26.1.17

အများကြိုက်ဝါဒ ခေတ်စားမူက ခြစားမှုကို ပိုမိုဆိုးရွားစေကြောင်း Transparency International ပြောကြား

အများကြိုက်ဝါဒ ကိုင်စွဲသော နိုင်ငံရေးသမားများ ကမ္ဘာတစ်ဝန်းတွင် မြင့်မားလာခြင်းကြောင့် ခြစားမှု တိုက်ဖျက်ရေးကို ထိပါးမည့် အန္တရာယ်ရှိနေကြောင်း ခြစားမှုတိုက်ဖျက်ရေး စောင့်ကြည့်အဖွဲ့ Transparency International (TI) က ဇန်န၀ါရီ ၂၅ ရက်တွင် ပြောကြားခဲ့သည်။

“အများကြိုက်ဝါဒက ဆေးအမှားကြီးပါ။ အများကြိုက်ဝါဒ ကျင့်သုံးတဲ့ ခေါင်းဆောင်တွေရှိတဲ့ နိုင်ငံ အကြွင်းမဲ့အာဏာရှိတဲ့ ခေါင်းဆောင်တွေရှိတဲ့ နိုင်ငံတွေမှာ ဒီမိုကရေစီ ကျဆင်းတာကို ကျွန်တော်တို့ မြင့်တွေ့နေရပါတယ်။ အရပ်ဘက် လူမှုအဖွဲ့အစည်းကို ဖိနှိပ်ဖို့ ကြိုးပမ်းတာတွေ၊ စာနယ်ဇင်း လွတ်လပ်ခွင့်ကို ကန့်သတ်တာတွေ၊ တရားရေးရဲ့ လွတ်လပ်မှုတွေကို ထိခိုက်စေတာတွေ သိမြင်နေရပါတယ်” ဟု TI ၏ ဥက္ကဋ္ဌ ဟိုဆေးအူဂတ်က ပြောကြားခဲ့သည်။


ပြည်သူ့ရေးရာ ကဏ္ဍတွင် ခြစားမှုကို စောင့်ကြည့် အကဲဖြတ်ပြီး အဆင့်သတ်မှတ်ထားသော Corruption Perceptions Index ကို TI ကထုတ်ပြန်ခဲ့ပြီး မညီမျှမှုနှင့် ခြစားမှုကို ကမ္ဘာတစ်ဝန်းတွင် ဖြေရှင်းရန်အတွက် နက်ရှိုင်းသော ပြုပြင်ပြောင်းလဲမှုများ လိုအပ်ကြောင်း ပြောကြားခဲ့သည်။

၂၀၁၆ ခုနှစ်အတွက် ထုတ်ပြန်ခဲ့သော ယင်းအညွှန်းကိန်းတွင် နိုင်ငံပေါင်း ၁၇၆ နိုင်ငံအား ၀ မှ ၁၀၀ အထိ အမှတ်ပေးခဲ့ပြီး အလွန်သန့်ရှင်းမှုအား အမှတ် ၁၀၀ ဖြင့် သတ်မှတ်ပေးခဲ့သည်။ နယူးဇီလန်နှင့် ဒိန်းမတ်တို့က အမှတ် ၉၀ ဖြင့် အဆင့်တစ်နေရာကို ပူးတွဲရရှိခဲ့ကြပြီး ဖင်လန်၊ ဆွီဒင်၊ ဆွစ်ဇာလန်၊ နော်ဝေတို့က ခြစားမှုနှင့် ပတ်သက်၍ သန့်ရှင်းသော ထိပ်တန်း ငါးနိုင်ငံစာရင်းတွင် ပါဝင်ခဲ့ကြသည်။ အကျပ်အတည်းနှင့် ရင်ဆိုင်နေရသော ဆိုမာလီယာသည် ယခုနှစ်စာရင်းတွင် အောက်ဆုံးအဆင့်သို့ ရောက်ရှိခဲ့ပြီး ဆိုမာလီယာ၏ အထက်တွင် တောင်ဆူဒန်၊ မြောက်ကိုရီးယား၊ ဆီးရီးယားတို့က ရပ်တည်ခဲ့သည်။ အမေရိကန်သည် TI ၏ နောက်ဆုံး အညွှန်းကိန်းတွင် အမှတ် ၁၀၀ အနက် ၇၄ မှတ်ရရှိခဲ့ပြီး အဆင့် ၁၈ သို့နှစ်ဆင့် ကျဆင်းသွားခဲ့သည်။

“ခရိုနီအရင်းရှင်စနစ်ကို တိုက်ဖျက်ကြရမယ့်အစား အများကြိုက်ဝါဒီ ခေါင်းဆောင်များ အကြွင်းမဲ့ အာဏာရှိ ခေါင်းဆောင်များသည် ပိုမိုဆိုးရွားသည့် ခြစားမှုပုံစံများကို ဖြစ်စေခဲ့ကြကြောင်း” TI ဥက္ကဋ္ဌ ဟိုဆေးက ပြောကြားခဲ့သည်။ ဟန်ဂေရီနှင့် တူရကီတို့တွင် အာဏာရှင် ခေါင်းဆောင်များ ကြီးမြင့်ခဲ့ပြီး မကြာသေးခင် နှစ်များအတွင်း၌ ခြစားမှု အညွှန်းကိန်း အဆင့်သတ်မှတ်ချက်တွင် ကျဆင်းသွားခဲ့ကြောင်း TI ကဆိုသည်။

ပြည်သူ့ရေးရာ ကဏ္ဍများတွင် ခြစားမှု ပိုဆိုးလာသောကြောင့် အများကြိုက်ဝါဒီ နိုင်ငံရေးသမားများ သြဇာမြင့်တက်ရန် ရေခံမြေခံများ ဖန်တီးပေးနေသည်ဟု TI ၏ ခြစားမှု အညွှန်းကိန်း အစီရင်ခံစာက ဖော်ပြခဲ့သည်။

ခြစားမှုမှ အကျိုးအမြတ်ရရှိပြီး ပြစ်ဒဏ်မှ လွတ်ကင်းနေမှုများနှင့် ပြည်သူ့ရေးရာ ၀န်ဆောင်မှုများတွင် ခြစားမှုကို မြင့်မားလာမှုကြောင့် စနစ်ပြောင်းလဲမည်ဟု ကတိပေးပြီး ခြစားမှုနှင့် အခွင့်ထူးခံမှုများကို တိုက်ဖျက်မည်ဟု ကြွေးကြော်သော အများကြိုက် နိုင်ငံရေးသမားများ သြဇာမြင့်တက်စေကြောင်း TI ကဆိုသည်။



Credit To >>> Eleven Media Group

0 comments:

Post a Comment