25.1.17

ဝိုင်းဝန်းထိန်းသိမ်းကာကွယ် စောင့်ရှောက်သွားရမည့် ၁၁၁ နှစ်မြောက် ရန်ကုန်တိရစ္ဆာန်ဥယျာဉ်

Image may contain: one or more people and outdoor
သုံးဘီးဆရာရေ ရောက်ပါပြီလေ... ဟိုဘေးကပ်လို့ ရပ်ပါလေပြားခြောက်ဆယ် ပိုက်ဆံအကြွေ ပေးလိုက်စမ်းပါ...သားတို့အမေဆင်ကလေးနာမည် မိုမိုတဲ့ဟေ ခေါ်ကြည့်စမ်းပါ ဟေ... မိုမိုရေရန်ကုန်တိရစ္ဆာန်ဥယျာဉ်နှင့် ပက်သက်၍သော်လည်းကောင်း၊ ဆင်မလေးမိုမိုနှင့်ပက်သက်၍လည်းကောင်း ခေတ်အဆက်ဆက်မှစ၍ ယနေ့တိုင်လူကြိုက်များထင်ရှားဆဲရှိသည့် သီချင်းတစ်ပုဒ်ကား ကိုမင်းနောင်နှင့် မအေးအေးသွယ်အဖွဲ့ သီဆိုထားသည့် မိသားစု တနင်္ဂနွေသီချင်းပင်ဖြစ်ပါသည်။

ယခုထက်တိုင် ထိုသီချင်းသည် တိရစ္ဆာန်ဥယျာဉ်နှင့်ပက်သက်သော
သီချင်းများကြားတွင် ပြိုင်စံရှားဖြစ်လျက်ရှိနေဆဲ ဖြစ်ပြီး တနင်္ဂနွေအားလပ်ရက် တစ်ရက်တွင် မိသားစုတစ်စုလုံး ဆင်မလေးမိုမိုနေထိုင်ရာ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်သို့သုံးဘီးကားကို စီး၍သွားကြပုံနှင့် တိရစ္ဆာန်ဥယျာဉ်အရောက် ငွေအကြွေပြားခြောက်ဆယ် ကျသင့်ပုံတို့ကို အသေအချာ ရေးဖွဲ့ထားသောသီချင်းဖြစ်သည် ။
ထိုမျှပင်မကသေးပါ။ တိရစ္ဆာန်ဥယျာဉ်အတွင်းရှိ ဖျံ၊ မျောက်၊ ဝက်ဝံ၊ မိကျောင်း၊ ဆင်မလေးတို့နှင့် တကွ ကလေးငယ်များ အမေးအဖြေများကိုလည်း သီချင်းသဖွယ် စပ်ဆို သီကုံးထားသဖြင့် ယခုထက်တိုင် ရေပန်းစားဆဲဖြစ်သည်ဟုဆိုပါသည်။
ဆင်ကလေးနာမည်မိုမိုကိုမင်းနောင်က ဆက်၍ဆိုပြန်ပါသည်။
'လာပါလေ သားတို့ရေ ဆင်နားသွားကြည့်ရ အောင်လေ... ဆင်ကလေးနာမည်မိုမိုတဲ့ဟေ... ခေါ်ကြည့်စမ်းပါဟေ... မိုမိုရေ ... ဝူး ဟုပြန်၍ အသံထူးပုံများကို ကြားကြရသည့် အခိုက်အတန့်တွင်ပင် ဆင်မလေး၏ တတ်သိလိမ္မာမှုကို အိမ်မှ
ရေဒီယိုနားထောင်ရင်းပင် သိရှိနေခဲ့ရသည်။ ဆင်မလေးမိုမိုနှင့် ကလေးငယ်များ စကားပြောခန်းမှာ ဤမှာပင်မရပ်သေးပါ ။ ကလေးငယ်များက ဆင်မလေးအား ဘယ်အရပ်ဌာနေကနေလာခဲ့ပါသလဲနှင့် ဒီဥယျာဉ်ထဲမှာ နေရတာပျော်ရဲ့လားဟု မေးပြန်လေသောအခါ ဆင်မလေးမိုမိုသည် လွမ်းဆွတ်စွာ မွေးဌာနီ သီချင်းဖြင့် သူ၏အကြောင်းကို ပြန်လည်သီဆိုပြောပြပါတော့သည်။
