လွိုင်ကော်မြို့နယ်တွင် ဘိုးဘွားပိုင်မြေများအား KNDP အဖွဲ့ပိုင်ဟုဆိုကာ လာရောက် ၀ရမ်းကပ်မည် ဆိုသဖြင့် မူလမြေပိုင်ရှင်များ ဆန္ဒထုတ်ဖော်

လွိုင်ကော်မြို့နယ် ထူဒူငံသတိုးချဲ့ ကျေးရွာရှိ ဘိုးဘွားပိုင်မြေများအား အပစ်အခတ် ရပ်စဲရေး ယူထားပြီးဖြစ်သည့် KNDP (နဂါး)အဖွဲ့ပိုင် ဟုဆိုကာ လာရောက် ၀ရမ်းကပ်မည် ဆိုသောကြောင့် မူလမြေပိုင်ရှင်များက ဇန်န၀ါရီ ၂၆ ရက်တွင် ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သတင်းရရှိသည်။

ဘိုးဘွားပိုင် တောင်သူ ၁၇ ဦးက ဆန္ဒထုတ်ဖော်ရာတွင် မြေသိမ်းယာသိမ်း နဂါးအဖွဲ့ အလိုမရှိ။ မိဘလက်ငုတ် နှစ်ပေါင်း ၄၀ ကျော် အစဉ်မပြတ် စိုက်ပျိုးယာမြေ မတရားသိမ်းဆည်းမှု အလိုမရှိ။ မြေကြီးမြေပုံ မှန်ကန်ရေး။ အမှန်တရား ပေါ်ပေါက်ရေး။ အဓမ္မမြေသိမ်းမှု မှန်ကန်ရေးစသည့် ကြွေးကြော်သံများဖြင့် ကြွေးကြော်ခဲ့ကြသည်။


“ကျွန်မတို့လုပ်တာ ဟိုး ၁၉၇၀ ပြည့်နှစ်ကတည်းကပါ။ မြေသိမ်းမှုကတော့ ၂၀၁၀ ပြည့်နှစ်မှာ ကျွန်မတို့ ဒီခြံကို မောင်းထုတ်တယ်။ သူတို့တွေက ကျွန်မတို့ကို လာမလုပ်ခိုင်းဘူး။ အကွက်ရိုက်ပြီး ရောင်းစားလိုက်တယ်။ ကျွန်မတို့လည်း စိုက်ပျိုးရေးလာ မလုပ်ရဲဘူး။ လာမလုပ်ရဲတဲ့အခါ အခုမှ အိမ်လာဆောက်တယ်။ ကျွန်မတို့ပိုင်တဲ့ခြံကို ကျွန်မတို့ အိမ်ပြန်ဆောက်တာပေါ့” ဟု ဆန္ဒထုတ်ဖော်သူ တစ်ဦးဖြစ်သော နော်မူအေးက ပြောကြားသည်။

လွိုင်ကော်မြို့နှင့် ကပ်လျက်ရှိသော ထူဒူငံသတိုးချဲ့ ကျေးရွာရှိ ဧက ၄၀ ခန့်ရှိ ဘိုးဘွားပိုင်မြေများအား လက်နက်ကိုင် နဂါးအဖွဲ့မှ အဖွဲ့ပိုင်ဟုဆိုကာ နှစ်ကြိမ်တိုင် တရားစွဲဆိုခဲ့ပြီး မူလတောင်သူများက တရားရှုံးသောကြောင့် ၀ရမ်းကပ်မည်ဟု ဆိုသဖြင့် ယခုကဲ့သို့ ဆန္ဒထုတ်ဖော်ရခြင်း ဖြစ်ကြောင်းလည်း သိရသည်။

“ကျွန်တော် ၁၉၇၀ မှာ အဖေတို့နဲ့အတူ လက်တွဲပြီး အခုထိ ကျွန်တော် လုပ်စားခဲ့တယ်။ နဂါးက ၁၉၉၉ ခုနှစ်မှာ ၀င်လာပြီးတော့ ၂၀၁၀ မှာ ကျွန်တော်တို့ကို လာပြီးတော့ မောင်းထုတ်တာခံရတယ်။ ခြိမ်းခြောက်လည်း ခြိမ်းခြောက်ခံရတယ်။

သုံးခါလာခြိမ်းခြောက်ခံရတယ်။ ၂၀၁၃ မှာမြေစာရင်းရုံးနဲ့ အဆက်အသွယ် လုပ်ပြီးတော့ သူတို့လျှောက်ထားတယ်။ ကျွန်တော်တို့ ကန့်ကွက်လိုက်တယ်။ နောက်ပိုင်းမှာ မြေစာရင်းရုံးနဲ့ အဆက်အသွယ် လုပ်ပြီးတော့ ကျေးရွာဥက္ကဋ္ဌနဲ့ အဆက်အသွယ် လုပ်နေတဲ့ချိန်မှာ ခဏခဏ မောင်းထုတ်ခံရတယ်။ ကျွန်တော့်ဟာ ကျွန်တော့်မြေပဲဆိုပြီး အထွက်မခံဘူး။ ၂၀၁၅ ခုနှစ်မှာ သူတို့က ကျွန်တော့်ကို တရားရုံးမှာ တရားစွဲတယ်။ နှစ်နှစ်တောင် ကြာသွားတယ်။ ကျွန်တော်တို့ တရားရှုံးခဲ့တယ်” ဟု ဆန္ဒထုတ်ဖော်သူ တစ်ဦးဖြစ်သော စောရဲလေးက ပြောကြားသည်။



Credit To >>> Eleven Media Group

0 comments:

Post a Comment