28.9.13

ကော့သောင်းထောင်တွင် ဆန္ဒပြ၍ ရွှေ့ပြောင်းခံရသော အကျဉ်းသားများ မော်လမြိုင်သို့ ရောက်ရှိ

အကျဉ်းထောင်တွင်း ဆူပူဆန္ဒပြသည်ဟုဆိုကာ တနင်္သာရီတိုင်းဒေ သကြီး၊ ကော့သောင်းမြို့ အကျဉ်းထောင်မှ ရွှေ့ပြောင်း ခံခဲ့ရသော အကျဉ်းသားများသည် စက်တင်ဘာလ ၂၆ ရက်နေ မွန်းတည့် ၁၂ နာရီအချိန်တွင် မွန်ပြည်နယ် မော်လမြိုင်မြို့ အကျဉ်းထောင် သို့ ရောက်ရှိခဲ့ကြောင်း မွန်ပြည်နယ် ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။


ကော့သောင်းထောင်မှ ရွှေ့ပြောင်း ခံခဲ့ရသည့် အကျဉ်းသား ၁၂၀ ကျော်ကို ကမ်းရိုးတန်းသွား သင်္ဘောဖြင့် မော်လမြိုင် အကျဉ်းထောင်သို့ ပို့ဆောင်ခဲ့ခြင်း ဖြစ်ပြီး လမ်းတွင် ကိုးရက်နီးပါး ကြာမြင့်ခဲ့ကြောင်း အကျဉ်းသား မိသားစုဝင် ဒေါ်လှလှနွယ်က ပြောကြားသည်။

အဆိုပါ အကျဉ်းသားများကို စက်တင်ဘာလ ၁၃ ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကော့သောင်း အကျဉ်းထောင်အတွင်း ဆန္ဒပြ ဆူပူသည်ဟုဆိုကာ ပစ်ခတ်ထိန်းသိမ်းခဲ့ပြီး စက်တင်ဘာ ၁၈ ရက်နေ့မှ စတင်ကာ ရေကြောင်းခရီးဖြင့် ကော့သောင်းမြို့မှ မော်လမြိုင်မြို့သို့ ပို့ဆောင်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ရေလမ်းခရီးတွင် ရာသီဥတု အခြေအနေ မကောင်းသဖြင့် ပင်လယ်တွင်းရှိ ကျွန်းတစ်ကျွန်းတွင် ဆိုက်ကပ် ရပ်နားခဲ့ရကြောင်း၊ အဆိုပါကျွန်းရှိ ဒေသခံများထံမှ အစားအသောက်များ ကူညီ ထောက်ပံ့ပေးခဲ့ကြောင်း အကျဉ်းသား မိသားစုဝင် အချို့က ပြောဆိုသည်။
“အခု အကျဉ်းသားတွေ ကိစ္စကို လူ့အခွင့်အရေး ကော်မရှင်က လာစစ်နေတယ်” ဟု မော်လမြိုင်မြို့ခံ ဦးရန်နိုင်ထွန်းက ဆိုသည်။

အကျဉ်းသားများကို မုပွန်ရေတပ်စခန်းမှ မော်လမြိုင် အကျဉ်းထောင်သို့ အမိုးဖွင့် ၁၀ ဘီးကားဖြင့် ပို့ဆောင်ခဲ့ကြောင်း၊ မော်လမြိုင် အကျဉ်းထောင်သို့ နေ့လယ် ၁၂ နာရီ ဝန်းကျင်တွင် ရောက်ရှိခဲ့ ကြောင်း ကိုယ်တိုင် သွားရောက် ကြည့်ရှုခဲ့သူ ဦးကြည်ဇော်လွင်က ပြောကြားသည်။

စက်တင်ဘာလ ၁၃ ရက်နေ့က ဖြစ်ပွားခဲ့သော အကျဉ်းထောင်တွင်း ဆူပူ ဆန္ဒပြမှုများကြောင့် လုံခြုံရေး ဝန်ထမ်းများက ပစ်ခတ်နှိမ်နင်းခဲ့ရာ အကျဉ်းသားတစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး အခြားခုနစ်ဦးကို ဆေးရုံသို့ တင်ပို့ခဲ့သည်။

ဆေးကုသမှု ခံယူနေသည့် ယင်းအကျဉ်းသားများမှ စက်တင်ဘာ ၁၇ ရက်နေ့တွင် အကျဉ်းသားတစ်ဦး ထပ်မံသေဆုံးပြီးနောက် စက်တင်ဘာလ ၁၈ ရက်နေ့ ညနေပိုင်းတွင် အကျဉ်းသား ၁၂၀ ကို ကော့သောင်းမြို့ရှိ တော်ဝင် သင်္ဘောဆိပ်မှ တစ်ဆင့် ‘ပြည့်ဖြိုးထွန်း ၁၅’ သင်္ဘောဖြင့် တင်ဆောင်၍ ရွှေ့ပြောင်းခဲ့ခြင်း ဖြစ်သည်။

ယင်းသို့ စတင်ရွှေ့ပြောင်းပြီး ရှစ်ရက် အကြာတွင် မော်လမြိုင်မြို့ သို့ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။ အကျဉ်းထောင်တွင်း ဆူပူဆန္ဒပြမှု အပေါ် ပစ်ခတ်နှိမ်နင်းခြင်း၊ ပစ်ခတ်မှုတွင် ပွဲချင်းပြီး သေဆုံးခဲ့သည့် အကျဉ်းသားကို မည်သည့် နေရာတွင် မည်ကဲ့သို့ သင်္ဂြိုဟ်ခဲ့ခြင်း၊ အကျဉ်းသားများကို နေရာပြောင်းရွှေ့ခြင်းနှင့် ပတ်သက်၍ သက်ဆိုင်ရာ အစိုးရ အာဏာပိုင်များက တစ်စုံတစ်ရာ ထုတ်ပြန် ကြေညာခြင်း မရှိသေးသဖြင့် အမြန်ဆုံး ထုတ်ပြန်ပေးရန် တောင်းဆို ထားကြောင်း ကော့သောင်းမြို့ ဒီမိုကရက်တစ်ပါတီ (မြန်မာ) မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

The Voice Weekly

0 comments:

Post a Comment