27.6.13

ဆက်သွယ်ရေးလိုင်စင် ရွှေ့ဆိုင်းရန် လွှတ်တော်က တိုက်တွန်းသော်လည်း ယနေ့ထုတ်ပြန်မည်



ဆက်သွယ်ရေး အော်ပရေတာ လုပ်ကိုင်ခွင့် ချထားပေးခြင်းကို ဆက်သွယ်ရေးဥပဒေ အတည်ပြုပြီးသည့် ကာလအထိ ရွှေ့ဆိုင်းရန် တိုက်တွန်းကြောင်း အဆိုကို ပြည်သူ့လွှတ်တော်က ကန့်ကွက်သူမရှိ အတည်ပြုလိုက်သော်လည်း ဆက်သွယ်ရေး အော်ပရေတာ လုပ်ကိုင်ခွင့် လက်ကျန်လိုင်စင် နှစ်နေရာ လုပ်ကိုင်ခွင့်ရမည့် ကုမ္ပဏီကို ဇွန်လ ၂၇ ရက်နေ့(ယနေ့)တွင် ထုတ်ပြန် ကြေညာသွားမည် ဖြစ်ကြောင်း ဆက်သွယ်ရေး အော်ပရေတာ လုပ်ငန်း တင်ဒါခေါ်ယူရေး ကော်မတီဥက္ကဋ္ဌ ဦးဆက်အောင်က ပြောကြားသည်။

ဆက်သွယ်ရေး ဥပဒေ အတည်ပြုပြီးသည့် ကာလအထိ ရွှေ့ဆိုင်းရန် အဆိုကို ဇွန်လ ၂၆ ရက်နေ့ ပြည်သူ့လွှတ်တော်တွင် ကချင်ပြည်နယ် တနိုင်းမဲဆန္ဒနယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးမျိုးဆွေက တင်ပြခဲ့ခြင်း ဖြစ်ပြီး လွှတ်တော် အစည်းအဝေး တက်ရောက်သည့် လွှတ်တော် ကိုယ်စားလှယ် ၄၀၂ ဦးလုံး ကန့်ကွက်သူမရှိ ထောက်ခံခဲ့သည်။

“အခု တင်သွင်းတဲ့ အဆိုက ရပ်ဆိုင်းထားရန် တိုက်တွန်းကြောင်း အဆိုဖြစ်ပါတယ်။ ဒါဟာ ဥပဒေ မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ ခြောက်လကျော်က အများပြည်သူကို ကြေညာပြီး ဆောင်ရွက်ခဲ့တဲ့ လုပ်ငန်းစဉ်ကို ဘာဖြစ်လို့ အခုအချိန်မှ အရေးကြီး အဆို အဖြစ် တင်သွင်းတယ် ဆိုတာကို ကျွန်တော် တို့လည်း မသိရပါဘူး။ ဒီအဆိုနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ ဝန်ကြီးဌာနကို လာရောက် ရှင်းပြဖို့ အခွင့်အရေးလည်း မပေးခဲ့ပါဘူး” ဟု နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ်က The Voice သို့ပြောကြားသည်။

ဆက်သွယ်ရေး တင်ဒါခေါ်ယူမှုကို လွန်ခဲ့သည့် ခြောက်လကျော်ကပင် သတင်းစာများတွင် ဖော်ပြပြီး အတိအလင်း ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း၊ ဆက်သွယ်ရေး တင်ဒါ ခေါ်ယူမှုကို တည်ဆဲဥပဒေ ဖြစ်သည့် နိုင်ငံတော်ပိုင် စီးပွားရေး လုပ်ငန်းများ ဥပဒေအရ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း၊ ယင်းသို့ ခေါ်ယူရခြင်းမှာလည်း မိုဘိုင်း ဆက်သွယ်ရေး ကွန်ရက်များကို လျင်လျင်မြန်မြန် တိုးချဲ့နိုင်ရန်အတွက် ပြည်တွင်း ကုမ္ပဏီနှစ်ခု (မြန်မာ့ဆက်သွယ်ရေးနှင့် ရတနာပုံ) ပြည်ပ ကုမ္ပဏီနှစ်ခုတို့ အပြိုင်အဆိုင် ဆောင်ရွက်နိုင်အောင် ဖြစ်ကြောင်း၊ တင်ဒါခေါ်ယူမှု၊ တင်ဒါ စိစစ်မှုများကို ITU နှင့် နိုင်ငံခြား အတိုင်ပင်ခံ ကုမ္ပဏီတို့၏ အကူအညီနှင့် နိုင်ငံတကာ စံနှုန်းများနှင့်အညီ ပွင့်လင်း မြင်သာစွာ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

