7.2.17

ငြိမ်းချမ်းရေး လိုချင်ခြင်းသည် နိုင်ငံသူ၊ နိုင်ငံသားများ၏ စိတ်လုံခြုံရန်အတွက် ဖြစ်ပြီး မတူကွဲပြားသည့် သဘောထားများအား ငြိမ်းချမ်းသည့်နည်းဖြင့်ဖြေရှင်းနိုင်ခြင်းအပေါ် ယုံကြည်ရန် လိုအပ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြား


ငြိမ်းချမ်းရေးလိုချင်ခြင်းသည် နိုင်ငံသူ နိုင်ငံသားများ၏ စိတ်လုံခြုံရန်အတွက်ဖြစ်ပြီး မတူကွဲပြားသည့် သဘောထားများအား ငြိမ်းချမ်းသည့်နည်းဖြင့် ဖြေရှင်းနိုင်ခြင်းအပေါ် ယုံကြည်ရန်လိုအပ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ဖေဖော်ဝါရီ ၆ ရက်က နေပြည်တော် သင်္ဂဟဟိုတယ်တွင် ပြုလုပ်ခဲ့သည့် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အစည်းအဝေးတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အဖွင့်မိန့်ခွန်းပြောကြားရာတွင် အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

“အခုကျွန်မတို့ရဲ့ ပြည်ထောင်စုကြီးကို တကယ်ပဲ ငြိမ်းချမ်းစေချင်တယ်ဆိုရင် ငြိမ်းချမ်းရေးကို ဘာဖြစ်လို့လိုချင်တာလဲ။ ငြိမ်းချမ်းရေး လိုချင်တယ်ဆိုတာ ကျွန်မတို့ရဲ့ နိုင်ငံသူ နိုင်ငံသားတွေ စိတ်လုံခြုံဖို့ပဲ။ စိတ်လုံခြုံမှုမရှိဘဲနဲ့ ဘယ်တော့မှ စိတ်ချမ်းသာမှုရမှာ မဟုတ်ပါဘူး။ စိတ်မလုံခြုံဘဲနဲ့ စိတ်ချမ်းသာပါတယ်ဆိုတာ ဒါမဖြစ်နိုင်တဲ့ကိစ္စပါ။ ကျွန်မတို့ ငြိမ်းချမ်းရေး လိုချင်တယ်ဆိုတာဟာ ကျွန်မတို့ နိုင်ငံသူ နိုင်ငံသားများ စိတ်လုံခြုံဖို့အတွက် ဖြစ်ပါတယ်။  စိတ်လုံခြုံဖို့ဆိုတာဟာ ငြိမ်းချမ်းရေးလည်း လိုအပ်တယ်။ တိုးတက်ရေးလည်း လိုအပ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ စိတ်လုံခြုံပြီးတော့ ကိုယ့်မှာ မလောက်မင ဖြစ်နေတယ်ဆိုရင် စိတ်ချမ်းသာမှု တကယ့်လုံခြုံမှုဆိုတာ မဖြစ်နိုင်ပါဘူး။ ကျွန်မတို့ဟာ စစ်မှန်တဲ့လုံခြုံမှုဆိုတာဟာ ကိုယ့်ရဲ့ဘ၀အတွက် မလိုအပ်တဲ့ စိုးရိမ်ပူပန်မှုများမှ ကင်းဝေးနိုင်ဖို့ပေါ့။ လူတိုင်းလူတိုင်းကတော့ စိုးရိမ်ပူပန်မှုတွေရှိမှာပဲ” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
