6.2.17

အထူးကုန်စည်ခွန်ကြောင့် ကားဈေးမြင့်တက်လာနိုင်တဲ့ အခြေအနေနဲ့ ငွေလဲနှုန်း မတည်ငြိမ်မှု၊ ကုန်ကျစရိတ်နဲ့ ငွေကြေးဖောင်းပွမှုနှုန်းတွေကြောင့် ထုတ်ကုန်ရောင်းဈေးနှုန်းတွေ ဈေးတက်မယ့် အခြေအနေ

လာမယ့် သုံးနှစ်အတွင်းမှာ မြန်မာနိုင်ငံရဲ့ စီးပွားရေး တိုးတက်မှုနှုန်းဟာ တစ်နှစ်ပျမ်းမျှ ၇ ဒသမ ၁ ရာခိုင်နှုန်းအထိ တိုးတက်မယ်ဆိုတာနဲ့ ငွေကြေးဖောင်းပွမှုကြောင့်ဖြစ်တဲ့ ဖိအားတွေ လျော့နည်းသွားဖွယ် ရှိတယ်လို့ ကမ္ဘာ့ဘဏ်က ခန့်မှန်းခဲ့တဲ့ ဒီရက်သတ္တပတ်မှာ တစ်နှစ်ထက်တစ်နှစ် လိုငွေမြင့်တက်လာတဲ့ ဘတ်ဂျက်တောင်းခံမှုအဖြစ် ၂၀၁၇-၂၀၁၈ ခုနှစ် ဘဏ္ဍာနှစ်အတွက် ရသုံးငွေစာရင်းတွေလည်း လွှတ်တော်မှာ ရှင်းလင်းခဲ့ပါတယ်။ ဘယ်လိုပမာဏအထိ ဖြစ်လာမယ် မသိသေးတဲ့ ဒီရက်သတ္တပတ်မှာ တင်ပြလိုတဲ့ စီးပွားရေးသုံးသပ်ချက်အဖြစ် ၂၀၁၇ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေကြမ်းမှာ ပါဝင်တဲ့ ရာခိုင်နှုန်း ၂၀ ကနေ ရာခိုင်နှုန်း ၅၀ အထိ ကောက်ခံမယ်လို့ ဥပဒေကြမ်းမှာ ထည့်သွင်းခဲ့တာကြောင့် အထူးကုန်စည်ခွန်နှုန်း အတည်ဖြစ်လာမယ်ဆိုရင် ကားဈေးနှုန်းတွေ မြင့်တက်လာနိုင်တယ်ဆိုတဲ့ အခြေအနေနဲ့ ၂၀၁၇ ခုနှစ် နှစ်ဆန်းပိုင်းမှာ မြန်မာနိုင်ငံရဲ့ ကုန်ထုတ်လုပ်မှုကဏ္ဍ ဦးမော့လာပေမယ့် နိုင်ငံခြားငွေလဲနှုန်း မတည်ငြိမ်တာ၊ ကုန်ကျစရိတ် များပြားတာနဲ့ ငွေကြေးဖောင်းပွမှုနှုန်း မြင့်မားလာတာတွေကြောင့် ထုတ်ကုန်ရောင်း ဈေးနှုန်းတွေ သိသိသာသာ မြင့်တက်လာမယ့် အလားအလာ ရှိနေတယ်ဆိုတဲ့ အကြောင်းအရာတွေကို ဒီတစ်ပတ်ရဲ့ စီးပွားရေး သုံးသပ်ချက်မှာ ဖော်ပြလိုပါတယ်။

ပြည်ပက တင်သွင်းလာတဲ့ မော်တော်ယာဉ်တွေရဲ့ စည်းကြပ်တန်ဖိုး (AV Value၊ CIF) ထွက်ရှိလာမှုနဲ့ အခွန်


၂၀၁၇ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေကြမ်းမှာ ပါဝင်တဲ့ ရာခိုင်နှုန်း ၂၀ ကနေ ရာခိုင်နှုန်း ၅၀ အထိ ကောက်ခံမယ်လို့ ဥပဒေကြမ်းမှာ ထည့်သွင်းခဲ့တာကြောင့် အထူးကုန်စည်ခွန်နှုန်း အတည်ဖြစ်လာမယ်ဆိုရင် ကားဈေးနှုန်းတွေ မြင့်တက်လာနိုင်တယ်လို့ မော်တော်ယာဉ် တင်သွင်းရောင်းချနေတဲ့ လုပ်ငန်းရှင်တွေက ခန့်မှန်းခဲ့တာ ဖြစ်ပါတယ်။

