26.1.17

ဆီးရီးယား အပစ်အခတ် ရပ်စဲရေး ခိုင်မာအောင် လုပ်ဆောင်ရန် ရုရှား၊ အီရန်နှင့် တူရကီ သဘောတူ

ယိုင်နဲ့နေသော ဆီးရီးယား အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ပိုမိုခိုင်မာစေရန်အတွက် လုပ်ဆောင်ရန် ရုရှား၊ အီရန်နှင့် တူရကီတို့က ဇန်န၀ါရီ ၂၄ ရက်တွင် သဘောတူခဲ့ကြသည်။ သို့သော် အက်စ်တာနာတွင် နှစ်ရက်ကြာ ကျင်းပခဲ့သော ဆီးရီးယား ငြိမ်းချမ်းရေး ဆွေးနွေးပွဲသည် အစိုးရနှင့် သူပုန်အဖွဲ့များအကြား မည်သည့် သဘောတူညီမှုမျှ မရဘဲ ပြီးဆုံးခဲ့သည်။

ပြီးခဲ့သော ဒီဇင်ဘာ နှောင်းပိုင်းတွင် ရရှိခဲ့သည့် ဆီးရီးယား နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်အား အပြည့်အ၀ လိုက်နာခြင်း ရှိ၊ မရှိ စောင့်ကြည့်ရန် သုံးပွင့်ဆိုင် ကြိုးပမ်းရန် အက်စ်တာနာ ဆွေးနွေးပွဲတွင် အဓိက ထောက်ပံ့သူများဖြစ်သော ရုရှား၊ အီရန်နှင့် တူရကီတို့က သဘောတူခဲ့ခြင်းဖြစ်သည်။ ဆီးရီးယား ပဋိပက္ခအား အဆုံးသတ်ရန် စစ်ရေးနည်းလမ်း မရှိကြောင်း၊ နိုင်ငံရေး လုပ်ငန်းစဉ်ဖြင့်သာ ဖြေရှင်းနိုင်မည်ဖြစ်ကြောင်း ယင်းသုံးနိုင်ငံက ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့သည်။ အက်စ်တာနာ ဆွေးနွေးပွဲတွင် မျက်နှာချင်းဆိုင် ဆွေးနွေးခဲ့ခြင်းမရှိသော ဆီးရီးယားအစိုးရနှင့် သူပုန်အဖွဲ့များက ယင်းနောက်ဆုံး ကြေညာချက်တွင် လက်မှတ်မထိုးခဲ့ကြပေ။


၂၀၁၁ ခုနှစ်တွင် ဆီးရီးယား ပဋိပက္ခ စတင်ဖြစ်ပွားခဲ့ပြီး နောက်ပိုင်း အစိုးရနှင့် သူပုန်အဖွဲ့များအကြား ပထမဆုံးအကြိမ် မျက်နှာချင်းဆိုင် တွေ့ဆုံ ဆွေးနွေးရန်အတွက် အက်စ်တာနာ ဆွေးနွေးပွဲတွင် မျှော်မှန်းခဲ့သည်။ သို့သော် အာခံသော သူပုန်များက ငြင်းဆန်ခဲ့ခြင်းကြောင့် ညှိနှိုင်းရေးသမားများက နှစ်ဖက်အကြား ခေါက်တုံ့ခေါက်ပြန် သွားလာ၍ ညှိနှိုင်းပေးခဲ့ရသည်။ ယင်းဆွေးနွေးပွဲတွင် ထူးခြားသော တိုးတက်မှုမရရှိခဲ့ခြင်းမှာ ခေါင်းမာသည့် အီရန်နှင့် ဆီးရီးယား အစိုးရတို့တွင် တာဝန်ရှိကြောင်း သူပုန်အဖွဲ့ ညှိနှိုင်းရေးမှူး မိုဟာမက်အောလောက်က ပြောကြားခဲ့သည်။

အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်အား ဆီးရီးယား အစိုးရက လေးစားလိုက်နာစေရန် အက်စ်တာနာ ဆွေးနွေးပွဲတွင် ဖိအားပေးမည်ဟု ထုတ်ပြန်ခဲ့သော သူပုန်အဖွဲ့များက ဆီးရီးယား အစိုးရသည် မြို့တော်ဒမတ်စကတ် အပြင်ဘက်ရှိ အရေးပါသော ဒေသတစ်ခုအား ဗုံးကြဲတိုက်ခိုက်မှုများ ဆက်လက် ပြုလုပ်နေခြင်းကြောင့် ယခုဆွေးနွေးပွဲတွင် တိုက်ရိုက် ဆွေးနွေးမှုပြုလုပ်ရန် ငြင်းဆိုခဲ့သည်။ ယင်းဆွေးနွေးပွဲ ပြုလုပ်နိုင်ရန်အတွက် သတ်မှတ်အချိန် တစ်ခုအတွင်း အပစ်အခတ်များအား ရပ်စဲထားနိုင်သည့်အတွက် အက်စ်တာနာ ဆွေးနွေးပွဲသည် အောင်မြင်သည်ဟု ဆိုနိုင်ကြောင်း အစိုးရ ညှိနှိုင်းရေးမှူး ဘာရှားအယ်ဂျာဖရီက ဆွေးနွေးပွဲအပြီးတွင် ပြောကြားခဲ့သည်။

သို့သော် ဒမတ်စကတ် အနောက်မြောက်ဘက်မှ ၁၅ ကီလိုမီတာ (၁၀ မိုင်) ခန့်အကွာရှိ ၀ါဒီဘာရာဒါ ဒေသအား တိုက်ခိုက်မှုများအား အစိုးရက ဆက်လက် ပြုလုပ်သွားမည်ဖြစ်ကြောင်း ၎င်းက အခိုင်အမာ ပြောကြားခဲ့သည်။ အပစ်အခတ် ရပ်စဲမှု စောင့်ကြည့်ရေးအတွက် အဆိုပြု လုပ်ငန်းစဉ်နှင့် ပတ်သက်၍ အသေးစိတ် အချက်အလက်များ မသိရသေးဘဲ မြေပြင်အခြေအနေအား မည်သို့သက်ရောက်မည်ကိုလည်း ရှင်းရှင်းလင်းလင်း မသိရသေးပေ။ အက်စ်တာနာ ဆွေးနွေးပွဲအပြီးတွင် ရုရှားလေယာဉ်များက ဆီးရီးယားရှိ ဒီယာအက်ဇာဒေသရှိ IS များအား ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း ကာကွယ်ရေး ၀န်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။ ပြည်တွင်းစစ် ပဋိပက္ခကြောင့် နိုင်ငံမှ ထွက်ပြေးခဲ့ရသော ဆီးရီးယား ဒုက္ခသည်များအား ကူညီပေးရန် ယခုနှစ်အတွက် ဒေါ်လာ ၄ ဒသမ ၆၃ ဘီလျံ ကူညီရန် ကုလသမဂ္ဂနှင့် အကူအညီပေးရေး အေဂျင်စီများက တောင်းခံခဲ့သည်။

Credit To >>> Eleven Media Group

0 comments:

Post a Comment