“ကျွန်တော်တို့က Technical Team ပါ၊ Political နဲ့တော့ မဆိုင်ဘူး။ အဲဒီတော့ ကျွန်တော်တို့ကို လိုင်စင် ရွေးချယ်ရေးနဲ့ ပတ်သက်ပြီး တာဝန်ပေးထားတဲ့ နိုင်ငံတော် သမ္မတရုံးရဲ့ ညွှန်ကြားချက် တစ်စုံ တစ်ရာမရှိရင် မနက်ဖြန်မှာ လိုင်စင် ရွေးချယ်ထားတဲ့ အမည်စာရင်းကို ကြေညာပါမယ်” ဟု အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးမှု ဝန်ကြီးဌာန ဒုတိယဝန်ကြီးလည်း ဖြစ်သူ ဦးဆက်အောင်က ဆိုသည်။

၎င်းတို့အနေနှင့် လိုင်စင်တင်ဒါ အောင်မြင်သူနှစ်ဦး၏ အမည်စာရင်းကို ရွေးချယ်ထားပြီး ဖြစ်ကြောင်း၊ ဇွန်လ ၂၇ ရက်နေ့တွင် သတင်းထုတ်ပြန်ချက် တစ်စောင် ထုတ်ပြန် ကြေညာပြီး ပြည်သူကို အသိပေး မည် ဖြစ်ကြောင်း ဦးဆက်အောင်က ထပ်လောင်း ပြောကြားသည်။

ဥပဒေကိစ္စနှင့် ပတ်သက်၍ လိုင်စင် ရွေးချယ်အပြီး ရက်ပေါင်း ၆၀ အတွင်း ဥပဒေအတည်ပြု ပေးမည်ဟု တင်ဒါ ကော်မတီက ပြောထားကြောင်း၊ ဥပဒေကြမ်း ကိုလည်း ချပြထားကာ လက်ခံနိုင်ဖွယ် ရှိသည့် ဥပဒေပင် ဖြစ်ကြောင်း၊ လွှတ်တော်က မည်သို့ပင် ဆိုနေစေကာမူ အကြံပေး ဖြစ်သည့် Roland Barger အနေနှင့် တင်ဒါ အောင်သည့် စာရင်းကို ထုတ်ပြန်မည်မှာ သေချာကြောင်း ပြည်ပကုမ္ပဏီကြီးနှင့် ပူးပေါင်းကာ လိုင်စင် ဝင်ရောက် ယှဉ်ပြိုင်နေသည့် ပြည်တွင်းကုမ္ပဏီ တာဝန်ခံတစ်ဦးက ရှင်းပြသည်။

ပြည်တွင်း ဆက်သွယ်ရေး ကဏ္ဍတွင် ဝင်ရောက် လုပ်ကိုင်ရန် တင်ဒါ ခေါ်ယူထားသည့် ပြည်ပဆက်သွယ်ရေး ကုမ္ပဏီကြီးများသည် ပြည်တွင်းပြည်တွင်း ကုမ္ပဏီများထက် နည်းပညာ၊ အတွေ့အကြုံနှင့် ငွေကြေးအင်အား သာလွန်နေသောကြောင့် ရေရှည် ယှဉ်ပြိုင်ရာတွင် အင်အား သာလွန်သော အဆိုပါ ကုမ္ပဏီများက ဝါးမျိုသွားမည်ကို စိုးရိမ်သောကြောင့်ဟု အဆိုပါ လွှတ်တော် ကိုယ်စားလှယ် ဦးမျိုးဆွေက ဆိုသည်။