၂၀၁၇ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှာ ပြည်ပက တင်သွင်းလာတဲ့ မော်တော်ယာဉ်တွေနဲ့ ပတ်သက်တဲ့ စည်းကြပ်တန်ဖိုး (AV Value၊ CIF) ထွက်လာပြီး ကားအမျိုးအစား အများစုမှာ တန်ဖိုးမြင့်မားပေမယ့်လည်း ၁၃၅၀ စီစီနဲ့ အောက်ယာဉ်တွေနဲ့ လျှပ်စစ်ကားတွေစတဲ့ ဘယ်လိုမော်တော်ယာဉ် အုပ်စုမဆို Model Year ၂၀၁၁ ကနေ ၂၀၁၅ အထိ တန်ဖိုး အမေရိကန်ဒေါ်လာ ၅၀၀၀ သတ်မှတ် စည်းကြပ်မှာဖြစ်ပြီး ၂၀၁၆၊ ၂၀၁၇ Model Year တင်သွင်းလာမယ်ဆို တင်သွင်း မော်တော်ယာဉ် အတွက် အကောက်ခွန်ဦးစီးဌာနက သတ်မှတ်တဲ့ တန်ဖိုးသတ်မှတ်ရေး လုပ်ထုံးလုပ်နည်းတွေနဲ့အညီ စည်းကြပ် ကောက်ခံသွားမှာ ဖြစ်ပါတယ်။

“အခု တရားဝင် ထွက်ရှိလာတဲ့ 2017 AV Value (CIF) အရ ၂၀၁၇ ခုနှစ်အတွင်း ကောက်ခံမယ့် AV Value အများစုက တန်ဖိုးမြင့်နေတာ တွေ့ရတယ်။ ပြီးတော့ ၂၀၁၇ ခုနှစ် ပြည်ထောင်စု အခွန်အကောက်ဆိုင်ရာ ဥပဒေအတည်ဖြစ်ရင် ၂၀၁၇ ခုနှစ် ဧပြီ ၁ ရက်ကစပြီး ရန်ကုန်ဆိပ်ကမ်းကို ရောက်ရှိလာမယ့် ၁၃၅၀ စီစီအောက်ကားတွေဟာ ဆိပ်ကမ်းမှာ အထူးကုန်စည်ခွန်ပါ ထပ်မံပေးဆောင်ရမှာ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့်ပြောရရင် ဧပြီ ၁ ရက်ကစပြီး ဆိပ်ကမ်းမှာ အိုင်ဒီဖွင့်တဲ့ ၁၃၅၀ စီစီနဲ့အောက်ကားတွေဟာ အထူးကုန်စည်ခွန်အတွက် တစ်စီးကို ၂၂ သိန်းဝန်းကျင် ပိုမိုကုန်ကျမှာ ဖြစ်ပါတယ်” လို့ KL Seven ကားအရောင်း စင်တာမန်နေးဂျင်းဒါရိုက်တာ ဦးကြည်သာဟန်က ပြောပါတယ်။

ကားဝယ်ယူ တင်သွင်းမှုအတွက် အထူးကုန်စည်ခွန် ကောက်ခံမှုနှုန်းဟာ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွင်း ၁၈၀၁ စီစီအထက်တွေကိုသာ ၂၅ ရာခိုင်နှုန်း ကောက်ခံတာဖြစ်ပြီး အင်ဂျင်ပါဝါ ၁၈၀၀ စီစီနဲ့ အောက်ကားတွေကို အထူးကုန်စည်ခွန် ကင်းလွတ်ခွင့် ပေးခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်အတွက် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေကြမ်းမှာတော့ ကားဝယ်ယူ တင်သွင်းမှုဆိုင်ရာ အထူးကုန်စည်ခွန်နှုန်းကို ၂၀၀၀ စီစီအထိကို ရာခိုင်နှုန်း ၂၀၊ ၂၀၀၁ စီစီက ၃၀၀၀ စီစီအထိကို ၂၅ ရာခိုင်နှုန်း၊ ၃၀၀၁ စီစီက ၄၀၀၀ စီစီအထိကို ရာခိုင်နှုန်း ၃၀၊ ၄၀၀၀ စီစီအထက်ကို ၅၀ ရာခိုင်နှုန်း ကောက်ခံမှာဖြစ်လို့ အတည်ပြုပြဋ္ဌာန်းခဲ့မယ်ဆို အရင်နှစ်နဲ့ နှိုင်းယှဉ်ရင် အခွန်ကောက်ခံနှုန်း များလာပြီး ကားဈေးနှုန်းတွေ မြင့်တက်လာနိုင်တာ ဖြစ်ပါတယ်။

