26.1.17

နိုင်ငံခြားသို့ လျှပ်စစ်ဓာတ်အား ရောင်းချရန် ရည်ရွယ်ထားသော စီမံကိန်းများအနက် သင့်လျော်သည့် ရေအားလျှပ်စစ် စီမံကိန်းများကို ပြည်တွင်းသုံးအဖြစ် ပြောင်းလဲဆောင်ရွက်ရန် စွမ်းအင်မူဝါဒတွင် ဖော်ပြ

နိုင်ငံခြားသို့ လျှပ်စစ်ဓာတ်အား ရောင်းချရန် ရည်ရွယ်ထားသော စီမံကိန်းများ အနက်မှ သင့်လျော်သည့် ရေအားလျှပ်စစ် စီမံကိန်းများကို ပြည်တွင်းသုံးအဖြစ် ပြောင်းလဲဆောင်ရွက်ရန် အမျိုးသား စွမ်းအင်မူဝါဒတွင် ဖော်ပြထားချက်အရ သိရသည်။

မြန်မာနိုင်ငံသည် သဘာဝဓာတ်ငွေ့ကို ၁၉၉၈ ခုနှစ်မှ စတင်၍ လည်းကောင်း၊ ရေအားလျှပ်စစ် ဓာတ်အား ၂၀၀၉ ခုနှစ်မှစတင်၍ လည်းကောင်း အိမ်နီးချင်းနိုင်ငံများသို့ တင်ပို့ရောင်းချခဲ့သည့်အတွက် နိုင်ငံခြားငွေ အမြောက်အမြား ရရှိခဲ့ကြောင်း သိရသည်။


ထိုသို့ရောင်းချခဲ့သော်လည်း ပြည်တွင်း သဘာဝဓာတ်ငွေ့ လိုအပ်ချက်၏ ၄၃ ရာခိုင်နှုန်းခန့်ကိုသာ ဖြည့်ဆည်းပေးနိုင်ခဲ့ပြီး လျှပ်စစ်ဓာတ်အား ကဏ္ဍတွင်လည်း နှစ်စဉ်နွှေရာသီ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုမှာ မဂ္ဂါဝပ် ၄၇၀ ခန့်အထိ ရှိခဲ့ကြောင်း သိရသည်။

ထိုသို့ဖြစ်နေသဖြင့် အိမ်နီးချင်းနိုင်ငံများသို့ စွမ်းအင် (သဘာဝဓာတ်ငွေ့နှင့် လျှပ်စစ်ဓာတ်အား) တင်ပို့ရောင်းချရေးအတွက် နည်းလမ်းသုံးခုဖြင့် ဆောင်ရွက်သွားရန် အမျိုးသားစွမ်းအင် မူဝါဒတွင် ဖော်ပြထားသည်။

ယင်းနည်းလမ်းသုံးခုမှာ နိုင်ငံတော်၏ ကာလရှည် စွမ်းအင် လိုအပ်ချက်နှင့် လျှပ်စစ်ဓာတ်အား လိုအပ်ချက်များအား ဦးစားပေး ဖြည့်ဆည်း ဆောင်ရွက်ရန်၊ နိုင်ငံခြား တိုင်းပြည်များသို့ လျှပ်စစ်ဓာတ်အား ရောင်းချရန် ရည်ရွယ်ထားသည့် ရေအားလျှပ်စစ် စီမံကိန်းများအနက်မှ သင့်လျော်သော ရေအားလျှပ်စစ် စီမံကိန်းများကို ပြည်တွင်းသုံးအဖြစ် ပြောင်းလဲဆောင်ရွက်ရန်နှင့် နိုင်ငံတော်အတွက် လျှပ်စစ်ဓာတ်အား ဖွံ့ဖြိုးမှုစီမံချက် ရေးဆွဲ အတည်ပြုပြီးမှသာ နိုင်ငံခြားသို့ ရောင်းချမည့် စီမံကိန်းများအား စတင်အကောင်အထည်ဖော်ရန် တို့ဖြစ်ကြောင်း သိရသည်။

စွမ်းအင်ကဏ္ဍတွင် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်နိုင်ရန် ရေရှည်မက်လုံးများနှင့် ခိုင်မာသည့် မူဘောင်များ ချမှတ်ရန် လိုအပ်ကြောင်း အမျိုးသားစွမ်းအင် မူဝါဒတွင် ဖော်ပြထားချက်အရ သိရသည်။

ထို့ပြင် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံသူများအတွက် သင့်တင့်လျောက်ပတ်သော အခွန်အခ နှုန်းထားများ၊ ငွေကြေး ထောက်ပံ့ရေးစနစ်နှင့် လိုက်လျောညီထွေရှိသော ဥပဒေနှင့် နည်းဥပဒေများ ခိုင်မာစွာရှိရန်လည်း လိုအပ်ကြောင်း သိရသည်။

လက်ရှိတွင် လျှပ်စစ်ဓာတ်အား လိုအပ်ချက်မှာ မြင့်တက်နေပြီး ၂၀၁၆ ခုနှစ်၌ မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အား လိုအပ်ချက် ၃၂၃၆ မဂ္ဂါဝပ်ရှိပြီး အမှန်ထုတ်လုပ်နိုင်အား မဂ္ဂါဝပ် ၂၇၀၀ ရှိကာ လျှပ်စစ်ဓာတ်အား ဖြည့်ဆည်းရန် လိုအပ်ချက် ၅၃၆ မဂ္ဂါဝပ်ရှိနေကြောင်း လျှပ်စစ်နှင့် စွမ်းအင် ၀န်ကြီးဌာန၏ မြန်မာနိုင်ငံ လျှပ်စစ်ထုတ်လုပ်မှုနှင့် သုံးစွဲမှုဆိုင်ရာ အစီရင်ခံစာအရ သိရသည်။

မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အား သုံးစွဲမှုသည် နှစ်စဉ် ၁၅ ရာခိုင်နှုန်း ၀န်းကျင် မြင့်တက်လျက်ရှိပြီး နှစ်အလိုက် လျှပ်စစ်ဓာတ်အား လိုအပ်ချက်များမှာ ၂၀၁၀ ပြည့်နှစ်တွင် ၁၃၇၁ မဂ္ဂါဝပ်၊၂၀၁၁ တွင် ၁၅၈၈ မဂ္ဂါဝပ်၊ ၂၀၁၂ တွင် ၁၈၅၀ မဂ္ဂါဝပ်၊ ၂၀၁၃ ခုနှစ်တွင် ၂၁၂၈ မဂ္ဂါဝပ်၊ ၂၀၁၄ ခုနှစ်တွင် ၂၄၄၇ မဂ္ဂါဝပ်၊ ၂၀၁၅ ခုနှစ်တွင် ၂၈၁၄ မဂ္ဂါဝပ်နှင့် ၂၀၁၆ ခုနှစ်တွင် ၃၂၃၆ မဂ္ဂါဝပ်အထိ လိုအပ်နေခြင်းဖြစ်သည်။

Credit To >>> Eleven Media Group

0 comments:

Post a Comment