ထို့ကြောင့် အော်ပရေတာ လိုင်စင်ကို ပြည်တွင်းပြည်ပ ကုမ္ပဏီများ ဖက်စပ်လုပ်ကိုင် စေသင့်ကြောင်း ၎င်းကတင်သွင်းသည့် အဆိုတွင် ဖော်ပြထားသည်။“ပြည်တွင်းကုမ္ပဏီတွေ ပြုတ်သွားနိုင်တယ်။ နည်းပညာအရရော အရင်းအနှီးအရရော ပြည်တွင်း ကုမ္ပဏီတွေကို ဝါးမျို သွားမယ်။ ဝါးမျိုသွားရုံတင် မဟုတ်ဘူး ဆက်သွယ်ရေး အော်ပရေတာ လုပ်ငန်းကို ပြည်ပကုမ္ပဏီတွေ လုပ်သွားနိုင်မယ်ဆိုတဲ့ သဘောဖြစ်သွားမယ်” ဟု ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားသည်။

ရင်းနှီးမြှုပ်နှံမှုများသည် စွန့်စားမှု လိုအပ်သည်မှာ မှန်သော်လည်း ယုံကြည်မှု ပျောက်သွား စေနိုင်လောက်သော အနေအထားမျိုးတွင်မူ ရင်းနှီးမြှုပ်နှံမှု ပြုမည် မဟုတ်ကြောင်း ပြည်တွင်းတွင် ဆက်သွယ်ရေး အော်ပရေတာ တစ်နေရာအတွက် တင်ဒါ ဝင်ရောက် ယှဉ်ပြိုင်နေသော အာရှအင်အား ကြီး နိုင်ငံတစ်ခုမှ ဆက်သွယ်ရေး ကုမ္ပဏီကြီး တစ်ခု၏ တာဝန်ရှိသူတစ်ဦးက မှတ်ချက်ပေးသည်။

“ရင်းနှီးမြှုပ်နှံမှု ဆိုတာကတော့ အနည်းနဲ့အများ Risk ယူရမှာပဲ။ ပြည်ပ ကုမ္ပဏီတွေက ဥပဒေ မထွက်သေးတာ သိသိကြီးနဲ့ ဝင်လျှောက်နေကြတာပဲလေ။ ဥပဒေ ထွက်လာရင် ပြီးသွားမှာပဲကို။ ဥပဒေက ပြည်တွင်းကိစ္စ ။ နိုင်ငံတကာက ဝင်ရောက်လာမယ့် ရင်းနှီးမြှုပ်နှံသူတွေရဲ့ ယုံကြည်မှု ပျောက်သွားတာကတော့နှမျောဖို့ ကောင်းတယ်” ဟု ၎င်းကဆိုသည်။ယခင်က မြန်မာ့စီးပွားရေး လုပ်ငန်းတစ်ခုအပေါ် ကမ္ဘာတစ်ဝန်းက ယခုကဲ့သို့ စိတ်ဝင်တစား စောင့်ကြည့်နေခြင်းမျိုး မရှိခဲ့ကြောင်း ယခုတစ်ကြိမ်သာ ရှိကြောင်း ၎င်းက ရှင်းပြသည်။

“လာသမျှ အားလုံးကလည်း မျှမျှတတ ရှိပါတယ်လို့ပဲ ပြောကြတယ်။ ဒီကိစ္စက ဖေဖော်ဝါရီလ ကတည်းက ကြေညာထားတာ။ အဲဒီကတည်းက ဥပဒေက မရှိတာပဲလေ။ ဒီနေ့မှ ကပ်လုပ်တာ ဘာကြောင့်လဲ ဆိုတာ စဉ်းစားရခက်တယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

တယ်လီနော် ကုမ္ပဏီအနေဖြင့် တင်ဒါလုပ်ငန်းများကိုသာ စိတ်ဝင်စားပြီး တင်ဒါကြေညာမည့် အချိန်ကို စောင့်မည် ဖြစ်ကြောင်း အခြားမှတ်ချက် မပေးနိုင်သေးကြောင်း ဆက်သွယ်ရေး အော်ပရေတာ တစ်နေရာအတွက် တင်ဒါ ဝင်ရောက် ယှဉ်ပြိုင်နေသော နော်ဝေ အခြေစိုက် တယ်လီနော် ကုမ္ပဏီက The Voice သို့ပြန်ကြားသည်။