ဤနေရာတွင် ဆင်မလေး၏အကြောင်းကို ပြန်ပြောင်း ဖောက်သည်ချရသော် ဆင်မလေး၏မွေးဌာနေသည် ကယားပြည်နယ် လွိုင်ကော်မြို့ ဖြစ်ပါသဖြင့် ကယားသူလေးဖြစ်ပါသည်။ သူမအသက် ခုနစ်နှစ် အရွယ်တွင် တစ်ကောင်တည်း အဖော်ဆင်များ ကင်းမဲ့ စွာ တောအတွင်းလှည့်လည် သွားလာလျက်ရှိနေခဲ့ပါ သည်။ မိခင်နှင့် ညီအကိုမောင်နှမဆွေမျိုးသားချင်းအုပ်စုများနှင့် မည်သို့မည်ပုံ မမျှော်လင့်ဘဲ ကွဲကွာသွားခဲ့သည်ကို သိရှိခဲ့ရခြင်းမရှိခဲ့ပါ။
မွေးဌာနေ လွိုင်ကော်
ဤသည်ကို လွိုင်ကော်မြို့မှ သစ်လုပ်ငန်းလုပ်ကိုင်သူ ဦးခွန်ဆန္ဒမှ တောအတွင်းမမျှော်လင့်ဘဲ ဆင်မလေးကို တစ်ကောင်တည်းတွေ့ရှိခဲ့ရပြီး ထိုသို့ တစ်ကောင်တည်း အုပ်ထိန်းသူမရှိဘဲ ဆက်လက်လှည့်လည် သွားလာနေမည်ဆိုပါက ဘဝခရီးရှင်သန်ရန်အခွင့်အရေး အလွန်နည်းပါးမည်ကို စိုးရိမ်သောကြောင့် ခေါ်ယူထိန်း သိမ်းကျွေးမွေးပြုစုထားကာ သံယောဇဉ်ဖြစ်လာခဲ့ပါသည်။ ထိုဆင်မလေး ကြီးပြင်းလာခဲ့သည်ရှိသော် ယခင်ဆင်များနည်းတူ သစ်ထုတ်လုပ်ခြင်းလုပ်ငန်းများတွင် ပါဝင်ရဖွယ်ရှိပြီး အနာဂတ်ခရီး ပင်ပန်းမည်ကို စိုးရိမ် သောကြောင့် ဦးခွန်ဆန္ဒမိသားစုမှ ထိုဆင်မလေးအား ရန်ကုန်တိရစ္ဆာန်ဥယျာဉ်သို့ ပေးပို့လှူဒါန်းရန် ဆုံးဖြတ်ခဲ့ကြပါသည်။
ထို့အတွက် ဥယျာဉ်သို့ လာရောက်လှူဒါန်းသောအခါ ဥယျာဉ်တာဝန်ရှိသူများမှ ဆင်မလေးကို အမည်မှည့် ပေးခဲ့ပါရန် မေတ္တာရပ်ခံချက်အရ အတူတကွလိုက်ပါ
လာခဲ့သော ဆင်ဦးစီးသည် ၄င်း၏ဇနီးဖြစ်သူအမည်၏ နောက်ဆုံးစကားလုံးနှစ်လုံးကို အစွဲပြုကာ မိုမိုဟူသောအမည်ကို စတင်မှည့်ခေါ်ပေးခဲ့သည်မှစ၍ ပြည်သူ့အချစ်တော်ဆင်မလေး မိုမိုအဖြစ်လူသိများ ထင်ရှားလာပါတော့သည်။ ဤသည်ကားဆင်မလေး၏မိသားစု တနင်္ဂနွေသီချင်းတွင် ပါဝင်တင်ဆက်ခဲ့သော မွေးဌာနီ လွမ်းချင်းပင်ဖြစ်ပါသည်။ ယခုအခါကား ဆင်မလေးမိုမိုသည်အသက် ၆၃ နှစ်ကျော်ဆင်မကြီးဖြစ်၍နေပါပြီ။ ၁၁၁ နှစ်ပြည့်မြောက်ရန်ကုန်တိရစ္ဆာန် ဥယျာဉ်ကြီးတွင် ၅၆ နှစ်တိုင်တိုင် တိရစ္ဆာန်ဥယျာဉ်၏ သက်တမ်း တစ်ဝက်နီးပါးကျော်ကို ကျန်းမာပျော်ရွှင်စွာနေထိုင်နေဆဲ ဖြစ်ပါသည်။
