17.7.13

အီတလီအခြေစိုက် ကမ္ဘာကျော် FERRERO အမှတ်တံဆိပ် ချောကလက် မြန်မာနိုင်ငံတွင် တရားဝင်ကိုယ်စားလှယ်ဖြင့် စတင်ဖြန့်ချိ

အီတလီနိုင်ငံ အခြေစိုက် FERRERO အမှတ်တံဆိပ် ကုန်ပစ္စည်း ချောကလက်များကို မြန်မာနိုင်ငံတွင် တရားဝင် ကိုယ်စားလှယ်ဖြင့် တိုက်ရိုက်တင်သွင်း ခွင့်ပြုပြီး မြန်မာဈေးကွက်အတွင်း စတင်ဖြန့်ချိ မည်ဖြစ်ကြောင်း ဇူလိုင် ၁၅ ရက်တွင် Park Royal Hotel ၌ ပြုလုပ်သည့် မြန်မာနိုင်ငံအတွက် တရားဝင်ကိုယ်စားလှယ် ပေးအပ်သည့် အခမ်းအနားမှ သိရသည်။


အီတလီနိုင်ငံ အခြေစိုက် FERRERO product မှ အရောင်းမန်နေဂျာ Mr. Marcello Gallo က "တရားဝင် ကိုယ်စားလှယ် ရယူပြီး မြန်မာတစ်နိုင်ငံလုံးကို ရောင်းချပါမယ်။ ကျွန်တော်တို့ကုမ္ပဏီ အနေနဲ့ အရှေ့တောင်အာရှမှာဆိုရင် တရုတ်၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ မလေးရှား၊ ဘရူးနိုင်း၊ စင်ကာပူ၊ ထိုင်းနိုင်ငံတွေမှာ တရားဝင် ဖြန့်ချိနေပါတယ်။ အခုမှ ဒီမှာတရားဝင် ပေးတာပါ" ဟု Park Royal Hotel ၌ ပြုလုပ်သည့် မြန်မာနိုင်ငံအတွက် တရားဝင်ကိုယ်စားလှယ် ပေးအပ်သည့် အခမ်းအနားတွင် ပြောကြားသည်။

မြန်မာနိုင်ငံအတွက် အီတလီနိုင်ငံ အခြေစိုက် FERRERO မှ တရားဝင်တိုက်ရိုက် ဖြန့်ချိနိုင်ရန်အတွက် မြန်မာနိုင်ငံမှ Premiun Distribution Company နှင့် Pahtama Group တို့ကို တရားဝင်ကိုယ်စားလှယ်အဖြစ် ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

"ဈေးကွက်ထဲမှာ FERRERO အမှတ်တံဆိပ် ချောကလက်တွေက အရင်ကတည်းက ရှိပါတယ်။ တရုတ်နဲ့ ထိုင်းနိုင်ငံဘက်ကနေ တရားမ၀င် တင်သွင်းကြတာတွေဆိုတော့ အရည်အသွေးပိုင်းက မကောင်းဘူး။ အခုက အီတလီက တိုက်ရိုက်တင်သွင်းမှာဆိုတော့ မှိုတက်တာတွေ၊ ဆီချေးစော်နံတာတွေ မရှိဘဲ အရည်အသွေးပိုင်းမှာ စိတ်ချရပါတယ်။ စူပါမားကက်တို့၊ စင်တာတို့မှာ FERRERO Counter ဖွင့်ပြီး ရောင်းချသွားမှာပါ" ဟု Premium Distribution Company မှ Marketing Executive မချောငယ်ငယ်ချစ်က ပြောပြသည်။

အဆိုပါ FERRERO ထုတ်ကုန်များတွင် Ferrero Rocher, Kinder, Nutella, Tic Tac စသည့် ချောကလက်ဆက်စပ် ကုန်ပစ္စည်းများပါဝင်ပြီး အမေရိကန်၊ ဥရောပနှင့် အာရှစသည့် နိုင်ငံပေါင်း ၃၃ နိုင်ငံတွင် ရောင်းချလျက်ရှိပြီး လူကြိုက်များသည့် အမှတ်တံဆိပ် တစ်ခုဖြစ်ကြောင်း သိရသည်။

Eleven Media Group

FERRERO ထုတ်ကုန်မှ အရှေ့တောင်အာရှ၏ Brand Manager များကို တွေ့ရစဉ်

0 comments:

Post a Comment