25.1.17

နောက်နှစ်ရက်အတွင်း မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများနှင့် တောင်ပိုင်းဒေသများရှိ ပြည်နယ်နှင့် တိုင်းဒေသကြီး ခုနစ်ခုတွင် ညအပူချိန်များ ပြန်လည်မြင့်တက်လာနိုင်ကြောင်း မိုးဇလ ထုတ်ပြန်

နောက်နှစ်ရက်အတွင်း မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများနှင့် တောင်ပိုင်းဒေသများရှိ ပြည်နယ်နှင့် တိုင်းဒေသကြီး ခုနစ်ခုတွင် ညအပူချိန်များ ပြန်လည်မြင့်တက်လာနိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ဇန်န၀ါရီ ၂၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။

အဆိုပါ ညအပူချိန်များမြင့်တက်နိုင်သည့် ပြည်နယ်နှင့် တိုင်းဒေသကြီးများသည် နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် ညအပူချိန်များ အနည်းငယ် တိုးနေမည်ဖြစ်ကြောင်း သိရသည်။


ထို့ပြင် ဇန်န၀ါရီ ၂၄ ရက်တွင် တနင်္သာရီတိုင်းဒေသကြီးတွင် နေရာကွက်ကျား မိုးအနည်းငယ်ရွာသွန်းခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်း၊ မကွေးတိုင်း‌‌ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင် အများအားဖြင့် သာယာခဲ့ကာ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းခဲ့ကြောင်း သိရသည်။

ညအပူချိန်များအနေဖြင့် ကယားပြည်နယ်တွင် ဇန်န၀ါရီလ၏ ပျမ်းမျှအပူချိန်ထက် ငါးဒီဂရီစင်တီဂရိတ်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ဇန်န၀ါရီလ၏ ပျမ်းမျှအပူချိန်တို့ထက် သုံးဒီဂရီစင်တီဂရိတ်မှ လေးဒီဂရီစင်တီဂရိတ်ထိ ပိုခဲ့ပြီး ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် ဇန်န၀ါရီလ၏ ပျမ်းမျှအပူချိန်ခန့်သာ ရှိခဲ့ကြောင်း၊ ထူးခြားသည့် ညအပူချိန်များမှာ ပူတာအိုမြို့နှင့် ဟားခါးမြို့တို့တွင် သုံးဒီဂရီစင်တီဂရိတ်စီနှင့် မချမ်းဘောမြို့တွင် ခြောက်ဒီဂရီစင်တီဂရိတ်တို့ဖြစ်ပြီး မှတ်သားဖွယ်ရာ မိုးရေချိန်အနေဖြင့် ကော့သောင်းမြို့တွင် ၀ ဒသမ ၀၈ လက်မအထိ ရွာသွန်းခဲ့ကြောင်း သိရသည်။

Credit To >>> Eleven Media Group

0 comments:

Post a Comment