6.2.17

ရင်းနှီးမြှုပ်နှံရာတွင် သက်ဆိုင်ရာ ၀န်ကြီးဌာနအတည်ပြုချက် ရယူဆောင်ရွက်ရမည့် လုပ်ငန်းပေါင်း ၁၃၆ ခုရှိပြီး ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၏ အတည်ပြုချက်လိုသည့် လုပ်ငန်းအများဆုံးဖြစ်



မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံရာတွင် သက်ဆိုင်ရာဝန်ကြီးဌာန၏ အတည်ပြုချက်ရယူ ဆောင်ရွက်ရမည့် လုပ်ငန်းပေါင်း ၁၃၆ ခုရှိပြီး ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၏ အတည်ပြုချက်လိုအပ်သည့် လုပ်ငန်းများမှာ အများဆုံးဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေအရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ ယင်းဥပဒေပါ နိုင်ငံတော်ကသာ ဆောင်ရွက်ခွင့်ရှိသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၊ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူက ဆောင်ရွက်ခွင့်မရှိသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများကို ပြည်တွင်းရှိနိုင်ငံသား လူပုဂ္ဂိုလ်တစ်ဦးဦး သို့မဟုတ် နိုင်ငံသားပိုင် လုပ်ငန်းတစ်ခုခုနှင့် ပူးပေါင်း၍ ဖက်စပ်ရင်းနှီးမြှုပ်နှံမှုဖြင့်သာ ဆောင်ရွက်နိုင်သည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၊ သက်ဆိုင်ရာဝန်ကြီး ဌာနများ၏ အတည်ပြုချက်ဖြင့် ဆောင်ရွက်နိုင်သည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများစာရင်းတို့အား ထုတ်ပြန်ကြေညာသွားမည်ဖြစ်ကြောင်း သိရသည်။ ထိုသို့ အတည်ပြုထုတ်ပြန် ခြင်းမပြုမီ မူကြမ်းအား အများပြည်သူလေ့လာ အကြံပြုနိုင်ကြောင်း သိရသည်။


မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ထုတ်ပြန်မည့် ကန့်သတ်သည့်ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများစာရင်း (မူကြမ်း) တွင် သက်ဆိုင်ရာဝန် ကြီးဌာနများ၏အတည်ပြုချက်ဖြင့် ဆောင်ရွက်နိုင်သည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများတွင် ပြန်ကြားရေးဝန်ကြီးဌာန၏ အတည်ပြုချက် ရယူဆောင်ရွက်ရမည့် လုပ်ငန်း ခုနစ်ခု၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ အတည်ပြုချက် ရယူဆောင်ရွက်ရမည့် လုပ်ငန်း ၂၃ ခု၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ၀န်ကြီးဌာန၏ အတည်ပြုချက် ရယူဆောင်ရွက်ရမည့်လုပ်ငန်း ၅၆ ခု၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ၀န်ကြီးဌာန၏ အတည်ပြုချက် ရယူဆောင်ရွက်ရမည့် လုပ်ငန်း ၁၄ ခု၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ အတည်ပြုချက်ရယူ ဆောင်ရွက်ရမည့်လုပ်ငန်း ၁၀ ခု၊ စက်မှုဝန် ကြီးဌာန၏ အတည်ပြုချက်ရယူဆောင်ရွက်ရ မည့်လုပ်ငန်းလေးခု၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ အတည်ပြုချက် ရယူဆောင်ရွက်ရမည့် လုပ်ငန်း ၁၃ ခု၊ ဆောက်လုပ်ရေး ၀န်ကြီးဌာန၏ အတည်ပြုချက်ရယူ ဆောင်ရွက်ရမည့်လုပ်ငန်း ကိုးခုတို့ပါဝင်ကြောင်း သိရသည်။

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဌာန၏အတည်ပြုချက် ရယူဆောင်ရွက်ရမည့် လုပ်ငန်းများတွင် ရေနက်ဆိပ်ကမ်းများနှင့် အပြည်ပြည်ဆိုင်ရာ ဘက်စုံသုံးဆိပ်ကမ်းများ၊ နိုင်ငံတကာ လေကြောင်းပို့ဆောင်ရေး လုပ်ငန်း၊ လေဆိပ်လုံခြုံရေးဆိုင်ရာ ၀န်ဆောင်မှုလုပ်ငန်း၊ လေဆိပ်တည်ဆောက်ခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်း၊ စီမံခန့်ခွဲခြင်း ၊ လုပ်ကိုင်ခြင်းလုပ်ငန်း၊ ပြည်တွင်းလေကြောင်း ပို့ဆောင်ရေးလုပ်ငန်း၊ ဆက်သွယ်ရေး ၀န်ဆောင်မှုလုပ်ငန်းများ၊ ရထားပြေးဆွဲခြင်းလုပ်ငန်းတို့ ပါဝင်ကြောင်း သိရသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ထုတ်ပြန်မည့် ကန့်သတ်သည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ သတ်မှတ်ခြင်း အမိန့်ကြော်ငြာစာမှာ လက်ရှိတွင် မူကြမ်းအဆင့်သာရှိပြီး ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြပြီးမှသာ အတည်ပြုထုတ်ပြန်သွားမည်ဖြစ်ကြောင်း သိရသည်။



Credit To >>> Eleven Media Group

0 comments:

Post a Comment