15.2.17

ဂန့်ဂေါမြို့နယ် ပုံတောင်ပုံညာဒေသ၌ တွေ့ရှိရသည့် ကျောက်ဖြစ်ရုပ်ကြွင်းများမှာ မြန်မာမြေပေါ်တွင် လူသားအစ သမိုင်းကြောင်းကို ရှာဖွေထုတ်ဖော်ရန် အရေးပါသော အထောက်အထားဖြစ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ၀န်ကြီး ပြောကြား

မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ် ပုံတောင်ပုံညာဒေသ၌ တွေ့ရှိရသည့် ကျောက်ဖြစ်ရုပ်ကြွင်းများမှာ မြန်မာမြေပေါ်တွင် လူသားအစ သမိုင်းကြောင်းကို ရှာဖွေထုတ်ဖော်ရန် အရေးပါသော အထောက်အထားဖြစ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ပြည်သူ့လွှတ်တော်၌ ပြောကြားသည်။

ဝန်ကြီး ဦးအုန်းဝင်းက နေပြည်တော်တွင် ဖေဖော်ဝါရီ ၁၄ ရက်က ပြုလုပ်သည့် ပြည်သူ့လွှတ်တော် အစည်းအဝေး၌ ဂန့်ဂေါမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ယဉ်မင်းလှိုင် တင်သွင်းထားသည့် “မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ် ပုံတောင်ပုံညာဒေသအား Ecotourism (ဂေဟအကျိုးပြု ခရီးသွားလုပ်ငန်း) ဒေသအဖြစ် သတ်မှတ်ပေးရန် အစိုးရသို့ တိုက်တွန်းသည့် အဆို” နှင့် ပတ်သက်၍ ပြန်လည်ရှင်းလင်း ဆွေးနွေးရာတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။