ဆက်လက်၍ “ဒါဟာ အစိုးရအနေနဲ့ ဖယ်ရှားပေးနိုင်မှာ မဟုတ်ပါဘူး။ ဒီမိုကရေစီစနစ် အောက်မှာဆိုရင်တော့ အစိုးရဟာ တတ်နိုင်သမျှ အခြေခံအားဖြင့် ပြည်သူများရဲ့ စိတ်နေလုံခြုံမှုကို ပေးရပါလိမ့်မယ်။ စိတ်လုံခြုံမှု ကိုထိခိုက်စေတဲ့ ကိစ္စရပ်တွေ၊ အရာရပ်တွေ ကို ဖယ်ရှားပေးဖို့ဟာ အစိုးရရဲ့ တာဝန်ဖြစ်ပါတယ်။ တစ်ဦးချင်းတစ်ဦးချင်းရဲ့ စိတ်ချမ်းသာမှုအတွက်တော့ ကျွန်မတို့အနေနဲ့ ဘယ်လိုမှ အာမခံနိုင်မှာ မဟုတ်ပါဘူး။ ဒါကတော့ လူ့လောကကြီးမှာ မဖြစ်နိုင်ပါဘူး။ အခု ကျွန်မတို့ UPDJC ဟာ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ အဓိကကျတဲ့ အဖွဲ့အစည်း ဖြစ်တယ်။ ဒီငြိမ်းချမ်းရေးဖြစ်စဉ်ဟာ အင်မတန်မှ အရေးကြီးပါတယ်။ ကျွန်မတို့နိုင်ငံရဲ့ တည်ငြိမ်ရေးအတွက် ကျွန်မတို့နိုင်ငံရဲ့ တိုးတက်ရေးအတွက် ကျွန်မတို့ပြည်သူပြည်သားများရဲ့ စိတ်လုံခြုံရေး၊ ကိုယ်လုံခြုံရေး အတွက် အင်မတန်မှ အရေးကြီးတဲ့လမ်းစဉ် ဖြစ်တာကြောင့်မို့လို့ ဒီလိုအစည်းအဝေးတွေ လုပ်တဲ့အခါမှာ ဒီဟာကို စိတ်ထဲမှာ နှလုံးသွင်းထားစေချင်ပါတယ်”  ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
အမှန်တကယ် ဒီမိုကရေစီလိုလားပါက မတူကွဲပြားသည့် သဘောထားများအား ငြိမ်းချမ်းသည့်နည်းဖြင့် ဖြေရှင်းနိုင်မည်ကို ယုံကြည်ရန်လိုကြောင်း၊ နှစ် ၃၀ နီးပါး ဒီမိုကရေစီအတွက် လှုပ်ရှားခဲ့သည့်အချိန်များတွင် ဆွေးနွေးတိုင်ပင်ပြီး အချင်းချင်းအကြား မတူကွဲပြားသည့် ပြဿနာများအား ဖြေရှင်းနိုင်မည်ဆိုသည့် ယုံကြည်ချက်ဖြင့် ရပ်တည်ခဲ့ကြောင်း နှင့် ယင်းယုံကြည်ချက်များအား တစ်ခါမျှ မသွေဖီခဲ့ကြောင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ရပ်တည်ချက်တစ်လျှောက်လုံးတွင် ဆွေးနွေးညှိနှိုင်းပြီး အဖြေရှာရန် တောင်းဆိုခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
“ကျွန်မတို့က ဘယ်လိုပုံစံနည်းနဲ့မှ အကြမ်းဖက်ပြီးလုပ်ဖို့ဆိုတာ မစဉ်းစားခဲ့ပါဘူး။ အင်အားကိုသုံးပြီးတော့တောင်မှ လုပ်ဖို့မစဉ်းစားခဲ့ပါဘူး။ ကျွန်မတို့သုံးတဲ့အင်အားက စိတ်ဓာတ်အင်အားပါပဲ။ စိတ်ဓာတ်အင်အားနဲ့ ပြည်သူလူထုရဲ့ထောက်ခံအင်အားကိုပဲ ကျွန်မတို့ အားကိုးခဲ့ပါတယ်။ ကျွန်မတို့ ဘာအတွက် လုပ်နေတာလဲ။ ကျွန်မတို့လုပ်နေတာဟာ တစ်စုတစ်ဖွဲ့အတွက် လုပ်နေတာမဟုတ်ပါ ဘူး။ ဒီမှာအစုအဖွဲ့တွေအများကြီးကို ကိုယ်စားပြုတဲ့ ကိုယ်စားလှယ်တွေ ရောက်နေပါတယ်။ ကျွန်မတို့ဒီမှာ လုပ်နေတာတွေသည် NLD အတွက်လည်း မဟုတ်ပါဘူး။  အစိုးရအတွက်လည်း လုပ်နေတာမဟုတ်ပါဘူး။ ကျွန်မတို့ရည်ရွယ်တဲ့ ပြည်ထောင်စုကြီး ပေါ်ထွန်းလာဖို့အတွက် ကျွန်မတို့လုပ်နေတာပါ။ ဒီအတိုင်းပဲ စိတ်ထဲမှာထားပါတယ်။ အားလုံး ဒီအထဲမှာ စေတနာနဲ့ရောက်လာတဲ့ ကိုယ်စားလှယ်များဟာလည်း ဒီအတိုင်းပဲ နှလုံးသွင်းထားကြလိမ့်မယ်လို့ ယုံကြည်ပါတယ်” ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
ဆက်လက်၍ “အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဆိုတာ ဘယ်လိုမှ ခွဲလို့မရပါဘူး။ အမျိုးသားပြန်လည်သင့်မြတ်ရေး ဆိုတာက လက်နက်ကိုင်ပြီးတော့ တိုက်ခိုက်တဲ့ အဖွဲ့အစည်းတွေနဲ့ ငြိမ်းချမ်းရေး လုပ်ရုံ တစ်မျိုးတည်း မဟုတ်ဘဲနဲ့ ဒါထက်ပိုပြီး ကျယ်ပြန့်ပါတယ်။ ကျွန်မတို့နိုင်ငံတစ်နိုင်ငံလုံးမှာ ပြန်လည်သင့်မြတ်ရေးဆိုတာ မတူကွဲပြားတဲ့ သဘောထားတွေကို သင့်မြတ်စေဖို့ မတူကွဲပြားတဲ့ သဘောထားတွေဆိုတာဟာ ကျွန်မတို့ လက်နက်ကိုင်အဖွဲ့အစည်းများနဲ့ အစိုးရကြားမှာသာ ပြဿနာရှိတာ မဟုတ်ပါဘူး။ မတူကွဲပြားတဲ့ သဘောထားတွေဟာ ကျွန်မတို့ နိုင်ငံတစ်ဝန်းမှာ ရှိပါတယ်။ ပုံစံအမျိုးမျိုးပေါ့။ နိုင်ငံရေးအရ မတူကွဲပြားတဲ့ သဘောထား တွေ၊ တိုင်းရင်းသားရေးအရ မတူကွဲပြားတဲ့ သဘောတရားတွေ၊ ဘာသာရေးအရ မတူကွဲပြားတဲ့ သဘောတရားတွေ၊ လူမှုရေးအရ မတူကွဲပြားတဲ့ သဘောတရားတွေ အမျိုးမျိုးရှိပါတယ်။ ကျွန်မတို့တကယ်ပဲ ဒီမိုကရေစီကို လိုလားတယ်ဆိုရင် ကျွန်မနားလည်သလောက်က ဒီစားပွဲမှာထိုင်နေတဲ့ ပုဂ္ဂိုလ်အားလုံးဟာ ဒီမိုကရေစီကိုတော့ လက်ခံတယ်၊ ယုံကြည်တယ်လို့ နားလည်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC) အစည်းအဝေးသို့ အစိုးရ၊ လွှတ်တော်၊ တပ်မတော်မှ ၁၅ ဦး၊  တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများမှ ၁၂ ဦး၊ နိုင်ငံရေးပါတီမှ ၁၆ ဦး တက် ရောက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
 Credit To >>> Eleven Media Group

0 comments:

Post a Comment