7.2.17

မြန်မာနိုင်ငံ အတွင်း ပထမဆုံး ၀င်ရောက်လာသည့် အကြီးဆုံး ကုန်တင် သင်္ဘော MIPL ဆိပ်ကမ်းသို့ ရောက်ရှိ

Image may contain: sky, outdoor and water
မြန်မာနိုင်ငံမှ WEST အာဖရိကရှိနိုင်ငံများသို့ ဆန်အိတ်အများအပြား တင်ပို့လျက်ရှိရာ MAGNUM POWER အမည်ရှိ ဆန်အိတ်များ တင်ဆောင်သည့် ကုန်တင်သင်္ဘောကြီးမှာ မြန်မာနိုင်ငံအတွင်း ပထမဆုံး ဝင်ရောက်လာသည့် အကြီးဆုံးကုန်တင် သင်္ဘောဖြစ်ပြီး အပြည်ပြည်ဆိုင်ရာသီလဝါ ဆိပ်ကမ်းအနီးရှိ MIPL ဆိပ်ကမ်း၌ ဆိုက်ကပ်ထားကြောင်း သိရသည်။

အဆိုပါကုန်တင် သင်္ဘောကြီးမှာ ကုန်ပစ္စည်းတန်ချိန် (DWT) ၅၇၀၀၀ ထိ တင်ဆောင်နိုင်ပြီး သင်္ဘောကြီး၏အရှည်မှာ မီတာ ၁၉၀ ရှိကာ ရန်ကုန်ဆိပ်ကမ်းသို့ ပထမဆုံး ရောက်ရှိ ဆိုက်ကပ်ခဲ့ခြင်း ဖြစ်သည်။ မြန်မာနိုင်ငံ အနယ်နယ် အရပ်ရပ်ရှိ ပုဂ္ဂလိက လုပ်ငန်းရှင်များထံမှ ဝယ်ယူထားသော ဆန်အိတ်များကို WEST အာဖရိကရှိနိုင်ငံများဖြစ်သော ကွန်ဂိုနိုင်ငံနှင့် နိုင်ဂျီးရီးယားနိုင်ငံတို့သို့ တင်ပို့မည်ဖြစ်ပြီး ယခုအခါ ကွန်တိန်နာဖြင့် မပိုတော့ဘဲ Bulk Carrier ဖြင့် သယ်ယူ ပို့ဆောင်ခြင်းကြောင့် တစ်ကြိမ်တည်း၌ ရည်မှန်းချက်မီသည့် ဆန်တန်ချိန်ပမာဏကို ကုန်တင် သင်္ဘောကြီး တစ်စီးတည်းဖြင့် တင်ပို့နိုင်ကြောင်း MAYAR (INDIA) ကုမ္ပဏီလီမိတက်၏ Chief Representative- Myanmar မစ္စတာ P.D Maheshwari က ပြောကြားသည်။

မြန်မာနိုင်ငံမှ WEST အာဖရိကရှိနိုင်ငံများသို့ ဆန်တင်ပို့ရာတွင် ကွန်တိန်နာများဖြင့် မတင်ပို့တော့ဘဲ Bulk Carrier ကဲ့သို့သော ကုန်တင် သင်္ဘောကြီးများဖြင့် တင်ပို့သောကြောင့် နိုင်ငံတော်အတွက် နိုင်ငံခြား ဝင်ငွေတိုးစေပြီး အနယ်နယ်အရပ်ရပ်ရှိ တောင်သူ ဦးကြီးများအတွက်လည်း အကျိုးရှိစေကြောင်း ယခုကဲ့သို့သောဈေးကွက် ရရှိခြင်းကြောင့် အနာဂတ်ကာလ၌ ဆန်ပို့ ကုန်ပမာဏ တိုးမြှင့်ခြင်း အတွက် အထောက်အကူ ဖြစ်စေကြောင်း၊ ယခုနောက်ပိုင်း လုပ်ငန်းရှင်များမှ အရည်အသွေး ထိန်းချုပ်မှုကို တိတိကျကျ လုပ်ဆောင်လာကြသဖြင့် နိုင်ငံအတွင်းရှိ ပို့ကုန်ဆန်များအား ပြည်ပနိုင်ငံများသို့ ကျယ်ပြန့်စွာ တင်ပို့လာနိုင်ကြောင်း၊ မြန်မာ့ဆိပ်ကမ်း အာဏာပိုင် အနေဖြင့် ဆိပ်ကမ်း ဝန်ဆောင်စရိတ် ကောက်ခံ တွက်ချက်ရာတွင်လည်း သင်္ဘော၏ တင်နိုင်သည့် တန်ချိန် (GRT) ဖြင့် တွက်ချက်ခြင်းကြောင့် ဝင်ငွေပိုမိုရရှိစေကြောင်းနှင့် သင်္ဘောကြီးများ ဝင်ရောက် ဆိုက်ကပ်ခြင်းကြောင့် PORT GUES များ ပိုမိုရရှိစေကြောင်း ဝါရင့်ကပ္ပတိန် ဟင်နရီဦးခင်မောင်က ပြောသည်။

