17.7.13

ခေတ်ကာလနှင့် လိုက်လျောညီထွေ ဖြစ်စေမည့် မြန်မာနိုင်ငံ ကင်းထောက်ဥပဒေ ရေးဆွဲမည်

မြန်မာနိုင်ငံ ကင်းထောက်ဥပဒေအား ခေတ်နှင့်လျော် ညီ သည့် နိုင်ငံတကာ အဆင့်မီ ကင်းထောက်ဥပဒေ ဖြစ်စေရေး အတွက် ရေးဆွဲသွားမည်ဟု သိရသည်။ မြန်မာနိုင်ငံ၏ ကင်းထောက် များ ကမ္ဘာ့ကင်းထောက် အဖွဲ့အစည်းများတွင် ပါဝင်လာနိုင်ပြီး နိုင်ငံတကာ ကင်းထောက်အဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက် လာနိုင်စေရေးတို့အတွက် ရည်ရွယ် ၍ ခေတ်နှင့်လျော်ညီသည့် မြန်မာနိုင်ငံ ကင်းထောက် ဥပဒေကို ရေးဆွဲသွားမည်ဖြစ်ပြီး အဆိုပါ ဥပဒေရေး ဆွဲရာတွင် မြန်မာနိုင်ငံ၏ ကင်းထောက်များအား ခေါ်ဝေါ်မည့် အမည်၊ ကင်းထောက်များ၏ အမှတ်အသားနှင့် တံဆိပ်၊ အဓိပ္ပာယ်၊ ကင်းထောက်အဖွဲ့အစည်းတွင် ပါဝင်ဖွဲ့စည်းမည့် ပုဂ္ဂိုလ်များ၊ ကင်းထောက်များ ဖွဲ့စည်းပုံနှင့် အရေအတွက်၊ လုပ်ငန်းတာဝန်နှင့် ရာထူးများ၊ ချိတ်ဆက်ဆောင်ရွက်မည့် လုပ်ငန်းများနှင့် ငွေကြေးလည်ပတ်မှု အခြေအနေ၊ ရန်ပုံငွေ အဖွဲ့အစည်းများ စသဖြင့် အသေးစိတ်ပါဝင် ရေးဆွဲသွားမည် ဖြစ်သည်။


"မြန်မာနိုင်ငံမှာ ကင်းထောက်ပြန်လည်ဖွဲ့တဲ့ အချိန်တုန်းက အာဆီယံက ကင်းထောက်တွေလာပြီး လေ့လာခဲ့ပါတယ်။ မြန်မာနိုင်ငံဟာ တစ်ချိန်တုန်းက ကင်းထောက်လုပ်ငန်းတွေမှာ အောင်အောင်မြင်မြင် ဆောင်ရွက်လာခဲ့တဲ့ နိုင်ငံတစ်ခု ဖြစ်ခဲ့တယ်။ အခုအချိန်မှာလည်း ကင်းထောက်လုပ်ငန်းတွေ ပြန်လည်အသက်ဝင်လာနေတဲ့ အချိန်လည်း ဖြစ်တယ်။ မြန်မာနိုင်ငံမှာ ကင်းထောက်ဖွဲ့စည်းပြီး မကြာသေးမီ အချိန်ကပဲ အာရှ-ပစိဖိတ် ဒေသက ကင်းထောက်တွေ မြန်မာနိုင်ငံကို လာခဲ့တယ်။ သူတို့တွေ အနေနဲ့လည်း တစ်ချိန်တုန်းက ကင်းထောက်လုပ်ငန်းတွေမှာ အောင်မြင်ခဲ့တဲ့ မြန်မာနိုင်ငံကိုလည်း ကမ္ဘာ့အဖွဲ့မှာ ပြန်လည်ပါဝင်စေချင်ကြတယ်။ မြန်မာ့ကင်းထောက်တွေကလည်း ကမ္ဘာ့ကင်းထောက်တွေနဲ့လည်း ချိတ်ဆက်ပြီး ဆောင်ရွက်နေကြမှာဆိုတော့ နိုင်ငံတကာ စံချိန်မီ ဥပဒေဖြစ်ဖို့အတွက်ကို အဓိက ဖြစ်နေပါတယ်။ ဒါကြောင့် ခေတ်နဲ့လျော်ညီတဲ့ ကင်းထောက်ဥပဒေဖြစ်ဖို့ကို ရေးဆွဲသွားမှာ ဖြစ်ပြီးတော့ ကမ္ဘာ့ကင်းထောက် အဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းပြီး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်" ဟု မြန်မာနိုင်ငံ ဗဟိုအဆင့် ကင်းထောက်သင်တန်း ပို့ချရေးကော်မတီ ဥက္ကဋ္ဌ ဦးတင်ညိုက ဆိုသည်။

မြန်မာနိုင်ငံ၌ ၁၉၅၇ ခုနှစ် ကတည်းကပင် ကင်းထောက်ဖွဲ့စည်းပုံ ဥပဒေများ ရှိခဲ့သော်လည်း ကမ္ဘာ့ကင်းထောက် အဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ရေး ခေတ်ကာလနှင့် လိုက်လျော်ညီထွေ ဖြစ်စေမည့် ဥပဒေအဖြစ် ပြန်လည်ရေးဆွဲရန် စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Eleven Media Group

ကင်းထောက်များ၏ မှတ်တမ်းဓာတ်ပုံများနှင့် ကင်းထောက်အမှတ် တံဆိပ်များကို တွေ့ရစဉ်

0 comments:

Post a Comment