23.11.13

နိုင်ငံရေး အကျဉ်းသားများကို အကျဉ်းထောင်တွင် B Class အဆင့် ပြန်ထားပေးရန် လွှတ်တော်တင်မည်

ဗြိတိသျှ ကိုလိုနီ အစိုးရ လက်ထက်တွင် စတင်ကျင့်သုံးခဲ့ပြီး မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီ အစိုးရ လက်ထက်တွင် ပယ်ဖျက်ခဲ့သော နိုင်ငံရေး အကျဉ်းသားများ အကျဉ်းထောင်တွင် ဘီကလပ်စ် (B Class) အဆင့် ပြန်သတ်မှတ်ပေးရေးကို
လာမည့် ပြည်သူ့လွှတ်တော် အစည်းအဝေးသို့ အဆို တင်သွင်းသွားမည် ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က ပြောကြားသည်။

နိုင်ငံရေး ပြဿနာများ ရှိနေသရွေ့ နိုင်ငံရေး အကျဉ်းသားများ ရှိနေမည် ဖြစ်သောကြောင့် နိုင်ငံရေး အကျဉ်းသားများ အကျဉ်းထောင်တွင် သက်သောင့်သက်သာ နေနိုင်ရန် ရည်ရွယ်ကာ ယင်းအဆိုကို တင်သွင်းရန် စီစဉ်ရခြင်း ဖြစ်ကြောင်း ၎င်းကထပ်လောင်း ပြောကြားသည်။

အဆိုပါ အကျဉ်းထောင်များတွင် ဘီကလပ်စ်အဆင့် ပြန်လည်ထားရေး ကိစ္စနှင့် ပတ်သက်၍ ထောက်ခံကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့မှ ဦးသက်ဦးက ပြောကြားသည်။
“ထောက်ခံပါတယ်။ ဒါဟာ လုပ်သင့် လုပ်ထိုက်တဲ့ ကိစ္စပဲ။ ဒီမိုကရေစီ စနစ်ကြီးဆီ သွားနေတဲ့ အချိန်မှာတော့ နိုင်ငံရေးသမားတွေကို ထောင်ထဲ မထည့်တာကတော့ အကောင်းဆုံးပေါ့လေ” ဟု နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့မှ ဦးသက်ဦးက ပြောကြားသည်။

နိုင်ငံရေး အကျဉ်းသားများအတွက် အကျဉ်းထောင်များတွင် ဘီကလပ်စ် ပြန်လည် ထားရှိပါက အကျဉ်းသားများအတွက် ခြင်ထောင် အပါအဝင် တစ်ယောက်အိပ် သစ်သားခုတင် တစ်လုံး၊ အံဆွဲပါသော စားပွဲ၊ လက်တန်း မပါသော ကြိမ်ကုလားထိုင်၊ စာအုပ်များနှင့် မဂ္ဂဇင်းစာအုပ်များ၊ ဗလာစာအုပ်များ ဝယ်ယူခွင့် ရှိပြီး ရိက္ခာအဖြစ် လက်ဖက်ခြောက်၊ နို့၊ ကုလားပဲ၊ အမဲသား (အမဲသား မစားသူအတွက် ဆိတ်သား)၊ ဆား၊ ဆီ၊ မန်ကျည်းသီး၊ သကြား၊ ငရုတ်၊ ကြက်သွန်၊ အာလူး၊ ဟင်းသီးဟင်းရွက်များ ရရှိမည် ဖြစ်ကြောင်း၊ အဝတ်အစားနှင့် ပတ်သက်၍ ချည်လုံချည်၊ ချည်အင်္ကျီ ရရှိကာ သိုးမွေးစောင်၊ မွေ့ရာနှင့် အိပ်ရာခင်း၊ ခေါင်းအုံး၊ မျက်နှာသုတ်ပဝါ၊ ခြေညှပ်ဖိနပ် စသည်ကို ထောင်တွင်း အသုံးပြုနိုင်မည့် အခွင့်အရေးရှိမည် ဖြစ်ကြောင်း ဦးသိန်းညွန့်က ရှင်းပြသည်။

ယင်းစနစ်ကို ၁၈၉၄ ခုနှစ်တွင် ဗြိတိသျှ ကိုလိုနီ အစိုးရက စတင်ကျင့်သုံးခဲ့ပြီး လွတ်လပ်ရေး ရပြီးကာလ ပါလီမန် ဒီမိုကရေစီ အစိုးရ လက်ထက်အထိ ဆက်လက် ကျင့်သုံးသော်လည်း ၁၉၆၂ ခုနှစ် တော်လှန်ရေးကောင်စီ အစိုးရ အာဏာသိမ်းယူမှု အပြီးတွင် အကျဉ်းထောင်များအတွင်း နိုင်ငံရေး အကျဉ်းသားများအတွက် ဘီကလပ်စ် ခံစားခွင့်များကို ရုပ်သိမ်းခဲ့သည်။

The Voice Weekly

0 comments:

Post a Comment