“ဒီနေ့ လာတော့ ဥပဒေစာအုပ်တွေ မပါလာဘူး။ အဲဒီအဆိုက အရေးကြီးအဆို ဖြစ်သင့်သလား ပုံမှန်အဆို ဖြစ်သင့်သလား ဆိုတာတွေကို မဆွေးနွေးနိုင်ဘူး။ ပွင့်ပွင့်လင်းလင်း ပြောရရင် ဥပဒေစာအုပ်များ ပါမလာတဲ့ အချက်ရယ် ဒီဟာက ပြင်ဆင်ပြီး ပြောရမယ့် ကိစ္စဖြစ်တဲ့ အတွက်ကြောင့် ယေဘုယျအားဖြင့် ကျွန်တော် သဘောတူတယ်လို့ မှတ်ယူလို့ ရပါတယ်။ ဒါပေမဲ့ ကျွန်တော် ဘဝင်တော့ သိပ်မကျဘူး” ဟု သင်္ဃန်းကျွန်း မြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က မှတ်ချက်ပေးသည်။

အစိုးရနှင့် နီးစပ်သူ တစ်ဦးကမူ လွှတ်တော်တွင် လုပ်ငန်းရှင်ကြီးများ ကြီးစိုးနေမှုကြောင့် ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် ကိုယ်ကျိုးစီးပွားကို ပိုမိုရှေးရှုကြကြောင်း၊ နိုင်ငံသားများအတွက် ကြည့်မည် ဆိုပါက နိုင်ငံတကာ ဆက်သွယ်ရေး ကုမ္ပဏီများ၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာခြင်းသာ အကျိုးများမည် ဖြစ်ကြောင်း၊ လွှတ်တော် ကိုယ်စားလှယ်အားလုံး သဘောတူသည် ဆိုသည်မှာလည်း ကြိုတင် ကြေညာထားခြင်း မရှိဘဲ ကြေညာခြင်း၊ ထမင်းစားနားချိန်နီးမှ ကပ်ကြေညာခြင်းတို့ကြောင့် ဖြစ်ဖွယ်ရှိကြောင်း သုံးသပ်ပြသည်။

ဆက်သွယ်ရေး အော်ပရေတာ ရာထူးကို ပြည်တွင်းမှ ကုမ္ပဏီနှစ်ခုနှင့် ပြည်ပကုမ္ပဏီနှစ်ခုတို့က အပြိုင် ဆောင်ရွက်သွားရန် ရည်ရွယ်ထားပြီး ပြည်ပကုမ္ပဏီများကို ပြီးခဲ့သောနှစ်မှ စတင်၍ တင်ဒါ ခေါ်ယူခဲ့ပြီး နောက်ဆုံး ကျန်ရစ်သည့် ကုမ္ပဏီ ၁၁ ခုမှ နှစ်ခုကို ဇွန်လ ၂၇ ရက်နေ့တွင် ရွေးချယ်ရန် မူလက စီစဉ်ခဲ့ခြင်း ဖြစ်သည်။

ယင်းကုမ္ပဏီ လေးခုမှ ၂၀၁၃ ခုနှစ်မှ ၂၀၁၆ ခုနှစ်အတွင်း မိုဘိုင်းဖုန်း အလုံးရေ သုံးဆယ့်ကိုးသန်း ငါးသိန်း ရောင်းချပေးနိုင်ရန် ရည်ရွယ်ထားပြီး ၂၀၁၃-၁၄ တွင် လိုင်း ၁၀ သန်း၊၂၀၁၄-၁၅ တွင် လိုင်း ၁၄ သန်း၊ ၂၀၁၅-၁၆ တွင် ၁၅ ဒသမ ၅ သန်း တပ်ဆင်မည် ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းထံမှ သိရသည်။

လူဦးရေ သန်း ၆၀ ရှိသော နိုင်ငံတွင် ၂၀၁၆ ခုနှစ်တွင် လူဦးရေ၏ ၇၅ ရာခိုင်နှုန်းမှ ၈၀ ရာခိုင်နှုန်းအထိ သုံးစွဲမှုနှုန်း မြင့်မားလာရေး ဆောင်ရွက်ရန် လုပ်ဆောင်နေခြင်းကြောင့် နိုင်ငံတကာ ကုမ္ပဏီကြီးများက ပြည်တွင်းမိုလ်ဘိုင်း ဆက်သွယ်ရေး ဈေးကွက်သို့ အပြိုင် တိုးဝင်လာခြင်း ဖြစ်သည်။

Ref: The Voice Weekly

0 comments:

Post a Comment