“ဒီအထူးကုန်စည်ခွန်နှုန်း အတည်ဖြစ်ခဲ့လို့ လက်ရှိနဲ့ ဧပြီ ၁ ရက်ကစပြီး ဘယ်လိုကွာသွားမလဲဆိုရင် ၁၈၀၀ စီစီနဲ့ အောက်ကားတွေ ရာခိုင်နှုန်း ၂၀ အခွန်ပိုဆောင်ရမယ်။ ၁၈၀၀ စီစီကနေ ၂၀၀၀ စီစီကားတွေက ငါးရာခိုင်နှုန်း သက်သာသွားမယ်၊ ဒီတစ်ခုပဲ သက်သာမှာပါ။ ၂၀၀၁ စီစီကနေ ၃၀၀၀ စီစီ အထိကတော့ လက်ရှိပေးနေတဲ့နှုန်းပါပဲ။ ၃၀၀၁ စီစီကနေ ၄၀၀၀ စီစီအထိဆိုရင် ငါးရာခိုင်နှုန်း ပိုဆောင်ရမယ်။ ၄၀၀၀ စီစီအထက်အထိ ဆိုရင်တော့ ၂၅ ရာခိုင်နှုန်းတောင် ပိုများလာပါမယ်။ ငါးရာခိုင်နှုန်းလောက် တိုးတာ၊ လျော့တာဆိုရင် ကိစ္စမရှိပေမယ့် ရာခိုင်နှုန်း ၂၀ နဲ့ ၂၅ ရာခိုင်နှုန်း ပိုများသွားမယ့် ၁၈၀၀ စီစီအောက်အုပ်စုနဲ့ ၄၀၀၀ စီစီ အထက်အုပ်စုကတော့ သိသိသာသာကြီးကို လက်ရှိထက် အခွန်ပိုများသွားမှာပါ” လို့ Distinct Trading Co.,Ltd မန်နေးဂျင်းဒါရိုက်တာ ဦးထွဋ်ထိပ်က ရှင်းပြပါတယ်။

ဒါ့အပြင် အခွန်အကောက် ဥပဒေကြမ်းမှာ ကားတင်သွင်းမှုဆိုင်ရာ အထူးကုန်စည်ခွန်နှုန်းထား အတည်ပြု ပြဋ္ဌာန်းဖြစ်မယ်ဆိုရင် အင်ဂျင်ပါဝါ အနည်းအများအလိုက် ကားတစ်စီးကို အနည်းဆုံး ကျပ်သိန်း ၂၀ ကျော်ကနေ ကျပ်သိန်းပေါင်းများစွာ ပိုမိုပေးဆောင်ရတော့မှာ ဖြစ်ပါတယ်။

ဂျပန်တစ်ပတ်ရစ်တွေက တရားမ၀င် ၀င်နေဆဲ

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွက် ဥပဒေကြမ်းအဖြစ် တင်ပြတဲ့ ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေကြမ်း အတည်ပြု ပြဋ္ဌာန်းဖြစ်မယ်ဆို ကားတင်သွင်းမှုဆိုင်ရာ အထူးကုန်စည်ခွန်တွေ မြင့်တက်လာမှာ ဖြစ်သလို အခြားကားတင်သွင်းမှုဆိုင်ရာ အခွန်တွေဖြစ်တဲ့ အကောက်ခွန်၊ ကုန်သွယ်ခွန်၊ ၀င်ငွေခွန်၊ ကညန ခွန်နှုန်းထားတွေလည်း လာမယ့်ဘဏ္ဍာနှစ်အတွက် ပြောင်းလဲဖွယ်ရှိပြီး စလစ်နဲ့ တင်သွင်းတဲ့ကားတွေကိုပါ ၀င်ငွေခွန် ကောက်ခံမယ်ဆိုတဲ့ အသံတွေလည်း ထွက်ပေါ်နေပါတယ်။ ဒီလိုထွက်ပေါ်လာမှုတွေမှာ စလစ်နဲ့ တင်သွင်းလာတဲ့ကားတွေမှာ တန်ဖိုးနည်းရင် မသိသာပေမယ့် CIF တန်ဖိုးမြင့်တဲ့ ကားတွေဆိုရင်တော့ သိန်းရာပေါင်းများစွာ ၀င်ငွေခွန် ပေးဆောင်ရမယ့် အခြေအနေ ဖြစ်ပါတယ်။