“ခုဆိုရင် မြန်မာ့ဆိပ်ကမ်းအာဏာပိုင် အနေနဲ့လည်း ပြုပြင်ပြောင်းလဲမှုတွေ အများကြီး လုပ်ဆောင်နေတယ် ဆိုတာကို ကြားသိရပါတယ်။ ခုဆိုရင် မီတာ ၂၀၀ နီးပါးအရှည် (LOA) ရှိတဲ့ ဆန်တင် သင်္ဘောကြီး ဝင်ရောက် လာတာဟာ ဆိပ်ကမ်းကိုလည်း မကျပ်အောင်နဲ့ အပြင်မှာချည်း ကုန်ပစ္စည်း မတင်ဘဲ အထဲထိဝင်ပြီး ကုန်ပစ္စည်း တင်လို့ရအောင် မြန်မာ့ဆိပ်ကမ်း အာဏာပိုင်က ကြိုးစား ဆောင်ရွက် နေတာကိုလည်း သိရပါတယ်။ ရေစူးတွေ တိုးများလာအောင်လည်း သောင်တူးဖော်တဲ့ လုပ်ငန်းများ ဆောင်ရွက်နေတဲ့ အတွက် အကယ်လို့ သောင်တူးဖော်တဲ့ လုပ်ငန်းများ ဆောင်ရွက် ပြီးစီးသွားပြီ ဆိုရင်တော့ ကုန်ပစ္စည်း သင်္ဘောကြီးများလည်း ဆူးလေ၊ ဗိုလ်အောင်ကျော်ထိ ဝင်ရောက်လာပြီးတော့မှ ရေစူးများများနဲ့ တိုက်ရိုက် ပြန်ထွက်နိုင်ကြတော့မှာ ဖြစ်ပြီး မြန်မာ့ဆိပ်ကမ်း အာဏာပိုင်အနေနဲ့ ကြိုးစား ဆောင်ရွက် နေတာကို ကြားသိရတဲ့ အတွက် မြန်မာ့ဆိပ်ကမ်း အာဏာပိုင်ကို အသိအမှတ်ဂုဏ်ပြုပါတယ်။ ခုလို မီတာ ၂၀၀ အရှည်ရှိတဲ့ သင်္ဘောကြီးတွေ ဝင်ထွက် သွားနိုင်ပြီး ကုန်ပစ္စည်းများစွာ တင်ဆောင်နိုင်တဲ့ အတွက် ကုန်စည် သယ်ယူ ပို့ဆောင်ခ စရိတ်လည်း သက်သာ သွားပါတယ်။ ဥပမာ တန်ချိန် ၁၀၀၀၀ တင်ဆောင်နိုင်တဲ့ သင်္ဘောနဲ့ တန်ချိန် ၅၀၀၀၀ တင်ဆောင်နိုင်တဲ့ သင်္ဘောမှာ ကုန်စည် သယ်ယူ ပို့ဆောင်ခ စရိတ်က အလွန် ကွာဟပါတယ်။ အဲ့လို ကုန်စည် သယ်ယူ ပို့ဆောင်ခ စရိတ်က အလွန်ကွာဟတဲ့အပေါ် သင်္ဘော အဝင်၊ အထွက်မှာ ဘာတွေ ဖြစ်လာသလဲ ဆိုတော့ ဒီလိုသင်္ဘောအကြီးတွေနဲ့ ကုန်စည် သယ်ဆောင်နိုင်တဲ့ တစ်နေ့ကျရင် ကုန်ဈေးနှုန်းပါ ကျဆင်းလာနိုင်တဲ့ အတွက် ပြည်သူများ အတွက် တစ်ဖက်တစ်လမ်းက အထောက်အကူ ဖြစ်စေရပါတယ်။ ကုန်ဈေးနှုန်း ကျဆင်းဖို့နဲ့ သင်္ဘောကြီးတွေ ဝင်ထွက် သွားလာနိုင်တာဟာ တိုက်ရိုက် ဆက်စပ် ပတ်သက် အချိုးကျနေတာကို တင်ပြလိုပါတယ်” ဟု ၎င်း၏အမြင်အား ထပ်မံသုံးသပ် ပြောကြားသည်။

အဆိုပါဆန်အိတ်များကို ကုန်ပစ္စည်းတင် သင်္ဘောကြီးဖြင့် ပြည်ပနိုင်ငံများသို့ ဝယ်ယူ တင်ပို့သော ကုမ္ပဏီမှာ မြန်မာနိုင်ငံအတွင်း နှစ် ၂၀ နီးပါးအကြာ လာရောက် ဖွင့်လှစ်ထားသည့် MAYAR(INDIA) ကုမ္ပဏီလီမိတက် ဖြစ်ပြီး မြန်မာနိုင်ငံအတွင်းမှ ဆန်နှင့် အခြား ကောက်ပဲ သီးနှံများကို ပြည်ပနိုင်ငံများသို့ တင်ပို့လျက်ရှိကာ ၎င်း၏ရုံးချုပ်မှာ ဟောင်ကောင်နိုင်ငံ၌ အခြေစိုက် ဖွင့်လှစ်ထားကြောင်း၊ ဆန်အိတ်များ သယ်ယူ ပို့ဆောင်သည့် ကုန်ပစ္စည်းတင်သင်္ဘောကြီးများ ဝင်ရောက်လာသဖြင့် နိုင်ငံတော်အတွက် ဝင်ငွေတိုးစေပြီး ရန်ကုန်ဆိပ်ကမ်းတွင်လည်း ယခုအခါ ကြီးမားသော ကုန်ပစ္စည်းတင် သင်္ဘောများ ဆိုက်ကပ်နေပြီ ဖြစ်ကြောင်း၊ ထို့အပြင် မြန်မာနိုင်ငံမှ WEST အာဖရိကရှိနိုင်ငံများသို့ ဆန်အိတ် အများအပြားတင်ပို့နိုင်မည်ဖြစ်ကြောင်း သိရသည်။

Credit To >>> MOI Webportal Myanmar

0 comments:

Post a Comment