7.2.17

Control Centre ဖြင့်ထိန်းချုပ်၍ ယာဉ်ကြောရှင်းလင်းရန် မီးပွိုင့် ၁၅၄ ခုတွင် CCTV များ တပ်ဆင်နေသည့်အနက် အချို့မီးပွိုင့်များတွင် CCTV တပ်ဆင်ရန် အခက်အခဲများ ဖြစ်ပေါ်နေ

Control Centre ဖြင့်ထိန်းချုပ်၍ ယာဉ်ကြောရှင်းလင်းရန် မီးပွိုင့် ၁၅၄ ခုတွင် CCTV များတပ်ဆင်နေသည့်အနက် အချို့မီးပွိုင့်များတွင် CCTV တပ်ဆင်ရန် အခက်အခဲများ ဖြစ်ပေါ်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ တွဲဖက်အတွင်းရေးမှူး ဦးသန်းဝင်းက ဖေဖော်ဝါရီ ၆ ရက်တွင် ပြောကြားသည်။

“Control Centre က ဘာတွေနဲ့ ငြိနေလဲဆိုတော့ High Voltage လိုင်းတွေနဲ့ တိုင်ထောင်တာတွေနဲ့ ငြိနေပြီးတော့ High Voltage ကို ဖယ်ပေးရမှာပေါ့နော်။ ဖယ်ပေးရလို့ရှိရင် လျှပ်စစ်ပိုင်းဆိုင်ရာ ပြတ်တောက်မှုတွေ များမှာဆိုတော့ ရိုးရိုးအိမ်တွေကို ပေးတဲ့တိုင်ဆိုရင် ရွှေ့ရတာလွယ်တာပေါ့။ ဒါကကျတော့ လူနေအိမ်အများကြီးကို လျှပ်စစ်ပေးဝေမှု ပြတ်တောက်သွားမှာ။ အဲဒီအခက်အခဲကို YESB နဲ့ နည်းနည်းညှိနေရတယ်” ဟု ဦးသန်းဝင်းက ပြောကြားသည်။


ထိုသို့အခက်အခဲများကြောင့် CCTV များ အလုံးစုံ တပ်ဆင်ပြီးစီးရန်မှာ မူလက သတ်မှတ်ထားသည့် ဖေဖော်ဝါရီလကုန်တွင် ပြီးစီးမည် မဟုတ်ဘဲ မတ်လမှသာ ပြီးစီးမည်ဖြစ်ကြောင်း ဦးသန်းဝင်းက ဆက်လက် ပြောကြားသည်။

“ဒီလကုန်မပြီးဘူး။ မတ်လကုန်လောက်တော့ ပြီးမယ်လို့မှန်းထားတယ်။ ပြည်လမ်းဆို ပြီးသွားပြီ။ ကမ္ဘာအေးဘုရားလမ်း တော်တော်များများလည်းပြီးပြီ။ လမ်းအားလုံးမှာ တစ်ပြိုင်နက်တည်း လုပ်နေတာ။ အဓိက,က တော့ အများပြည်သူနဲ့ ဆက်စပ်နေတော့ YESB လည်း အရမ်းမလုပ်ရဲဘူး။ သူတို့ကလည်း အကုန်ချိန်ဆလုပ်နေရတယ်” ဟု ၎င်းက ပြောကြားသည်။

ရန်ကုန်မြို့တွင်း အဓိကကားလမ်းမကြီး ၁၁ လမ်းပေါ်ရှိ မီးပွိုင့် ၁၅၄ ပွိုင့်တွင် CCTV များတပ်ဆင်မှုမှာ အလုံးစုံပြီးစီးခြင်း မရှိသေးသော်လည်း အဆိုပါမီးပွိုင့်များအား ထိန်းချုပ်မည့် ပြည်သူ့ရင်ပြင်အတွင်းရှိ Control Centre မှာမူ အလုံးစုံ ပြီးစီးသွားပြီဖြစ်သည်။

အဆိုပါမီးပွိုင့် ၁၅၄ ပွိုင့်တွင် CCTV များတပ်ဆင်၍ ယာဉ်ကြောရှင်းလင်းရေးစနစ်အား လုပ်ဆောင်ရန် တရုတ်ကုမ္ပဏီ တစ်ခုဖြစ်သော CRCC (china) နှင့် ပြည်တွင်းကုမ္ပဏီ တစ်ခုဖြစ်သည့် Myanmar Shwe Yin တို့က ပူးပေါင်းလုပ်ဆောင်နေခြင်း ဖြစ်ကြောင်းသိရပြီး ယခင်အစိုးရ လက်ထက်တွင် တင်ဒါအောင်မြင် ခဲ့ခြင်းဖြစ်သည်။

မီးပွိုင့် ၁၅၄ ခုတွင် CCTV များ တပ်ဆင်ခြင်းနှင့် Control Centre တည်ဆောက်ခြင်းများ ၂၀၁၆ ခုနှစ် သြဂုတ် ၂ ရက်တွင် အပြီးသတ် လုပ်ဆောင်ရမည် ဖြစ်သော်လည်း ပြီးစီးခြင်းမရှိသဖြင့် တစ်ရက်လျှင် ဒဏ်ကြေးငွေ ကျပ်တစ်သိန်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ ပေးချေရကြောင်း သိရသည်။

Credit To >>> Eleven Media Group

0 comments:

Post a Comment