ဒီလို ပြည်တွင်းကားဈေးတွေ မြင့်တက်လာနေတဲ့ အခြေအနေမှာ သောင်ရင်းမြစ် တစ်ဖက်ကမ်း ဂျပန်တစ်ပတ်ရစ် Without တွေက အရောင်းအ၀ယ် ပိုဖြစ်နေပြီး ပြည်တွင်း ဆီတင်သွင်းမှု များလာနေပါတယ်။ ဒီလိုဝင်ရောက်လာတာက တစ်နေ့ကို အစီးရေ ၂၀၀၊ ၃၀၀ လောက်အထိ ရှိနေသလို နားလည်မှု လမ်းကြောင်းဆိုတဲ့ လာဘ်ပေးလာဘ်ယူကို အသွင်ပြောင်းထားတဲ့ လမ်းကြောင်းမှာ ယာဉ်တစ်စီးဖြတ်သန်းခက ကျပ် ၁၀ သိန်းလောက် ရှိနေပါတယ်။

ထုတ်ကုန်ရောင်းဈေးနှုန်းတွေ သိသိသာသာ မြင့်တက်လာမယ့် အလားအလာ

၂၀၁၇ ခုနှစ် နှစ်ဆန်းပိုင်းမှာ မြန်မာနိုင်ငံရဲ့ ကုန်ထုတ်လုပ်မှုကဏ္ဍ ဦးမော့လာပေမယ့် နိုင်ငံခြားငွေလဲနှုန်း မတည်ငြိမ်တာ၊ ကုန်ကျစရိတ် များပြားတာနဲ့ ငွေကြေးဖောင်းပွမှုနှုန်း မြင့်မားလာတာတွေကြောင့် ထုတ်ကုန်ရောင်းဈေးနှုန်းတွေ သိသိသာသာ မြင့်တက်လာမယ့် အလားအလာ ရှိနေတယ်လို့ ၂၀၁၇ ခုနှစ် ဇန်န၀ါရီလအတွက် ထုတ်ပြန်တဲ့ နစ်ကေးအာဆီယံ စက်မှုကုန်ထုတ်လုပ်ငန်း PMI အညွှန်းကိန်း (Manufacturing Purchasing Manager's Index- ၀ယ်ယူရေး မန်နေဂျာများ၏ အညွှန်းကိန်း) အရ သိရပါတယ်။

၂၀၁၆ ခုနှစ် ဒီဇင်ဘာမှာ PMI အညွှန်းကိန်း ၄၉ ဒသမ ၄ ရှိခဲ့ရာက ၂၀၁၇ ခုနှစ် ဇန်န၀ါရီမှာ ၅၁ ဒသမ ၇ ဆီ တက်လှမ်းနိုင်ခဲ့ပြီး မြန်မာနိုင်ငံရဲ့ ထုတ်လုပ်မှုကဏ္ဍဟာ ကြီးထွားရေးဆီသို့ ပြန်ဦးမော့လာဖို့ အချက်ပြနိုင်ခဲ့ပါတယ်။ နှစ်ဆန်းမှာ ထုတ်လုပ်မှု အော်ဒါအသစ်တွေနဲ့ လုပ်ငန်းတွေ တိုးတက်လာတာကြောင့် စီးပွားရေးလုပ်ငန်းတွေ တိုးတက်မှု ရှိလာပေမယ့် အခြားတစ်ဖက်မှာလည်း ငွေလဲနှုန်း မတည်ငြိမ်မှုကြောင့် ကုမ္ပဏီတွေရဲ့ သိုလှောင်ကုန်ပစ္စည်း ပမာဏ လျှော့ချခဲ့ကြပြီး ထုတ်လုပ်မှု စရိတ်တွေ မြင့်တက်လာတာကြောင့် ကုန်ပစ္စည်းရောင်းဈေးတွေကို ဆက်လက် မြှင့်တင်ခဲ့ရတယ်လို့ သုံးသပ်ထားပါတယ်။

