12.10.13

အဂ္ဂမဟာပဏ္ဍိတ အဘိဓဇမဟာရဋ္ဌဂုရု ဆရာတော်ဘုရားကြီး ဦးသေဋ္ဌိလ သက်တော် ၉၂ နှစ်တွင် တွေ့ဆုံလျှောက်ထားမေးမြန်းခန်းမှ ဆုံးမစကား

မေး။ ။ ဆရာတော်ဘုရား၊ တပည့်တော်တို့နဲ့တကွ ပရိသတ်များအတွက် ဆုံးမ
စကားလေးတို့ကို မြွက်ကြားတော်မူပါဦး ဘုရား။

ဖြေ။ ။ ဆုံးမစကားကတော့ ခုန ဘုန်းကြီးပြောတဲ့အထဲမှာလည်း ပါနေပါပြီ။ ရှေး
တုန်းကလည်း မေးကြပါတယ်။ အကျဉ်းချုပ်အားဖြင့် ပုံဝတ္ထုလေးတစ်ခု တရုတ်
ပြည်မှာ အင်ပါယာတွေအုပ်စိုးတုန်းက နန်းရင်းဝန်ကြီးတစ်ယောက်က ဆရာတော်
ဘုရားကြီးတစ်ပါးကို မေးဖူးပါတယ်။ အရှင်ဘုရား ကမ္ဘာလောကမှာရှိတဲ့ ယောကျာ်း
ဖြစ်စေ၊ မိန်းမဖြစ်စေ အရေးအကြီးဆုံး အလုပ်ဟာ ဘာပါလဲဘုရားလို့မေးတဲ့အခါ
ပေါ့လေ။ ဆရာတော်ကြီးက အရေးအကြီးဆုံးဟာ သြဝါဒ ပါတိမောက်မှာလာတဲ့
အတိုင်း မကောင်းတာမှန်သမျှ မလုပ်နဲ့၊ ကောင်းတာမှန်သမျှ လုပ်ပါ။ ဆိုလိုရင်းက
အကုသိုလ်မှန်သမျှ မလုပ်နဲ့၊ ကုသိုလ်ကိုလုပ်ပါ၊ ဒါတင်မပြီးသေးဘူး။ စိတ်ကိုစင်
ကြယ်အောင်ထားပါ၊ လူတွေဟာ စိတ်စင်ကြယ်ရင် လူစင်ကြယ်တာပဲ။ စိတ်ကောင်း
ရင် သူတော်ကောင်းပဲ။

ဘုရားလည်း ထပ်ခါ ထပ်ခါဟောတော့ ခုဟာ အသံလွှင့်ဆိုတော့ တိုနိုင်သမျှ တို
တိုပြောရတော့ ပါဠိတွေ ဘာတွေ ရွတ်နေရင် ရှည်နေမှာစိုးလို့ လိုရင်းကတော့ ဒါ
ပါပဲ။ စိတ်ကို စင်စင်ကြယ်ကြယ်ထားပါ။ အေးအေးထားပါ။ စင်ကြယ်ခြင်း စင်ကြယ်
တဲ့ပုဂ္ဂိုလ်ဟာ သူတော်ကောင်းပဲ။ အဲဒီလိုသာနေသွားမယ်ဆိုရင် ခုနပြောတဲ့ စိတ်
အေးဆိုတာ ဘာပြောတာတုံး၊ ပူတာ ဘာပြောတာလဲဆိုရင် အပူလောင်တဲ့မီး အား
လုံးသိကြတဲ့အတိုင်း၊ ဘုရားသခင်လဲ ထပ်ခါထပ်ခါ ဟောတော်မူတဲ့အတိုင်း လူတွေ
ကိုအလောင်ဆုံး မီးဟာ ဘုန်းကြီးတို့ ဗုဒ္ဓဘာသာ တိုင်းပြည်မှာတော့ ကလေးကစ
သိပါတယ်။ ကျင့်သာမကျင့်နိုင်တာ။

