26.1.17

မြန်မာအမျိုးသမီးများအား နိုင်ငံခြားသားများက လက်ထပ်စရိတ်အဖြစ် ကျပ်သိန်း ဆယ်ဂဏန်းပေး၍ လက်ထပ်ဟန်ပြုကာ တစ်ဖက်နိုင်ငံတွင် သိန်းရာဂဏန်းဖြင့် ပြန်လည် ရောင်းစားသည့်ဖြစ်စဉ်များ ရှိနေ


မြန်မာအမျိုးသမီးများအား နိုင်ငံခြားသားများက လက်ထပ်စရိတ်အဖြစ် သိန်းဆယ် ဂဏန်းပေး၍ လက်ထပ်ဟန်ပြုကာ တစ်ဖက်နိုင်ငံတွင် သိန်းရာဂဏန်းဖြင့် ပြန်လည်ရောင်းစားသည့် ဖြစ်စဉ်များ ရှိနေကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ဦးစီးအရာရှိ ပထမတန်း ဒုတိယရဲမှူးကြီး သက်နောင်က ပြောကြားသည်။

ဇန်န၀ါရီ ၂၅ ရက်က ချက်ထရီယံဟိုတယ်တွင် ပြုလုပ်သည့် ထိုင်းနိုင်ငံတော်ဝင်ရဲတပ်ဖွဲ့နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးနှင့် ပတ်သက်သည့် ဆွေးနွေးပွဲ၌ မီဒီယာများ၏ မေးမြန်းမှုကို ဖြေကြားခဲ့ခြင်း ဖြစ်သည်။


“တရုတ်နိုင်ငံသားက မြန်မာနိုင်ငံထဲကို တရားဝင် ၀င်လာတယ်။ ရန်ကုန်ကို ၀င်လာပြီးတော့မှ လက်ထပ်ယူသွားတယ်။ တရားဝင်စာချုပ်နဲ့ ရုံးမှာ။ လေယာဉ်နဲ့ ပတ်စ်ပို့နဲ့ လိုက်ပါသွားတာကို ကျွန်တော်တို့ တွေ့ရတယ်။ ကလေးမ တစ်ယောက်နဲ့ဆိုရင် ကျွန်တော်တို့ အွန်လိုင်းမှာ ချိတ်ဆက်မိပြီးတော့ သိလိုက်ရတာဆိုရင် မင်္ဂလာဆောင်စရိတ်အနေနဲ့ ပေးသွားတာက သိန်း ၃၀ ။ ဒါပေမဲ့ သူ့ကို တကယ်တမ်း ပွဲစားကနေ ရောင်းပြီး ယူလိုက်တဲ့ငွေပမာဏသည် သိန်း၂၀၀ ကျော် သိန်း ၃၀၀ နီးပါးလောက်အထိ ပေးတာ။ အင်မတန်ကွာတဲ့ ငွေကြေးကို ပေးတာ။ လူကုန်ကူးမှု ပုံသဏ္ဍာန်အသစ်လို့ ကျွန်တော်တို့ တွေ့ရတာပေါ့”ဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံနှင့် ပတ်သက်သည့် လူကုန်ကူးမှုများတွင် အများဆုံးမှာ တရုတ်နိုင်ငံဖြစ်ပြီး ဒုတိယအများဆုံးမှာ ထိုင်းနိုင်ငံဖြစ်ကြောင်း သိရသည်။

“တရုတ်နိုင်ငံနဲ့ ဆက်စပ်ဖြစ်ပွားခြင်းကိစ္စမှာလည်း ဟိုဘက်က ၀ယ်ယူတာတွေ များတယ်။ ဆွဲဆောင်တာတွေ ရှိတယ်။ သူတို့ဆီမှာ သတို့သမီး လိုအပ်ချက်တွေ ရှိနေတယ်။ ဒီမှာလည်းပဲ မယားမှတ်မှတ် သားမှတ်မှတ် ပေါင်းတာတွေကိုလည်း ကျွန်တော်တို့ ကြားသိရတယ်။ တချို့ကြတော့လည်း လက်ဆင့်ကမ်းပြီး ရောင်းစားခံရတာတွေ ရှိတယ်။ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်မသိတဲ့၊ ကိုယ်နားမလည်တဲ့ ဘာသာစကားတွေပြောနေတဲ့ကြားမှာ ဘယ်လိုရှင်သန် ရပ်တည်ကြမလဲ။ ဒါလေးတော့ စဉ်းစားရမှာပေါ့။ နောက်ပြီးတော့ ချစ်ခင်စုံမက်လို့ လက်ထပ်တယ်လို့ ပြောရအောင်လည်း ဒီနှစ်ယောက်က နှစ်ယောက်ကြားမှာ ဆက်သွယ်ဖို့အတွက် ဘာသာစကားမရှိဘူး။ မြန်မာမလေးက တရုတ်လိုလည်း မတတ်ဘူး။ အင်္ဂလိပ်လိုလည်း မတတ်ဘူး။ တရုတ်က မြန်မာလိုလည်း မတတ်ဘူး၊ အင်္ဂလိပ်လိုလည်း မတတ်ဘူး။ ရောက်လာတဲ့ တရုတ်က နှစ်ရက် သုံးရက်ပဲ ရှိသေးတယ်။ ဒီအမျိုးသမီးနဲ့ ဒီအမျိုးသားနဲ့ ချစ်ခင်စုံမက်လို့ လက်ထပ်တယ်ဆိုတာ ဘယ်လိုပြောမလဲ သိပ်မဖြစ်နိုင်တဲ့ ကိစ္စဘဲ။ ဒါလေးတွေကို နည်းနည်းလေး ကြပ်မတ်စေချင်တာပေါ့နော်။ ဒါလေးတွေကို လုပ်ဖို့ တိုက်တွန်းချင်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

၂၀၁၆ ခုနှစ်အတွင်း မြန်မာနိုင်ငံတစ်နိုင်ငံလုံး၌ လူကုန်ကူးခံရသူ ၃၀၅ ဦးရှိသည့်အနက် တရုတ်နိုင်ငံသို့ အဓမ္မလက်ထပ်ရန် လူကုန်ကူးခံရမှုမှာ အများဆုံးဖြစ်ကြောင်း မြန်မာနိုင်ငံလူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ စုံစမ်းသိရှိရသည်။

Credit To >>> Eleven Media Group

0 comments:

Post a Comment