23.11.13

ဗိုက်ဆာတဲ့အချိန် စားရတဲ့အစားအစာဆိုရင်တော့ တစ်သက်မမေ့လောက်တဲ့ အစားအသောက်ဖြစ်မှာဆိုတဲ့ သီရိဆွေ

- အချက်အပြုတ်ကို ဘယ်အရွယ်လောက်ကတည်းက စပြီးတော့ဝါသနာပါခဲ့ပါသလဲ။
• အချက်အပြုတ်ကိုတော့ ငယ်ငယ်လေးတည်းက ၀ါသနာပါခဲ့တာပါ။



- အခု ငါးထမင်းနယ်ဟင်းပွဲလေးကို ပရိသတ်ကိုချက်ပြုတ်ပြဖို့ စီစဉ်ဖြစ်သွားပုံလေးကို
လည်းပြောပြပေးပါဦး။
• သီရိတို့ အဘိုးတွေ၊ အဘွားတွေ၊ အမျိုးတွေအကုန်လုံးက အင်းသူ၊
အင်းသားတွေဆိုတော့ ဒီရှမ်းစာတွေနဲ့ မစိမ်းပါဘူး။ အိမ်မှာလည်း
အမြဲချက်ပြုတ်နေတာဆိုတော့ ဒီ ဟင်းပွဲလေးကို စီစဉ်ဖြစ်သွားတာပါ။
နောက် အခုဓာတ်ပုံရိုက်တဲ့ ရှမ်းရိုးရာစားသောက်ဆိုင်မှာလည်း
သီရိစားဖြစ်တဲ့ ဟင်းပွဲလေးဖြစ်လို့ပါ။

- ဘ၀မှာ ပထမဆုံး စချက်ဖြစ်တဲ့ ဟင်းပွဲလေးကိုမှတ်မိသေးရင် ပြောပြပေးပါဦး။
• ပထမဆုံးစပြီးချက်ဖြစ်တာက ကန်စွန်းရွက်ကြော်ပါ။

- အဲဒီ့ဟင်းပွဲရဲ့ အရသာကရောဘယ်လိုရှိသလဲ။
• အရသာကတော့ မမှတ်မိတော့ပါဘူး။ ဒါပေမယ့် စိတ်ကျေနပ်ပြီး
စားကောင်းတယ်လို့တော့ထင်ပါတယ်။

- သီရိဆွေချက်တဲ့ဟင်းကိုစားပြီး ပထမဆုံး ချီးမွမ်းခံရတုန်းက ခံစားချက်ကရော။
•အိမ်ကလူတွေကတော့ မြှောက်ပေးတာပေါ့။ များများစားချင်တယ်။
လက်ရာကောင်းတယ်ဆိုရင် ပိုပြီးတော့ချက်ချင်လာတယ်။

- ညီမချက်တဲ့လက်ရာတွေထဲမှာ ဘယ်ဟင်းပွဲကို လူကြိုက်များလဲ။
• ညီမချက်တဲ့အထဲမှာဆိုရင်တော့ သူငယ်ချင်းမိတ်ဆွေတွေ၊ မိသားစုတွေကို ခဏ၊
ခဏ ချက်ပေးရတာကတော့ ကြက်ချဉ်စပ်ဟော့ပေါ့ပါ။ အဲဒါကတော့ ခဏ၊ ခဏ
ချက်ကျွေးဖြစ်ပါတယ်။

- အချက်အပြုတ်ကိုရော ဘယ်သူတွေဆီက သင်ယူခဲ့လဲ။
• ကြုံရင်၊ ကြုံသလိုပါပဲ။ အိမ်မှာကတော့ အဒေါ်တွေချက်တယ်။
အဘွားတွေချက်တယ်ဆိုတော့ တဖြည်းဖြည်းချင်းစီ သင်ရတာပေါ့။
အဓိကတော့ အဒေါ်တွေဆီက သင်ဖြစ်တာများပါတယ်။

- ငယ်ငယ်တုန်းကကြိုက်ပြီး အခုမကြိုက်တဲ့ အစားအစာ၊ ဒါမှမဟုတ်
ငယ်ငယ်တုန်းက မကြိုက်ဘဲ အခုမှကြိုက်တဲ့ အစားအစာရောရှိလား။
• ငယ်ငယ်တုန်းကကြိုက်ပြီး အခုသိပ်မစားဖြစ်တော့တာဆိုရင်တေ
ဒံပေါက်ပါ။ ငယ်ငယ်ကမကြိုက်ဘဲ အခုမှကြိုက်တာဆိုရင်တော့
ငရုတ်သီးထောင်းပါ။

