7.2.17

YBS စနစ်တွင် ကုမ္ပဏီမတူသည့် ဘတ်စ်ကားအချင်းချင်း ပြိုင်မောင်းခြင်းများ ပြန်ဖြစ်လာ၍ ယာဉ်ပိုင်ရှင်များနှင့် ကုမ္ပဏီများအား လာမည့် အများပိုင်ကုမ္ပဏီတွင် ထည့်သွင်းရန် အမှတ်ပေးစနစ်ဖြင့် ဆုံးဖြတ်သွားမည်

YBS စနစ်တွင် ကုမ္ပဏီမတူသည့် ဘတ်စ်ကားအချင်းချင်း ပြိုင်မောင်းခြင်းများ ပြန်ဖြစ်လာ၍ ယာဉ်ပိုင်ရှင်များနှင့် ကုမ္ပဏီများအား လာမည့်အများပိုင် ကုမ္ပဏီတွင် ထည့်သွင်းရန် အမှတ်ပေးစနစ်ဖြင့် ဆုံးဖြတ်သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ဖေဖော်ဝါရီ ၆ ရက်တွင် ပြောကြားသည်။

“ငွေယူတဲ့စနစ်ကို ဝေပုံကျလို့ ပြောခဲ့တာပေါ့။ ဒါပေမဲ့ ပိုင်ရှင်တော်တော်များ ဘာလုပ်လဲဆိုတော့ ဟိုတုန်းက သူတို့လုပ်ခဲ့သလို ကိုယ်ရကိုယ်ယူ ပြန်လုပ်လာတာရှိတယ်။ ဒါကို ကျွန်တော်တို့က ကုမ္ပဏီတစ်ခုချင်းကို သတိပေးတယ်။ ပြေးတဲ့ကုမ္ပဏီ ၂၁ ခုရယ်၊ ပြေးတဲ့လိုင်း ၇၉ ခုအလိုက် အမှတ်ပေးဇယား အကုန်လုံးရှိတယ်။ သူတို့ကိုလည်း ပြောထားပြီးသား ဖြစ်တယ်။ နောက်လုပ်မယ့် အများပိုင်ကုမ္ပဏီမှာ ထည့်ပြီးစဉ်းစားဖို့က ဒါနဲ့ပဲဆုံးဖြတ်မှာ ဖြစ်ပါတယ်” ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင် အဖွဲ့အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ပြောကြားသည်။


ရန်ကုန်မြို့၏ ဘတ်စ်ကားသယ်ယူပို့ဆောင်ရေး စုပေါင်းပြေးဆွဲသည့် စနစ်တွင် ပါဝင်ပြေးဆွဲနေသည့် ကုမ္ပဏီများတွင် ဗန္ဓုလ သယ်ယူပို့ဆောင်ရေး ကုမ္ပဏီ၊ ထက်မြက်သူနှင့် တောင်ပိုင်းခရိုင် ယာဉ်လိုင်းတို့ ပူပေါင်းသည့် ကုမ္ပဏီ၊ လက်ရှိ BRT လိုင်များ ပြေးဆွဲနေသော ရန်ကုန်ဘတ်စ်ကား အများနှင့်သက်ဆိုင်သော ကုမ္ပဏီ၊ မြောက်ပိုင်းသား ယာဉ်လိုင်းနှင့် ရွှေမြို့တော် ယာဉ်လိုင်းတို့ ပူးပေါင်းသည့် ကုမ္ပဏီ၊ Omini Focus Services Co.Ltd နှင့် Tran Link Co.Ltd တို့ ပူပေါင်းသည့်ကုမ္ပဏီ၊ ရန်ကုန်မြို့ပြ အများပြည်သူ သယ်ယူပို့ဆောင်ရေး (YUPT) ကုမ္ပဏီ၊ Power Eleven အများပိုင်ကုမ္ပဏီ၊ အမြဲစိမ်းယာဉ်လိုင်းနှင့် ရွှေပြည်သာယာ ယာဉ်လိုင်းတို့ ပူပေါင်းသည့် ကုမ္ပဏီ၊ SRT ယာဉ်လိုင်း၊ စံဝေလယာဉ်လိုင်းနှင့် ရွှေအင်းဝ ယာဉ်လိုင်းတို့ ပူပေါင်းသည့်ကုမ္ပဏီ၊ ခေတ်သစ်ဘုရင့်နောင်နှင့် မြောက်ပိုင်းခရိုင်ယာဉ်လိုင်းတို့ ပူပေါင်းသည့် ကုမ္ပဏီ စသည်တို့ ပါဝင်ကြောင်း သိရသည်။

“အခုအချိန်မှာ ဘာဖြစ်လာလဲဆိုတော့ နဂိုကဟာ ပြန်ဖြစ်လာတာ ရှိပါတယ်။ ပြိုင်မောင်းတာ ပြန်ဖြစ်လာတယ်။ ဘာကြောင့်ဖြစ်ရလဲလို့မေးရင် လမ်းတစ်လမ်းကို ကုမ္ပဏီတစ်ခုတည်းချမယ်လို့ ပြောပေမယ့် ဒီလမ်းက ကားအရေအတွက် များလို့ရှိရင် ကုမ္ပဏီနှစ်ခု ပေးရတာ ရှိပါတယ်။ အဲဒီလို ပေးရတဲ့အခါမှာ သူတို့အချင်းချင်း ပြန်ပြီးပြိုင်မောင်းကြတာ ဖြစ်လာပါတယ်” ဟု အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ပြောကြားသည်။

Credit To >>> Eleven Media Group

0 comments:

Post a Comment