အရှေ့တောင်အာရှတွင်ထင်ရှား
တစ်ဖန်ဤနေရာတွင်နှစ်ပေါင်း ၁၁၁ နှစ်သက်တမ်းရှိလာပြီဖြစ်သည့် ရန်ကုန်တိရစ္ဆာန်ဥယျာဉ် သမိုင်းကြောင်းကို အနည်းငယ်ဖော်ပြခွင့်ပြုစေလိုပါသည်။
၁၉ဝ၆ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့သော ထိုဥယျာဉ်သည် အရှေ့တောင်အာရှတွင် ထင်ရှားကျော်ကြားသော တိရစ္ဆာန်ဥယျာဉ်တစ်ခုဖြစ်လာခဲ့ပါသည်။
တိရစ္ဆာန်များအား သံလှောင်အိမ်များအတွင်းထားရှိပြသသောစနစ် ( Menageries ) ခေတ်အတွင်း ဆောက်လုပ်ခဲ့သော ရှေးဟောင်းဥယျာဉ်တစ်ခုဖြစ်ခဲ့ပြီး ၁၉၈ဝ ပြည့်နှစ်တွင် တိရစ္ဆာန်ဥယျာဉ်ရှိအချို့သော တိရစ္ဆာန်ခြံဝန်းလှောင်အိမ်များအား သဘာဝပုံစံမျိုး ဖန်တီး ပြသသော ခေတ် (Diorama Exhibit) ပုံစံသို့ ပြောင်းလဲခဲ့သော်လည်း တိရစ္ဆာန်ဥယျာဉ်တစ်ခုလုံးအနေဖြင့် ခြုံငုံကြည့်လျှင် (Menageries) ခေတ်ပုံစံဖြင့် တည်ဆောက်ထားကာ ရှေးဟောင်းသမိုင်းဝင် နှစ်လိုဖွယ်ကောင်းသော တိရစ္ဆာန်ဥယျာဉ်ကြီးတစ်ခုပင်ဖြစ်သည်။
သို့ပါသော်လည်း ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ကြီး၏နှစ်ပေါင်း ၁၁ဝ ကျော်သက်တမ်းသည် ပန်းခင်းသော လမ်းကားမဟုတ်ခဲ့ပါချေ။ အနိဋ္ဌာရုံပေါင်းများစွာ ပြည့်
နှက်နေသော ဒုတိယကမ္ဘာစစ်မီးကြီးအား တောရိုင်းတိရစ္ဆာန်များကို ရင်ဝယ်ပိုက်ထွေရင်း ဖြတ်ကျော်ခဲ့ရ သည်။ ၁၉၄၁ ခုနှစ် နှစ်ကုန်ပိုင်းတွင် ဂျပန်ဗုံးကြဲ
လေယာဉ်များမှ ဗုံးကြဲတိုက်ခိုက်ရာမှ ရန်ကုန်မြို့ကားဝရုန်းသုန်းကားနိုင်ခဲ့လေပြီ။ မြို့သူမြို့သားအပေါင်းတို့ သည်လည်း မိမိတို့၏ အိမ်ရာများကိုစွန့်ပစ်၍ ဘေး လွတ်ရာသို့ အလျင်အမြန် ထွက်ပြေးကြလေပြီ။ သို့ပါသောလည်း မိမိအသက်ကို ပဓာနမထားဘဲ နိုင်ငံအတွက်နှင့် နောင်လာနောင်သားများ၏အကျိုးကို ရှေး
ရူ၍ စွန့်ခွာထွက်ပြေးခြင်းမပြုသော ဝန်ထမ်းများ ချီးကျူးဖွယ် ကျန်လျက်ရှိနေခဲ့ပါသည်။ ထိုသူများကားရန်ကုန်တိရစ္ဆာန်ဥယျာဉ်မှ ဝန်ထမ်းများပင်ဖြစ်ပါသည်။
ဂုဏ်ယူဖွယ်မှတ်သားရ