နှစ်ဆန်းပိုင်းမှာ လုပ်ငန်းသစ်တွေ ကြီးထွားလာတာနဲ့အမျှ ကုန်စည်ဝယ်လိုအား အားကောင်းလာခဲ့ပြီး ကြီးထွားမှုနှုန်းဟာ ပြီးခဲ့တဲ့ ၁၀ လအတွင်း အသိသာဆုံးနှုန်း ဖြစ်ခဲ့ပါတယ်။ အခြားတစ်ဖက်မှာတော့ နိုင်ငံခြားငွေလဲနှုန်း မတည်ငြိမ်တာနဲ့ အချို့သော ကုန်ကြမ်းပစ္စည်းတွေ ရှားပါးတာကြောင့် မြန်မာနိုင်ငံရဲ့ ကုန်ထုတ်လုပ်ရေးကဏ္ဍဟာ ဇန်န၀ါရီလထဲမှာ ပျမ်းမျှကုန်ကျစရိတ်တွေ မြင့်မားလာတဲ့ ၀န်ထုပ်ကို ရင်ဆိုင်ခဲ့ရပါတယ်။ ဒါ့အပြင် ငွေကြေးဖောင်းပွမှုနှုန်းဟာ ခြုံကြည့်မယ်ဆို ဒီဇင်ဘာလထဲမှာ စံချိန်တင် အမြင့်ဆုံး ဖြစ်ခဲ့ရာက ဇန်န၀ါရီလထဲမှာ အနည်းငယ် ကျဆင်းခဲ့ပေမယ့် နှုန်းထားကတော့ မြင့်မားနေဆဲဖြစ်တယ်လို့ နစ်ကေးရဲ့ စစ်တမ်းက ဆိုပါတယ်။ ဒီအကျိုးဆက်အဖြစ် ကုမ္ပဏီတွေက ကုန်ပစ္စည်းရောင်းဈေးတွေကို ရှေ့ဆက်ပြီး မြှင့်တင်ခဲ့ကြပြီး ထုတ်ကုန်တွေအတွက် တောင်းဆိုတဲ့ဈေးနှုန်းတွေ တိုးတက်လာတဲ့နှုန်းဟာ စစ်တမ်းသက်တမ်း ၁၄ လအတွင်း ဒုတိယ အမြင့်ဆုံးနှုန်း ဖြစ်နေခဲ့တယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံမှာ သိပ်မကြာခင်မှာပဲ နွေရာသီ လျှပ်စစ်မီး ပြတ်တောက်နိုင်တဲ့ ပြဿနာ ကြုံရတော့မှာဖြစ်သလို စက်မှုဇုန်တွေရဲ့ ကုန်ထုတ်လုပ်ငန်းဟာ ထိခိုက်လာဦးမယ့် အခြေအနေကလည်း မလွဲမသွေ ဖြစ်လာဦးမှာပါ။ လက်ရှိကုန် ဈေးနှုန်းကြီးမြင့်မှု၊ ငွေဖောင်းပွမှု၊ ထုတ်ကုန်ဈေးနှုန်း မြင့်တက်မှုတွေဟာ ဆင်းရဲတဲ့ပြည်သူတွေကို မထိခိုက်ပါစေနဲ့လို့ ဆုတောင်းမိသလို ပြည်ပတင်ပို့နေတဲ့ မြန်မာ့ထုတ်ကုန်တွေ အတွက်လည်း အရည်အသွေးအပြင် ဈေးနှုန်းမှာပါ မယှဉ်ပြိုင်နိုင်တဲ့ အနေအထားအထိ မဖြစ်ပါစေနဲ့လို့ ဆုတောင်းပေးရင်း ဒီတစ်ပတ်ရဲ့ စီးပွားရေး သုံးသပ်ချက်ကို ရပ်နားလိုက်ပါတယ်။

Credit To >>> Eleven Media Group

0 comments:

Post a Comment