1.7.13

ပြင်ဦးလွင်မြို့တွင် ရပ်ထားသည့် ဆိုင်ကယ်မှ ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပြီး နှစ်ဦးဒဏ်ရာရ

ပြင်ဦးလွင် အားကစားကွင်း တိုက်တန်းရှေ့တွင် ပေါက်ကွဲမှုကြောင့် ပျက်စီးသွားခဲ့သော ဆိုင်ကယ်ကို တွေ့ရစဉ်

ပြင်ဦးလွင်မြို့တွင် ဇွန် ၃၀ ရက် မွန်းလွဲ ၁ နာရီ ၀န်းကျင်ခန့်က ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပြီး နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ ပြင်ဦးလွင်-လာရှိုး လမ်းမကြီးပေါ်ရှိ ပြင်ဦးလွင် အားကစားကွင်း တိုက်တန်းရှေ့တွင် ရပ်ထားသည့် မော်တော်ဆိုင်ကယ်မှ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အဆိုပါ နေရာတွင် ဖြတ်သန်းသွားလာ နေသူနှစ်ဦး အနည်းငယ် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။"လားရှိုးလမ်းမပေါ်က နေမင်း ဂျုံ၊ ပြောင်း၊ ပဲ၊ နှမ်းပွဲရုံရှေ့မှာ ရပ်ထားတဲ့ ဆိုင်ကယ်ကနေ ပေါက်ကွဲတာ။ အားကစားကွင်း တိုက်တန်းက ဆိုင်ခန်းအချို့မှာ ပေါက်ကွဲမှုကြောင့် ပျက်စီးသွားတာတွေ ရှိတယ်။ ဗိုလ်လောင်းတစ်ဦးနဲ့ နောက်တစ်ဦးလည်း အနည်းငယ် ထိခိုက်ဒဏ်ရာရတယ်။ တစ်ဦးကိုတော့ ဆေးခန်းကနေ ဆေးရုံတင်လိုက် ရတယ်လို့ သိရတယ်" ဟု ပြင်ဦးလွင်မြို့မှ ကိုဖိုးဇော်က ပြောသည်။

"ပေါက်ကွဲမှု ဖြစ်ပြီးတော့ စစ်တပ်နဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေ ရောက်လာပြီး စစ်ဆေးမှုတွေ ချက်ချင်းလုပ်တယ်။ ဆိုင်ကယ်ပိုင်ရှင် မသိရဘူး။ ဘယ်ချိန်က လာရပ်ထားတယ်ဆိုတာ မသိရဘူး။ ပေါက်ကွဲမှုဖြစ်တဲ့ တိုက်ခန်းနားက ဆိုင်ရှင်အမျိုးသမီး တစ်ဦးလည်း ထိခိုက်ဒဏ်ရာ ရတယ်လို့ သိရတယ်။ ဒဏ်ရာရတဲ့သူ နောက်နှစ်ဦးက ဗိုလ်လောင်းတစ်ဦးနဲ့ တပ်ကြပ်ကြီးတစ်ဦးလို့ သိရတယ်" ဟု ပြင်ဦးလွင် မြို့ခံတစ်ဦးက ပြောသည်။ "ဘာကြောင့်ဖြစ်တယ်ဆိုတာ ကျွန်တော်တို့ စိစစ်ဆဲပါ။ ဆိုင်ကယ်က ပေါက်တယ်လို့ အတိအကျပြောလို့ မရနိုင်သေးပါဘူး။ တရုတ်ဆိုင်ကယ် ဖြစ်တယ်။ အကြောင်းကြောင်းကြောင့် ၀ိုင်ယာရှော့ဖြစ်ပြီး ဓာတ်ဆီနဲ့လောင်လို့ ပေါက်ကွဲတာလည်း ဖြစ်နိုင်ပါတယ်။ အများပြောနေတဲ့ ဗုံးလာကပ်တာလည်း ဖြစ်နိုင်ပါတယ်။ အတိအကျ မသိသေးပါဘူး။ ပေါက်ကွဲသွားတဲ့ ဆိုင်ကယ်နဲ့ ပတ်သက်ပြီး စုံစမ်းနေပါတယ်" ဟု မန္တလေးတိုင်းဒေသကြီး တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးစိုးငြိမ်းက ဇွန် ၃၀ ရက် ညပိုင်းက မြန်မာ့ရုပ်မြင်သံကြား သတင်းအစီအစဉ်တွင် ပြောကြားခဲ့သည်။

Ref: EMG

0 comments:

Post a Comment