ထိုအချိန်အခါကတည်းကပင် ရန်ကုန်တိရစ္ဆာန် ဥယျာဉ်တွင် အလွန်တရာခန္ဓာကိုယ်ကြီိးမားပြီး သံချပ်ကာဝတ်ထားသည့် သဏ္ဌာန်ရှိသော အိန္ဒိယကြံ့ကြီးများ၊ ကြောက်မက်ဖွယ်အာဖရိကတောခွေးကြီး (ဟိုင်အီနား)များ၊ စိတ်ဝင်စားဖွယ်ဝံပုလွေအမျိုးမျိုး၊ ယခုအခါရရှိပြသရန် ခက်ခဲသွားပြီဖြစ်သည့် ချင်ပန်စီများ၊ အော်ရမ်အူတန်လူဝံများ၊ ကျားသစ်၊ ခြင်္သေ့များ အစရှိသည့် ပြည်တွင်း ပြည်ပ တိရစ္ဆာန်မျိုးစုံ ခင်းကျင်းပြသနိုင်ခဲ့သည်ကို ကြည့်ခြင်းအားဖြင့် အရှေ့တောင်အာရှတွင် ရန်ကုန်တိရစ္ဆာန်ဥယျာဉ်၏ အစဉ်အလာကြီးမားပုံကို ဂုဏ်ယူဖွယ်မှတ်သားရပါသည်။ ဆက်လက်၍ ဗုံးဆန်အမြောက်ဆန်များ ရန်ကုန်မြို့တွင်းသို့ အဆက်မပြတ်ကျရောက်လာခြင်း အခြေအနေများ ဖြစ်ပေါ်လာသောကြောင့် တောရိုင်းတိရစ္ဆာန်များကို ဘေးကင်းရာဖြစ်သော ဟင်္သာတမြို့သို့ ပို့ဆောင်ကြရပါသည် ။
ဟင်္သာတမြို့တွင် ဝါသနာအရ ကိုယ်ပိုင် တိရစ္ဆာန်ဥယျာဉ်ငယ်တစ်ခု ထူထောင်ထားသော ဦးဘသိန်းဆိုသူထံသို့ ခြင်္သေ့များ၊ ကျားများ၊ အာဖရိက တောခွေးကြီးများ၊ ဝံပုလွေများ၊ ဝက်ဝံများကို ပို့ဆောင်လိုက်ပါသည်။ ဆင်နှစ်ကောင်ကိုလည်း လှိုင်မြစ်ကိုဖြတ်၍ ကြည့်မြင်တိုင်တစ်ဖတ်ကမ်းရှိ ကျေးရွာများသို့ ခွဲဝေနေရာချလိုက်ပါသည်။ဤနေရာတွင် ရိုသားစွာတင်ပြလိုသည်က တောရိုင်း တိရစ္ဆာန်များကို အလွန်ပင်လေးလံသော သံလှောင်အိမ်ကြီးများတွင်ထည့်ကာ ကားများပေါ်သို့ လူအားဖြင့် ထမ်းတင်၊ တွန်းတင်ပြီး ကုန်းတစ်တန်ရေတစ်တန်ဖြင့် ဟင်္သာတမြို့သို့အရောက် အသက်ကိုပဓာနမထားဘဲ တောရိုင်းတိရစ္ဆာန်များ နှစ်အဆက်ဆက် ရှင်သန်စေရေးကို တန်ဖိုးထားကြသော ဝန်ထမ်းအပေါင်းအား ဤနေရာမှနေ၍ လှိုက်လဲစွာ ချီးကျူးဂုဏ်ပြုလိုက်ရပါ သည်။
တိရစ္ဆာန်များအား ကာကွယ်
ဤသို့ တစ်စတစ်စဖြင့် ဒုတိယကမ္ဘာစစ်မီးက ပို၍ ပင် အရှိန်ကောင်းလာသဖြင့် ရန်ကုန်တိရစ္ဆာန်ဥယျာဉ် ထိန်းသိမ်းရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့ပင်လျှင်