- ငယ်ငယ်က အစားအသောက်နဲ့ပတ်သက်ပြီး အမှတ်တရအဖြစ်အပျက်လေးတွေရှိရင်
ပြောပြပေးပါဦး။ ဥပမာ-တချို့ သကြားလုံးမျိုမိတာတို့၊ ကျောင်းမှာ မုန့်ခိုးစားလို့
အရိုက်ခံရတာတို့၊ ဟင်းခိုးစားတာတို့ပေါ့။
• ကျောင်းတက်တုန်းကတော့ သီရိက အိမ်ထမင်း၊ အိမ်ဟင်းကိုကြိုက်တော့
ကျောင်းသွားရင် အမြဲတမ်း အိမ်ကထမင်းပဲစားဖြစ်တာများတယ်။
ထမင်းချိုင့် မပါတဲ့နေ့မှဘဲ ကျောင်းက၀ယ်စားဖြစ်တာများပါတယ်။
တစ်ခေါက် အိမ်က ထမင်းချိုင်မပါလို့ ကျောင်းကထမင်းသုပ်ဆိုင်မှာ
ဝယ်စားဖို့တန်းစီနေတာ ကိုယ့်လက်ထဲလည်း ထမင်းသုပ်ရောက်ရော
မုန့်စားဆင်းချိန်ကုန်သွားလို့ မစားလိုက်မိတာကတော့ အမှတ်တရပါပဲ။
အဲဒီ့ထမင်းသုပ်ဆိုင်ကလည်း ဒဂုံ(၁)မှာ အရမ်းနာမည်ကြီးတယ်။

- သီရိဆွေရဲ့ တစ်နေ့တာစားသောက်မှုပုံစံလေးကို ပြောပြပေးပါဦး။
• မနက်စာကိုတော့ မနက် ၁၀ နာရီမတိုင်ခင် စားဖြစ်ပါတယ်။
အဓိက ရှမ်းခေါက်ဆွဲစားဖြစ်တယ်။ နောက် တစ်ပတ်မှာ ၂ ရက်လောက်တော့
မုန့်ဟင်းခါးစားဖြစ်တယ်။ နေ့လယ်စာကိုတော့ ၁၂ နာရီနဲ့ ၂ နာရီကြားထဲမှာ
စားဖြစ်ပါတယ်။ဘာတွေနဲ့စားလည်းဆိုရင် အိမ်မှာကျတော့
ရှမ်းစာချက်တာများတော့ ရှမ်းဟင်း၊ အင်းဟင်းတွေ စားဖြစ်တာများပါတယ်။

- ညစာကိုရော အိမ်မှာစားဖြစ်တာများလား။
• ညစာကတော့ များသောအားဖြင့် အပြင်မှာစားဖြစ်တာများတယ်။
အိမ်မှာစားဖြစ်တာနည်းပါတယ်။

- ညစာစားပြီးရင်ရော အချိုတည်းဖြစ်လား။
• ညီမက အချိုတွေသိပ်မကြိုက်တော့ အသီးအနှံလောက်ပဲ
နည်းနည်းစားဖြစ်ပါတယ်။

- စားသောက်ဆိုင်နဲ့ အိမ်မှာဆိုရင် ဘယ်မှာပိုစားချင်ပါသလဲ။
• ညီမကတော့ အိမ်ထမင်း၊ အိမ်ဟင်း ပိုကြိုက်တဲ့အတွက်
အိမ်မှာပဲစားချင်ပါတယ်။

- သီရိဆွေတို့အိမ်မှာ ဘယ်လိုဟာတွေ အဓိကချက်ဖြစ်လဲ။
• အိမ်မှာကတော့ များသောအားဖြင့်၊ ပဲပုပ်ထည့်ချက်တယ်။
ကြက်သွန်မြိတ် ထည့်ချက်တယ်။ မြန်မာဟင်းတွေလည်း ချက်ဖြစ်ပါတယ်။