“အခု အဆိုပြု တင်ပြထားတဲ့ ပုံတောင်ပုံညာဒေသဟာ လက်ရှိ မြန်မာနိုင်ငံရဲ့ သဘာဝ အခြေခံခရီးသွား လုပ်ငန်းမူဝါဒနဲ့ စီမံခန့်ခွဲမှု မဟာဗျူဟာ ၂၀၁၅-၂၀၂၅ မှာတော့ မပါဝင်သေးသော်လည်းပဲ နိုင်ငံခြားသားများ၊ ကမ္ဘာလှည့် ခရီးသည်များ ကြိုက်နှစ်သက်တဲ့ ဒေသတစ်ခု ဖြစ်ခြင်း၊ ခရီးသွားများအား ဆွဲဆောင်နိုင်တဲ့ သဘာဝလုပ်ငန်း အခြေခံ ခရီးသွားလုပ်ငန်းဆိုင်ရာ အခြေခံ အချက်အလက်များ ကိုက်ညီမှု ရှိခြင်း၊ ဒေသခံများရဲ့ အလုပ်အကိုင် အခွင့်အလမ်းများလည်း ဖော်ဆောင်နိုင်စွမ်း အစရှိတဲ့ အခွင့်အလမ်းကောင်း များစွာရှိတဲ့ ဒေသတစ်ခုအဖြစ် သုံးသပ်လေ့လာရပါတယ်။ သို့ရာတွင် ဒေသတစ်ခုကို Ecotourism ခရီးစဉ် တစ်ခုအဖြစ် သတ်မှတ်ရန်အတွက် ခရီးစဉ်ဒေသ၏ အလားအလာ၊ သွားလာဆက်သွယ်ရေး၊ ခရီးသွားလုပ်ငန်းဆိုင်ရာ လုပ်ဆောင်ချက်များ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စီမံခန့်ခွဲမှု၊ ခရီးစဉ်ဒေသ စီမံခန့်ခွဲမှု၊ လုံခြုံဘေးကင်းမှု၊ အသိပညာပေး အစီအစဉ်များ စတဲ့ အာဆီယံ စံနှုန်းသတ်မှတ်ချက်များကိုလည်းပဲ အလေးထားဆောင်ရွက်ဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ အဲဒီအပြင် အဲဒီဒေသမှာ တွေ့ရှိရတဲ့ ကျောက်ဖြစ်ရုပ်ကြွင်းများဟာ မြန်မာမြေပေါ်မှာ လူသားအစ သမိုင်းကြောင်းကို ရှာဖွေထုတ်ဖော်ရန် အရေးပါတဲ့၊ ခိုင်မာတဲ့ အထောက်အထား ဖြစ်ပြီး တန်ဖိုးမဖြတ်နိုင်တဲ့ ရှေ့ဆောင် အမွေအနှစ်များလည်း ဖြစ်တာကြောင့်မို့လို့ အဆိုပါ ယဉ်ကျေးမှု အမွေအနှစ်များနဲ့ အမွေအနှစ် တွေ့ရှိရာ ဒေသကို အထူးကာကွယ် ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်ပါသောကြောင့် ယဉ်ကျေးမှု အမွေအနှစ်များနှင့် အမွေအနှစ်တွေ့ရာ ဒေသကို ထိခိုက်ပျက်စီး ဆုံးရှုံးမှု တစ်စုံတစ်ရာ ရှိနိုင်၊ မရှိနိုင်ကိုလည်း ထည့်သွင်းစဉ်းစားရမှာ ဖြစ်ပါတယ်။ သို့ပါ၍ ပုံတောင်ပုံညာဒေသရှိ ဇီဝမျိုးစုံ၊ မျိုးကွဲများ အခြေအနေ၊ ယဉ်ကျေးမှု ဓလေ့ထုံးစံ၊ သဘာဝနှင့် ပတ်သက်၍ လေ့လာနိုင်တဲ့ အခွင့်အလမ်းများ၊ လမ်းပန်းဆက်သွယ်ရေး အခြေအနေ၊ ခရီးသွား ဧည့်သည်များ တည်းခိုနိုင်ဖို့၊ ပုဂ္ဂလိက ခရီးသွားလုပ်ငန်း ကဏ္ဍမှ ရင်းနှီးမြှုပ်နှံနိုင်မှု စသည်တို့ကို ဘာသာရပ် ကျွမ်းကျင်သူများက လေ့လာ ထုတ်ဖော်ပြီး ၎င်းဒေသကို သဘာဝအခြေခံ ခရီးသွားလုပ်ငန်း တစ်ခုအဖြစ် သတ်မှတ် ဆောင်ရွက်နိုင်ခြင်း ရှိ၊ မရှိ စီစဉ်သုံးသပ်ရန် လိုအပ်မှာ ဖြစ်ပါတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ထည့်သွင်း ရှင်းလင်းခဲ့သည်။

ပုံတောင်ပုံညာဒေသသည် သစ်တောဂေဟစနစ်၊ ဇီဝမျိုးစုံမျိုးကွဲများ ပေါများခြင်း၊ တောထွက်စခန်းချခြင်း၊ ဆင်စီးခြင်း၊ ငှက်ကြည့်ခြင်း၊ သစ်ခွကြည့်ခြင်းစသည့် သဘာဝခရီးသွားများ စိတ်ပါဝင်စားသည့် အခွင့်အလမ်းများရှိသည့် အပြင် လွန်ခဲ့သည့် နှစ်သန်း ၄၀ က ကျောက်ဖြစ်ရုပ်ကြွင်းများကို တွေ့ရှိရသည့်အတွက် ခရီးသွားများကို ဆွဲဆောင်နိုင်သည့် ရှေ့ဟောင်းသုသေတန နယ်မြေနှင့် သဘာဝအခြေခံ ခရီးသွား နယ်မြေတစ်ခုအဖြစ် အလားအလာကောင်းများ ရှိကြောင်း ဦးအုန်းဝင်းက ပြောကြားသည်။



Credit To >>> Eleven Media Group

0 comments:

Post a Comment