ရန်ကုန်မြို့မှ ထွက်ခွာသွားခဲ့ကြပြီး ကျန်ရှိနေသေးသော ဝန်ထမ်းများသည် ဟင်္သာတမှ ပြန်ရောက်ရှိလာသောဝန်ထမ်းများနှင့် စုစည်းကာ ညီညီညွတ်ညွတ်ဖြင့် ကျန်တိရစ္ဆာန်များအား ကာကွယ်နေကြလေပြီ။ ထိုအချိန် တွင် တစ်ဆက်တည်းဆိုသလို ဂျပန်စစ်တပ်သည်လည်း ရန်ကုန်တိရစ္ဆာန်ဥယျာဉ်အတွင်းသို့ ရောက်ရှိနေရာယူခဲ့ပြီးနောက် ဂျပန်စစ်တပ်အရာရှိသည် ဟင်္သာတမြို့သို့ ရှောင်တိမ်းပေးပို့ထားသော တောရိုင်းတိရစ္ဆာန်များကို ပြန်ယူခိုင်းပြီး တိရစ္ဆာန်ဥယျာဉ်ကို
ပြည်သူများအတွက် အမြန်ဆုံးပြန်လည်ဖွင့်လှစ်စေခဲ့ ပါသည်။
ဤနေရာတွင် ထိုဂျပန်အရာရှိ၏ ဥာဏ်အမြော်အမြင် ကြီိးမားပုံကို ကျွန်တော်မချီးကျူးဘဲ မနေနိုင်ပါဟု ရိုသားစွာဖြင့် ဆိုချင်ပါသည်။
ထပ်မံ၍ စာချစ်သူများကို တိရစ္ဆာန်ဥယျာဉ်ဆိုသည်မှာ အဘယ်နည်းဟူသည်ကို မိတ်ဆက်ပေးလိုပါသည်။ ကမ္ဘာပေါ်တွင် ယခုထက်တိုင် ဖွင့်လှစ်လျက်ရှိသော ရှေးအကျဆုံးသော တိရစ္ဆာန်ဥယျာဉ်မှာ သြစတြီးယားနိုင်ငံ၊ ဗီယင်နာမြို့တွင်းရှိ Schoubrunn Zoo (ရှောဘရမ် တိရစ္ဆာန်ဥယျာဉ်) ဖြစ်ပါသည်။ ထိုတိရစ္ဆာန်ဥယျာဉ်မှာ ၁၇၅၂ ခုနှစ်တွင် တည်ဆောက်ခဲ့ကာ နှစ်ပေါင်း ၂၅ဝ ကျော်ကြာမြင့်ခဲ့ပြီးဖြစ်သည့် ကမ္ဘာ့သက်တမ်းအရင့်ဆုံး၊ ရှေးအကျဆုံး တိရစ္ဆာန်ဥယျာဉ်ဖြစ်ပါသည်။
အကျယ်အဝန်းမှာ ၄၂ ဧက ခန့်သာ ကျယ်ဝန်းပြီး ယနေ့ထက်တိုင် သမိုင်းဝင်နှစ်လိုဖွယ် အရည်အသွေး များကို ရှေးမူမပျက်ထိန်းသိမ်းထားရှိလျက်ရှိနေပါသည်။
၎င်းတို့၏ ကြိုးစားအားထုတ်မှုကြောင့် ၂ဝဝ၉ ၊၂ဝ၁ဝ ပြည့်နှစ်များအတွက် ဥရောပတစ်လွှားရှိ တိရစ္ဆာန် ဥယျာဉ်များတွင် အကောင်းဆုံးသော တိရစ္ဆာန်ဥယျာဉ် အဖြစ် မဲပေးခြင်း ခံခဲ့ရပါသည်။
ကမ္ဘာ့တိရစ္ဆာန်ဥယျာဉ်များအသင်းကြီး
တဖန်ဆက်လက်ပြီး တိရစ္ဆာန်ဥယျာဉ်များနှင့် ပတ်သက်၍ ၄င်းတို့၏ သဘောထား၊ ခံယူချက် (Concept ) များကိုတင်ပြလိုပါသေးသည်။ ကမ္ဘာပေါ်ရှိ မည်သည့် တိရစ္ဆာန်ဥယျာဉ်မဆို လိုက်နာဆောင်ရွက်လုပ်ကိုင် သွားရမည့် အခြေခံအချက်များကို ကမ္ဘာ့တိရစ္ဆာန်ဥယျာဉ်များအသင်းကြီးမှ တိုက်တွန်းထားခဲ့သည့်
