28.7.13

အပစ်အခတ် ရပ်စဲရေး ပါကစ္စတန် ချိုးဖောက်ဟု အိန္ဒိယ စွပ်စွဲ

ဆန်ဘ ဒေသတွင်းရှိ အိန္ဒိယရှေ့တန်း စစ်စခန်းကို ပါကစ္စတန် တပ်ဖွဲ့ဝင် များက လက်နက်ငယ်များ၊ လောင်ချာများဖြင့် ပစ်ခတ်ခြင်း၊ ပွန့်ဒေသရှိ ထိန်းချုပ်ရေး မျဉ်းကြောင်းကို ကျူးကျော် ဖြတ်သန်းခြင်း စသည့် အပြုအမူ များ ပြုလုပ်ခြင်းဖြင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ကို ပါကစ္စတန်နိုင်ငံက ချိုးဖောက်နေကြောင်း Times of India သတင်းတွင် စွပ်စွဲ ဖော်ပြထားသည်။


ဆန်ဘဒေသ ဟီရာနာဂါ အရပ်ရှိ အိန္ဒိယ ရှေ့တန်းစခန်း တစ်ခုကို ပါကစ္စတန် တပ်ဖွဲ့ဝင်များက ညနေ ၅ နာရီ ၃၀ မိနစ်အချိန်တွင် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း အိန္ဒိယ လုံခြုံရေး အရာရှိ တစ်ဦးက ပြောကြားသွား သည်။

ယင်းကဲ့သို့သော တိုက်ခိုက်မှုသည် အပစ်အခတ် ရပ်စဲရေး သဘော တူညီချက်ကို ၁၀ နာရီကြာ အချိန်အတွင်း ဒုတိယအကြိမ် ချိုးဖောက်မှု ဖြစ်သည်။

ပွန့်ဒေသရှိ အိန္ဒိယ စစ်စခန်းများကိုလည်း ပါကစ္စတန် တပ်ဖွဲ့ဝင်များက စနေနေ့ နံနက် ၇ နာရီ ၃၀ မိနစ် အချိန်ခန့်က လက်နက်ငယ်များဖြင့် စတင် ပစ်ခတ်ခဲ့ခြင်းကြောင့် အိန္ဒိယတပ်ဖွဲ့ဝင်များက တုံ့ပြန် ပစ်ခတ်ခဲ့သည်။

“အပြင်းအထန် ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပါတယ်” ဟု ဂျဂူးဒေသဆိုင်ရာ စစ်ဘက် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ပယ်တာက ပြောကြားသွားသည်။

ပစ်ခတ်မှုများကြောင့် အိန္ဒိယ တပ်ဖွဲ့ဝင် တစ်ဦးတစ်ယောက်မျှ ထိခိုက် ဒဏ်ရာ ရရှိခြင်းမရှိသော်လည်း ပါကစ္စတန် တပ်ဖွဲ့ဝင် တစ်ဦး သေဆုံး သွားခဲ့ပြီး တစ်ဦး ပြင်းထန်စွာ ဒဏ်ရာ ရရှိသွားသည်။

“နှစ်ဖက် အစိုးရတွေက ဆက်ဆံရေး တိုးမြှင့်ဖို့ ကြိုးပမ်းနေချိန်မှာ ဒီလို တိုက်ခိုက်မှု ပေါ်ပေါက်လာတာ အရမ်း ကံဆိုးပါတယ်” ဟု ပါကစ္စတန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်သည်။

ယခုပစ်ခတ်မှု ဖြစ်ပွားခြင်းသည် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ကို ဇူလိုင် ၁ ရက်နေ့ နောက်ပိုင်း ပဉ္စမအကြိမ်မြောက် ချိုးဖောက်မှု ဖြစ်ကြောင်း အိန္ဒိယ ကာကွယ်ရေး အရာရှိများက ပြော ကြားသွားသည်။

ပြီးခဲ့သည့် ဇူလိုင် ၈ ရက်နေ့ကလည်း ဒဏ်ရာ ရရှိနေသည့် အထမ်းသမား တစ်ဦးကို ကယ်ဆယ်ရန် ကြိုးပမ်းသည့် အိန္ဒိယ တပ်ဖွဲ့ဝင်များကို ပါကစ္စတန် တပ်ဖွဲ့ဝင်များက ပစ်ခတ် တိုက်ခိုက်ခဲ့သည်။

အိန္ဒိယ - ပါကစ္စတန် နယ်စပ်ရှိ ထိန်းချုပ်ရေးမျဉ်းအနီး အိန္ဒိယ တပ်ဖွဲ့ဝင် နှစ်ဦး ဇန်နဝါရီလအတွင်း သတ်ဖြတ်ခံခဲ့ရပြီးနောက် နှစ်နိုင်ငံ တင်းမာမှုများ မြင့်တက်လာခဲ့ကြောင်း Times of India သတင်းတွင် ဖော်ပြ ထားသည်။

နျူကလီးယား လက်နက် ပိုင်ဆိုင်ထားသော အိန္ဒိယနှင့် ပါကစ္စတန် နှစ်နိုင်ငံ ကြား ၁၉၄၇ ခုနှစ်၊ ၁၉၇၆ ခုနှစ်၊ ၁၉၇၁ ခုနှစ်နှင့် ၁၉၉၉ ခုနှစ်များတွင် စစ်ပွဲကြီး လေးကြိမ် ဖြစ်ပွားခဲ့ပြီး နယ်စပ် ပဋိပက္ခများ မကြာခဏ ဖြစ်ပွားလေ့ ရှိသည်။

The Voice Weekly

0 comments:

Post a Comment