6.2.17

YBS ဘတ်စ်ကားစနစ်တွင် ပါဝင်ပြေးဆွဲနေသည့် Power အများပိုင် ကုမ္ပဏီက ပူးပေါင်းပါဝင်လိုသည့် လုပ်ငန်းရှင်များအား လာမည့် လကုန်ပိုင်းတွင် ဖိတ်ခေါ်သွားမည်ဟု သိရ

အများပြည်သူ သယ်ယူပို့ဆောင်ရေး YBS စနစ်တွင် ပါဝင်ပြေးဆွဲနေသည့် Power Eleven အများပိုင်ကုမ္ပဏီက ပူးပေါင်းပါဝင်လိုသည့် လုပ်ငန်းရှင်များကို လာမည့် ဖေဖော်ဝါရီလကုန်ပိုင်းတွင် ဖိတ်ခေါ်သွားမည် ဖြစ်ကြောင်း အဆိုပါကုမ္ပဏီ၏ အုပ်ချုပ်မှု ဒါရိုက်တာ ကိုတရုတ်လေးက ပြောကြားသည်။

“ကျွန်တော်တို့ ယာဉ်လိုင်းလုပ်ငန်းမှာ ပူးပေါင်းပါဝင်မယ်လို့ ကမ်းလှမ်းထားတဲ့ လုပ်ငန်းရှင်တွေ အများအပြားရှိပါတယ်။ ဖေဖော်ဝါရီလကုန်နဲ့ မတ်လပိုင်းမှာ သူတို့ကို ကျွန်တော်တို့ ဖိတ်ခေါ်မှာပါ။ ဖိတ်ခေါ်မှု အစီအစဉ်တွေကိုလည်း အွန်လိုင်းပေါ်တင်မှာပါ” ဟု Power Eleven အများပိုင် ကုမ္ပဏီလီမိတက်၏ အုပ်ချုပ်မှုဒါရိုက်တာ ကိုတရုတ်လေးက ပြောကြားသည်။


ရန်ကုန်မြို့၏ ဘတ်စ်ကားသယ်ယူ ပို့ဆောင်ရေး အစုအဖွဲ့ပိုင်စနစ်တွင် ပါဝင်ပြေးဆွဲနေသည့် ကုမ္ပဏီများတွင် ဗန္ဓုလ သယ်ယူပို့ဆောင်ရေးကုမ္ပဏီ၊ ထက်မြက်သူနှင့် တောင်ပိုင်းခရိုင် ယာဉ်လိုင်းတို့ပူးပေါင်းသည့် ကုမ္ပဏီ၊ လက်ရှိ YBS လိုင်းများပြေးဆွဲနေသော ရန်ကုန်ဘတ်စ်ကား အများနှင့်သက်ဆိုင်သော ကုမ္ပဏီ၊ မြောက်ပိုင်းသားယာဉ်လိုင်းနှင့် ရွှေမြို့တော်ယာဉ်လိုင်းတို့ ပူးပေါင်းသည့် ကုမ္ပဏီ၊ Omini Focous Services Co.Ltd နှင့် Tran Link Co.Ltd တို့ ပူးပေါင်းသည့် ကုမ္ပဏီ၊ ရန်ကုန်မြို့ပြ အများပြည်သူ သယ်ယူပို့ဆောင်ရေး (YUPT) ကုမ္ပဏီ ၊ Power Eleven အများပိုင်ကုမ္ပဏီ၊ အမြဲစိမ်းယာဉ်လိုင်းနှင့် ရွှေပြည်သာယာယာဉ်လိုင်းတို့ ပူးပေါင်းသည့်ကုမ္ပဏီ၊ SRT ယာဉ်လိုင်း၊ စံဝေလ ယာဉ်လိုင်းနှင့် ရွှေအင်းဝယာဉ်လိုင်းတို့ ပူးပေါင်းသည့်ကုမ္ပဏီ၊ ခေတ်သစ်ဘုရင့်နောင်နှင့် မြောက်ပိုင်းခရိုင်ယာဉ်လိုင်းတို့မှ ပူးပေါင်းသည့် ကုမ္ပဏီ စသည်တို့ပါဝင်ကြောင်း သိရသည်။

“လက်တလောမှာ အစိုးရရဲ့မူအရ ဒီ YBS ကားတွေအကုန်လုံးက ပြီးခဲ့တဲ့ ဇန်န၀ါ ရီ ၂၀ ရက်ကတည်းက မှတ်ပုံတင်ထားရတယ်။ အဲဒီနောက်ပိုင်းမှာ ယာဉ်တွေတိုးမယ်၊ ယာဉ်သစ်ဝယ်မယ်ဆိုရင် YRTA ကို တင်ပြရမယ်။ YRTA ခွင့်ပြုချက်ရမှသာလျှင် ဟိုဘက်လိုင်း ဒီဘက်လိုင်း ပြောင်းရွှေ့တာတို့၊ ယာဉ်သစ်တိုးတာတို့က YRTA ခွင့်ပြုမှ ရမှာပါ။ ယာဉ်သစ်တွေ ၀ယ်ထားရင် တစ်ခါတည်း တင်ခဲ့ဖို့ အစည်းအဝေးမှာ ပြောပါတယ်။ ကျွန်တော်တို့ ကုမ္ပဏီအနေနဲ့ဆိုရင် ထပ်တိုးမှာပါ။ နောင်အနာဂတ်အတွက် ကြိုပြီးတော့ ပြင်ဆင်တဲ့သဘောလည်း ပါပါတယ်။ ၀န်ကြီးချုပ်လမ်းညွှန်မှုမှာ ကျွန်တော်တို့ကို သုံးလအချိန်ပေးတယ်လို့ မှတ်ယူထားပါတယ်။ ဒီအတွက်ကြောင့် အကောင်းဆုံး ဖြစ်အောင်လည်း ပြင်ဆင်မှာပါ။ မြို့တော်အင်္ဂါရပ်နဲ့ညီတဲ့ ယာဉ်တွေကို ထပ်တိုးချဲ့ဖို့ အစီအစဉ်ရှိပါတယ်” ဟု အုပ်ချုပ်မှုဒါရိုက်တာ ကိုတရုတ်လေးက ဆက်လက်ပြောကြားသည်။



Credit To >>> Eleven Media Group

0 comments:

Post a Comment