- သီရိဆွေ စားဖူးသမျှအစားအစာတွေထဲမှာ
တစ်သက်မမေ့လောက်အောင်ဖြစ်တဲ့ အစားသောက်မျိုးရောရှိလား။
• ဗိုက်ဆာတဲ့အချိန်စားရတဲ့ အစားအစာဆိုရင်တော့
တစ်သက်မမေ့လောက်တဲ့ အစားအသောက်ဖြစ်မှာပါ။
ဒါပေမယ့် လွန်ခဲ့တဲ့တစ်ခေါက် ဥရောပနိုင်ငံတွေ သွားလည်တုန်းက
ဗင်းစ်နစ်ဆိုတဲ့ မြို့လေးက The Friend ဆိုတဲ့ စားသောက်ဆိုင်လေးမှာ
European အစာလေးကို ကောင်းကောင်းလေးစားခဲ့ရတယ်။
အဲဒီဟာလေးက ဈေးလည်းသိပ်ကြီးတာလည်း မဟုတ်ပါဘူး။
ဒါပေမယ့် အဲ့ဒါကိုစားပြီးတဲ့အချိန်မှာ European စာတွေကို
အရမ်းငြီးငွေ့နေတဲ့အချိန်မှာတောင် ထပ်ထပ်ပြီးစားချင်မိနေတဲ့
စိတ်လေးဖြစ်မိတယ်။

- ဒါဆိုရင် အမေချက်တဲ့ဟင်းတွေထဲမှာ ဘယ်ဟင်းကိုအကြိုက်ဆုံးလဲ။
• အိမ်ကဆိုရင်တော့ ၀က်သားနဲ့ ပုန်းရည်ကြီးရယ်၊ ခရမ်းချဉ်သီးအနှစ်နဲ့
ချက်ထားတဲ့ဟင်းပါ။ အဲဒီဟင်းဆိုရင်တော့ ညီမ ဘယ်အချိန်ခံတွင်းပျက်ပျက်
စားလိုက်ရင် ခံတွင်းမြိန်စေပါတယ်။

- သီရိဆွေစားဖူးသမျှထဲမှာ ထူးထူးဆန်းဆန်းဖြစ်တဲ့
အစားအသောက်မျိုးရောရှိလား။ ဥပမာ တချို့ဆိုရင်
အကောင်အရှင်တွေဘာတွေ စားတာမျိုးပေါ့။
• အဲဒီလို ထူးထူးဆန်းဆန်း အစားသောက်တွေကိုတော့
ညီမမစားတတ်ဘူး။ စမ်းပြီးတော့လည်း မစားကြည့်မိဘူး။

- နိုင်ငံတကာက အစားအသောက်တွေမှာဆိုရင် ဘယ်နိုင်ငံက
ဘယ်အစားသောက်ကို စားဖြစ်တာများလဲ။
• နိုင်ငံတကာအစားသောက်မှာဆိုရင် ပြင်သစ်စာကို ကြိုက်ပါတယ်။

- နိုင်ငံခြားကိုရောက်နေတဲ့အချိန်မှာ ကိုယ့်နိုင်ငံက
ဘယ်အစာအစားကို လွမ်းဆွတ်တမ်းတမိပါသလဲ။
• ပြည်ပရောက်ရင်တော့ ဘယ်လောက်ပဲ သူတို့နိုင်ငံ
အစားအသောက်စားစား လေး၊ ငါး၊ ခြောက်ရက်လောက်ဆိုရင်တော့
မနေနိုင်တော့ဘူး။ မီးဖိုချောင်ထဲဝင်ပြီးတော့ မြန်မာထမင်းဟင်း၊
တစ်မျိုးမဟုတ်တစ်မျိုးတော့ လုပ်စားဖြစ်ပါတယ်။ အဲဒီအချိန်ကျရင်
ဒီက ၀က်သားနဲ့ပုန်းရည်ကြီးဟင်းကိုတော့ သတိရမိပါတယ်။

- ဘ၀မှာ အမှတ်တရဖြစ်မယ့် အစားအစာရှိလား။ ဥပမာ
အဲဒီအစားအစာကိုစားလိုက်ရင် တစ်နေရာရာ၊
တစ်ယောက်ယောက် စသဖြင့် အမှတ်တရဖြစ်မယ့် အစားအစာမျိုးပေါ့။
• အိမ်မှာ ဘယ်အချိန်ပဲဖြစ်ဖြစ်၊ ရှမ်းဟင်းထုပ်တို့၊ ငါးထမင်းနယ်တို့
အစားအစာမျိုးစားရင်တော့ ဆုံးသွားတဲ့အဘွားကို သတိရမိပါတယ်။

- သီရိဆွေအကြိုက်ဆုံး အသီးအနှံ၊ အရွက်၊ အသား၊ ငါးတွေကို
ပြောပြပေးပါဦး။
• အသီးအနှံထဲမှာဆိုရင်တော့ တောင်ကြီးက ဖရုံသီးနုနုလေးတွေကို
ကြိုက်ပါတယ်။ အရွက်ထဲမှာဆိုရင် ဂေါ်ရခါးညွန့်၊
သားငါးတွေထဲမှာဆိုရင်တော့ ကြက်သားစားဖြစ်တာများပါတယ်။