အတိုင်း ကမ္ဘာပေါ်ရှိ တိရစ္ဆာန်ဥယျာဉ်များ လိုက်နာ ဆောင်ရွက်လျက်ရှိနေကြပါသည်။ ၁၉၉၃ ခုနှစ်တွင် (The World Zoo Conservation Strategy) ဆိုသော တိရစ္ဆာန်ဥယျာဉ်များအတွက် လုပ်ဆောင်ရမည့် နည်းဗျူဟာစာတမ်းကို ထုတ်ပြန်၍ တိုက်တွန်းခဲ့ပါသည်။ ကမ္ဘာပေါ်တွင် အများစုသော တိရစ္ဆာန်ဥယျာဉ်များ၏ ဖွင့်လှစ်ပြသရခြင်း၌ တူညီသော ရည်ရွယ်ချက်များမှာ တောရိုင်းတိရစ္ဆာန်များအား ထိန်းသိမ်းကာကွယ် စောင့်ရှောက်ခြင်း (Conservation)၊ သုတေသနပြုခြင်း (Research)၊ လူထုသို့ ပညာပေးလုပ်ငန်းများ လုပ်ဆောင် ခြင်း (Education) နှင့် အပန်းဖြေ အနားယူခြင်း (Recreation) တို့ ဖြစ်ကြပါသည်။
ထို့ပြင် မကြာမီကကျင်းပသွားခဲ့သည့် အရှေ့တောင်အာရှ တိရစ္ဆာန်ဥယျာဉ်များအသင်း( SEAZA) ၏နှစ်ပတ်လည်အစည်းအဝေးကြီးတွင်လည်း ယခု
၂၁ ရာစုတွင် ကမ္ဘာပေါ်ရှိ တိရစ္ဆာန်ဥယျာဉ်များအား လုံးသည် တိရစ္ဆာန်ဥယျာဉ်တစ်ခု၏ အနှစ်သာရ လုပ်ငန်းတစ်ခုဖြစ်သော သဘာဝဝန်းကျင်နှင့် တောရိုင်း
တိရစ္ဆာန် ထိန်းသိမ်းကာကွယ်ရေး လူထုပညာပေး လုပ်ငန်း (SEAZA) ကို စဉ်ဆက်မပြတ်လုပ်ငန်း တစ်ရပ်အနေဖြင့် ဇောင်းပေးလုပ်ဆောင်ရန်တိုက်တွန်း
သွားခဲ့ပြီး ထိုသို့ (Education) လုပ်ငန်းဆောင်တာများကို လုပ်ဆောင်ခြင်းမပြုသည့် တိရစ္ဆာန်ဥယျာဉ်များအားပိတ်သိမ်းပစ်ရန် ဆော်သြလာခြင်းများကိုလည်း ကမ္ဘာ ပေါ်တွင် မြင်တွေ့လာရပါသဖြင့် ကြီးစွာသတိချပ်သင့်သည်ဟု ရိုသားစွာဆိုချင်ပါသည်။
နှစ်ပေါင်း ၁၁၁ နှစ်ထိတိုင်ရှင်သန်နေ
သို့ပါ၍ အချုပ်အားဖြင့်ဆိုရလျှင် နှစ်ပေါင်း ၁၁၁ နှစ်ထိတိုင် ကောင်းစွာရှင်သန်နေဆဲဖြစ်သည့် ရန်ကုန်တိရစ္ဆာန်ဥယျာဉ်အား နိုင်ငံတစ်နိုင်ငံ၏ ဂုဏ်သိက္ခာ
အရသော်လည်းကောင်း၊ ဖွံ့ဖြိုးတိုးတတ်မှုပြယုဂ် တစ်ခု အနေဖြင့်သော်လည်းကောင်း၊ နိုင်ငံ၏ တောရိုင်းတိရစ္ဆာန်များအား မျိုးသုဉ်းပျောက်ကွယ်မသွားစေရေး အတွက် အဓိကထိန်းသိမ်းပေးရာ နေရာတစ်ခုအဖြစ် လည်းကောင်း စသည်ဖြင့် လေးစားတန်ဖိုးထားသွားရမည်ဖြစ်ပြီး ကမ္ဘာတည်သရွေ့ အစဉ်တည်တံ့နိုင်စေရေးအတွက် အားလုံးဝိုင်းဝန်းကြိုးစား ထိန်းသိမ်းသွားရမည် ဖြစ်ပါကြောင်း တိုက်တွန်းရေးသားလိုက်ရပေသည်။
Credit To >>> The Mirror Daily

0 comments:

Post a Comment