အပူလောင်ဆုံးဟာ ဘာလဲဆိုရင် လောဘမီး. လိုချင်တယ်ဆိုတဲ့မီးဟာ အိပ်ရာက
နိုးရင် ဘာကစလဲ၊ လိုချင်တာကစတယ်။ တစ်နေ့လုံးပေးချင်တယ်ဆိုတဲ့ စိတ်ဟာ
ကုသိုလ်စိတ်။ လိုချင်တယ်ဆိုတဲ့ စိတ်ဟာ လောဘစိတ် မီးလောင်တော့တာဘဲ။
အဲးင်္လောဘအတွက်ကြောင့် လူတွေဟာ တစ်နေ့လုံး စားဝတ်နေရေး၊ စားဝတ်နေ
ရေးတင် မကတော့ဘူး။ အဲဒီမှာ လောဘ၊ ဟိုဟာလေးမြင်လိုချင်၊ ဒီဟာလေးမြင်
လိုချင် မီးထတောက်နေရတဲ့ဥစ္စာ။ အဲ လောဘပြီး ဘာလာတုံး။ လောဘ လိုချင်
တာလေး အဆင်မပြေရင်၊ မရရင် ဒေါသမီးတောက်ပြီ။ ဒေါသမီးတောက်တော့ ပူ
လောင်တော့တာပေါ့။

အဲဒိလိုဖြစ်မှန်းမသိအောင် မှောင်ချပေးနေတာက မောဟမီး။ အဲဒီ သုံးခုရှိနေရင်
တော့ ဒီစိတ်ဟာ ဘယ်တော့မှ မစင်ကြယ်နိုင်တော့ဘူး။ အဲဒါကြောင့် အဲဒီသုံးခု ကင်းနိုင်သမျှကင်းရင် လောဘကို အလောဘနဲ့ ပြောင်းရမယ်။ အလောဘဆို
တာ ဘာတုံး။ အလောဘဆိုတာ ပေးချင်တယ်၊ ကျွေးချင်တယ်၊ ကူချင်တယ်။ စိတ်စေတနာမှန်မှန်နဲ့ပေါ့လေ။ လောဘကိုသတ်တဲ့နည်းဟာ အလောဘ။ လော
ဘမကြီးရဘူးဆိုတော့ ဘာလုပ်ရမလဲဆိုရင် လောဘမကြီးရုံတင် မဟုတ်ဘူး။ သူ
များကိုပေးချင် ကျွေးချင် ထောက်ပံ့လှူဒါန်းချင်တဲ့သဘောတွေ များများဖြစ်တယ်
ဆိုရင်လောဘမီးငြိမ်းသွားတာပေါ့။

ပြီးတော့ အကြီးဆုံးလောင်တဲ့မီးကဒေါသ။ အဲဒီဒေါသမီးကို ဘာနဲ့ပြောင်းရမလဲဆို
ရင် အဒေါသ၊ အဒေါသဆိုတာ မေတ္တာ။ ဒေါသကို မေတ္တာနဲ့ပြောင်းရမယ်၊ မေတ္တာ
ဆိုတာ ကိုယ်ချင်းစာတရား။ ကလေးတစ်ယောက်တည်းရှိတဲ့အမေ။ ဘုန်းကြီးတို့
မေတ္တာသုတ်ပရိတ်ထဲမှာ သံဃာတော်တွေကိစ္စရှိတိုင်း ရွတ်တယ်။ ဒကာဒကာမ
တွေလည်းရွတ်။ ဘုန်းကြီးတို့ဘယ်သွားသွား တရားဟောပါဆိုရင် အဲဒီဂါထာလေး၊
အဲဒီအပိုဒ်လေးက စဟောတာပဲ။ ကလေးတစ်ယောက်တည်းရှိတဲ့အမေက ကလေး
ကိုချစ်တာ တင်းပြည့် ကျပ်ပြည့်။ နှစ်ယောက်ဆိုလို့ရှိရင် ၅၀-၅၀ ဖြစ်နေမယ်။ က
လေးတစ်ယောက်တည်းရှိတဲ့ အမေကကလေးကို ပုံပြီးတော့ချစ်သလို သတ္တဝါတွေ
ကိုချစ်တဲ့ မေတ္တာထားပါ။ အဲဒီလို ဒေါသမီးကို မေတ္တာဆိုတဲ့ ရေနဲ့ နာနာလောင်း
မယ်ဆိုရင်ပေါ့လေ၊ သက်သာသွားပြီ။