- ညီမနဲ့ မတည့်တဲ့အစားအစာတို့ မကြိုက်တဲ့ အစားအစာတို့ရောရှိလား။
• အစားအသောက်ထဲမှာတော့ ညီမနဲ့မတည့်တာမရှိပါဘူး။

- အစားအသောက်တစ်ခုခုကိုစားနေတုန်း အဲဒီထဲမှာ
ရွံစရာတွေဘာတွေတွေ့ရင် ဘယ်လိုနေလဲ။
အစားသောက်စားနေရင် ရွံစရာပြောရင်ရော ရွံတတ်လား။
• ရွံစရာတွေကိုတော့ တွေ့ဖူးပါတယ်။ အဲဒီကျရင်တော့
ပြန်ပြင်ခိုင်းလိုက်ပါတယ်။ အဲဒီလိုမျိုးဆိုရင်တော့ရွံပါတယ်။

- ကိုယ်ကစားသောက်နေတုန်း ဘေးနားမှာ သူငယ်ချင်းတွေက
ရွံစရာတွေဘာတွေ ပြောနေရင်ရော။
• အဲဒီလိုမျိုး နောက်ပြောင်တာကတော့ ပြဿနာသိပ်မရှိပါဘူး။
အစားအသောက်ထဲမှာ ဆံပင်မွေးတို့၊ အကောင်လေးတွေ
ပါလာရင်တော့ ပြန်ပြင်ခိုင်းပါတယ်။ ပြင်ခိုင်းလို့ အဆင်မပြေရင်တော့
မစားတော့ပါဘူး။

- အစားအသောက်က နိုင်ငံတစ်နိုင်ငံ လူမျိုးတစ်မျိုးရဲ့
ယဉ်ကျေးမှုကို ဖော်ဆောင်နိုင်တယ်လို့ ထင်မြင်မိပါသလား။
• ဟုတ်ကဲ့ ထင်ပါတယ်။ တိုင်းပြည်တိုင်း၊ လူမျိုးတိုင်းမှာတော့
ကိုယ့်လူမျိုးအစားအစာ၊ အချက်အပြုတ်နဲ့ မိသားစုကို
Care လုပ်တဲ့နည်းလမ်းတွေက တစ်ယောက်နဲ့တစ်ယောက် မတူပါဘူး။
အဲဒီကနေပြီးတော့မှ မိသားစု၊ အဆင့်အတန်းအနေအထားတွေကို
အကဲခတ်နိုင်ပါတယ်။ ညီမကတော့ ကိုယ့်နိုင်ငံရဲ့ အစားစာတွေကို
တန်ဖိုးထားပါတယ်။ ညီမကိုယ်တိုင်လည်း ဘယ်နိုင်ငံရောက်ရောက်
အသုံးဆောင်ပစ္စည်း ၀ယ်ဖြစ်တာထက် ဟင်းချက်တဲ့ပစ္စည်းတွေ
ဝယ်ဖြစ်တာများပါတယ်။ နောက် သူတို့နိုင်ငံဒေသရဲ့ ကောင်းတဲ့
ရိုးရာအစားသောက်တွေကို လိုက်စားဖြစ်တာများပါတယ်။
ဝါသနာလည်း ပါပါတယ်။

- အခု သီရိဆွေလုပ်ပြတဲ့ ငါးထမင်းနယ်ကို လိုက်လုပ်စားမယ့်
ပရိသတ်တွေအတွက် အမှတ်တရ စကားလက်ဆောင်လေးကို
ပြောပြပေးပါဦး။
• အခုလုပ်ပြတဲ့ ငါးထမင်းနယ်ကတော့ ရှမ်းရိုးရာစား
သောက်ဆိုင်က နည်းအတိုင်းလုပ်ထားတာပါ။ ညီမတို့အိမ်မှာလည်း
ဒီငါးထမင်းနယ်ကိုတော့ အမြဲတမ်းလုပ်စားဖြစ်ပါတယ်။
ဒီငါးထမင်းနယ်လေးကို လိုက်လုပ်စားကြည့်ရင်လည်း
သိပ်ခက်ခက်ခဲခဲမဟုတ်ပါဘူး။ လွယ်ကူပါတယ်။ အရသာလည်း
ရှိပါတယ်။ နောက် ရှမ်းရိုးရာအစားအစာလေးကိုလည်း
စမ်းသပ်ပြီး စားသုံးကြည့်ပါလို့ ပြောချင်ပါတယ်။

.............................
အာဂမေးမြန်းသည်
.............................
FOOD MAGAZINE

0 comments:

Post a Comment