7.2.17

ဒေါ်နယ်ထရမ့်ရဲ့ အီရန်ကို ဒဏ်ခတ်မှုအသစ် ချမှတ်မည်ဆိုခြင်းကို နေတန်ယာဟု ကြိုဆို

အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက လန်ဒန်သို့ ရောက်ရှိပြီး ဗြိတိန်ဝန်ကြီးချုပ် ထရီဆာမေနဲ့ ဖေဖော်ဝါရီ ၆ ရက်က တွေ့ဆုံရာမှာ အီရန်အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ရန် တာဝန်ရှိရာ နိုင်ငံအားလုံး ထောက်ခံသင့်တယ်လို့ ပြောလိုက်ပါတယ်။

“အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်နိုင်ငံအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုသစ်တွေ ချမှတ်မယ်ဆိုတာကို ကြိုဆိုတယ်။ ကျွန်တော့်အမြင်ကတော့ အခြားနိုင်ငံတွေလည်း ဒီလမ်းကြောင်းအတိုင်းပဲ လိုက်သင့်တယ်။ အထူးသဖြင့် တာဝန်ရှိတဲ့ နိုင်ငံတွေပေါ့။”ဟု နေတန်ယာဟုက ပြောပြီး အီရန်ကိုလည်း ရန်စပြီးရင်း ရန်စနေတဲ့ နိုင်ငံအဖြစ် စွပ်စွဲလိုက်ပါတယ်။

“အီရန်က အစ္စရေးကို အမြစ်ဖြုတ်ဖို့ လုပ်နေတယ်။ ပေါ်တင်ပြောရရင် အရှေ့အလယ်ပိုင်းကို သိမ်းပိုက်ဖို့ လုပ်နေတာပဲ။ အီရန်က ဥရောပရော၊ အနောက်ရော၊ ကမ္ဘာကိုပါ ခြိမ်းခြောက်နေတယ်။”ဟု ၎င်းက ပြောပါတယ်။

“အီရန်ရဲ့ ရန်လိုမှုဟာ ထင်ထင်သာသာ ရှိတယ်ဆိုတာ ပြောလိုတယ်။”ဟု နေတန်ယာဟုက ထရီဆာမေကို ပြောခဲ့ပါတယ်။

အမေရိကန်နဲ့ အီရန်နိုင်ငံကြားမှာလည်း မကြာသေးခင်က အီရန်ရဲ့ ဖျက်အားပြင်းဒုံးကျည် စမ်းသပ်လိုက်ပြီးနောက်ပိုင်း တင်းမာမှုတွေ ရှိလာခဲ့ပါတယ်။ သမ္မတ ဒေါ်နယ်ထရမ့်က အီရန်ကို တရားဝင်သတိပေးရတဲ့ အနေအထားမှာ ရှိနေပြီး ဒဏ်ခတ်ပိတ်ဆို့မှုသစ်တွေ ချမှတ်သွားဖို့ လုပ်ဆောင်သွားမယ်လို့ ပြောထားတာပဲဖြစ်ပါတယ်။

Credit To >>> Mizzima Burmese

0 comments:

Post a Comment