ဘာလိုသေးလဲဆိုရင် လောင်းတဲ့နေရာမှာ ပညာပါပါနဲ့၊ သဘောပေါက်ပေါက်နဲ့။
ပြီးတော့ ကိုယ်လူဖြစ်တဲ့ဥစ္စာ၊ ဘာကြောင့်လူဖြစ်တာတုံး။ နောက်ဘဝဆိုတာရှိ
လား။ ရှိလားဆိုတဲ့တရားတော်ပေါ့။ ဒါကပညာခန်း ပရိယတ္တိခန်းက အဲဒါတွေပေါ်
လာရင် ပညာ။ ပညာကျတော့ ဘာပေါက်လာမလဲဆိုတာ ဘာသာထဲမှာ အရေး
ကြီးဆုံးဖြစ်တဲ့ ဒိပြင်ဘာသာမှာမရှိသေးတဲ့ အနတ္တတရားတော်။ အဲဒီ အနတ္တတ
ရားတော် သဘောပေါက်မှ သောတပန်။

သောတာပန်ဆိုတာ အပါယ်ဘယ်တော့မှ မကျတော့ဘူး။ ဒါပထမဆုံး နိဗ္ဗာန်ခေါ်
တယ်။ ဘုန်းကြီးတို့ထားတော့၊ အရိယာပုဂ္ဂိုလ်ထားလိုက်ဦးတော့။ အဓိက ငရဲမ
ကျဖို့အရေးကြီးတယ်။ ဒီငရဲမကျဖို့က အနတ္တ။ ဗုဒ္ဓဘာသာတရားတော်မှာပေါ့လေ
အနတ္တသဘောပေါက်ရင် ပထမဆုံး နိဗ္ဗာန်၊ ပထမဆုံး နိဗ္ဗာန်ရောက်တယ်ဆိုလို့
ရှိရင် ဘယ်တော့မှ ငရဲမကျတာ၊ အဓိကတရားတော်ပဲ။ အဲဒါကြောင့် အတ္တပျောက်
ပြီးတော့ပေါ့လေ။

သောတာပန်ရောက်အောင် ကြိုးစားကြပါဆိုတာ နိဂုံးချုပ်ကလေး ဘုန်းကြီးတို့
ကတော့ ဆောင်ပုဒ်လုပ်တယ်။ ဘုရားဟောတဲ့ဟာပေါ့လေ။ သောတာပန်ဖြစ်တဲ့
ဥစ္စာ စကြာမင်းကြီး၊ မာရ်နတ်မင်းကြီး ထက်လည်း တန်ဖိုးရှိတယ်။ စကြာမင်းကြီး
မာရ်နတ်မင်းကြီး ဖြစ်ပြီးတော့ အတ္တမပျောက်သေးဘဲ သက္ကာယဒိဋ္ဌိဝင်နေမယ်
ဆိုရင် ငရဲကျသေးတာပဲ။ အဲဒါကြောင့် စကြာမင်းကြီးထက်လဲ မြတ်ပါတယ်။

နောက် စကြာမင်းကြီး၊ မာရ်နတ်မင်းကြီး နတ်သိကြား၊ ဗြဟ္မာစည်းစိမ်ထက် သော
တာပန်က မြတ်တယ်ဆိုတဲ့အကြောင်း ဘုရားသခင်ကဟောတဲ့ အဲဒီဂါထာလေးနဲ့
ဓမ္မလက်ဆောင်လေး ပေးပါရစေ။

စကြာမာရ်နတ်၊ မင်းမြတ်စည်းစိမ်

နတ်ဘုံနတ်နန်း၊ စံမြန်းထိန်ထိန်

သောတာပတ္တိ၊ ဘုံ၏ဂုဏ်ရှိန်

ထိပ်ဆုံးထား၊ မိန့်ကြား မြတ်မုနိန်။

သာဓု၊ သာဓု၊ သာဓု။

ဦးနေဝင်း(လန်ဒန်)
(ဆရာတော်ကြီးများနှင့်တွေ့ဆုံမေးမြန်းမှုများမှ)
Buddhavasa Tiloka

0 comments:

Post a Comment