27.1.17

ယခုရက်ပိုင်းအတွင်း အအေးပိုခဲ့ခြင်းကြောင့် လားရှိုးမြို့အနီးရှိ ရေပူစမ်း အပန်းဖြေစခန်းသို့ လာရောက် လည်ပတ်သူများပြား

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့အနီးရှိ ရေပူစမ်း အပန်းဖြေစခန်းသို့ ရေပူလာ ရောက်ချိုးသူ များပြားခဲ့ကြောင်း သိရသည်။

ယခုတစ်ပတ်အတွင်း လားရှိုးမြို့တွင်း နေ့အပူချိန် ၇ ဒီဂရီစင်တီဂရိတ်ထိ ကျဆင်းခဲ့ပြီး အအေးပိုခဲ့ခြင်းကြောင့် ရေပူစမ်း အပန်းဖြေစခန်းတွင် ရေလာရောက်ချိုးသူ၊ ရေပူလာစိမ်ကြသူ၊ အ၀တ်လျှော်သူများမှာ ယခင်ရက်ပိုင်းများထက် ပိုမိုများလာကြောင်း ရေပူစမ်း အပန်းဖြေစခန်းတွင် ဈေးရောင်းချသူများ၏ ပြောကြားချက်အရ သိရသည်။


“ဒီရက်ပိုင်း အအေးဓာတ်က ပိုလာတယ်။ အိမ်မှာရေချိုးဖို့ဆို မလွယ်ဘူး။ ရေနွေးအိုးတည်ပြီးမှ ရေနွေးနဲ့ချိုးရမယ်။ ဒါကြောင့် အတော်များများက ရေပူစမ်းမှာလာပြီး ရေပူ လာစိမ်ကြတယ်။ ရေပူ လာချိုးကြတယ်။ ရေပူစမ်းမှာ ရေလာချိုးတဲ့သူ အများဆုံးအချိန်က မနက်ပိုင်းနဲ့ ညပိုင်းလောက်တော့ လူပိုများတယ်။ နေ့လယ်ပိုင်းတွေမှာတော့ လာလည်ကြတဲ့ သူတွေရယ်၊ အ၀တ်လာလျှော်ကြတဲ့ သူတွေလောက်ပဲ များတယ်” ဟု လားရှိုးမြို့ ရေပူစမ်း အပန်းဖြေစခန်းမှ ၀န်ထမ်းတစ်ဦးက ပြောကြားသည်။

လားရှိုးမြို့ ရေပူစမ်း အပန်းဖြေစခန်းတွင် ပင်မရေပူချိုးကန်များအဖြစ် အမျိုးသား ရေချိုးကန်၊ အမျိုးသမီး ရေချိုးကန် နှစ်ကန်ရှိပြီး ရေပူ၊ ရေအေး ချိုးကန်များကိုလည်း သီးသန့် ရေချိုးခန်းများဖြင့် ရေချိုးနိုင်ကြောင်း သိရသည်။

“ရေပူစမ်းကို ဒေသခံတွေအပြင် အနယ်နယ် အရပ်ရပ်က ခရီးသွားတွေလည်း လာရောက်ကြတယ်။ ရေပူစမ်းကို လာရောက်လည်ပတ်မှု အများဆုံးကတော့ ဆောင်းတွင်းကာလဖြစ်တဲ့ နိုဝင်ဘာ၊ ဒီဇင်ဘာမှာ အများဆုံးပဲ။ ဖေဖော်ဝါရီ လကုန်ရင်တော့ ဒီမှာဈေးလာရောင်းကြတဲ့သူတွေ အတော်များများ ဆိုင်သိမ်းကြတယ်။ နောက်တစ်နှစ် ဆောင်းတွင်း ကာလရောက်မှ ပြန်လာပြီး ရောင်းကြတာပေါ့” ဟု ရေပူစမ်း အပန်းဖြေစခန်းတွင် ဈေးရောင်းချနေသူ ဒေါ်နန်းအေးလှက ပြောကြားသည်။

ရေပူစမ်း အပန်းဖြေ ရာသီအဖြစ် နှစ်စဉ် နိုဝင်ဘာလမှ နှစ်သစ်ကူးပြီး ဖေဖော်ဝါရီလအထိ လေးလတာ ဆောင်းတွင်း ကာလအတွင်း ဈေးရောင်းချသူ၊ လာရောက် လည်ပတ်သူများဖြင့် စည်ကားလှကြောင်း သိရသည်။

ရေပူစမ်းရှိ ပင်မ ရေပူကန်၏ အပူချိန်သည် ၅၂ ဒီဂရီစင်တီဂရိတ်ထိရှိကာ ရေပူစိမ်ခြင်း၊ ရေပူချိုးခြင်းဖြင့် အကြော၊ အဆစ်၊ အမြစ် ကိုက်ခဲရောင်သူ၊ လေးဘက်နာရောဂါ၊ ခါးနာသူ၊ လေဖြတ်၊ လေဖြန်းသူ၊ ပွေး၊ ၀ဲ၊ ညှင်း၊ ဒက်၊ ယားနာများ ပျောက်ကင်းကြောင်းနှင့် ဆီး၊ ၀မ်း၊ လေတို့ မှန်ကန်မျှတပြီး သလိပ်ကြေကာ ရေမချိုးခင် အအေးဒဏ်ခံပြီး ရေပူချိုးလျှင် နေထိုင်ကောင်းလာကြောင်း သိရသည်။

ရေပူစမ်းတွင် ရေပူချိုးမည်ဆိုပါက သတိပြုရန်မှာ အစာစားပြီးမှ ရေချိုးရန်ဖြစ်ပြီး အစာမစားဘဲ ရေပူချိုးပါက မူးဝေခြင်း၊ အော့အန်ခြင်းများ ဖြစ်တတ်ကြောင်း သိရသည်။

ရေပူလာချိုးသူများသည် ရေပူမချိုးမီ ရေပူကန် အနီးတွင် ရောင်းချသည့် ဒေသထွက် အစားအစာများအပြင် ကောက်ညှင်းပေါင်း၊ ဆတ်သားခြောက်၊ တိုဟူးကြော်၊ ရှမ်းခေါက်ဆွဲများ စားသုံးလေ့ရှိကြပြီးမှ ရေပူချိုးလေ့ ရှိကြသည်။

Credit To >>> Eleven Media Group

0 comments:

Post a Comment