19.11.13

နိုင်ငံတော်သမ္မတဦးသိန်းစိန် မွန်ဂိုလီးယားနိုင်ငံသမ္မတအားဂုဏ်ပြုကြိုဆို

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နေပြည်တာ်
၌ ရောက်ရှိနေ သောမွန်ဂိုလီးယားနိုင်ငံသမ္မတ
မစ္စတာအယ်လ်ဘတ်ခ်ဒေါ့ဂ်ျဇတ်ခ်ဟီးလ် ယာဒ်အား နိုင်ငံတော်သမ္မတဦးသိန်းစိန်က ယနေ့ညနေ ၄ နာရီတွင် သမ္မတ အိမ်တော် ဥပစာရှိမြက်ခင်းပြင်၌ ဂုဏ်ပြုအခမ်းအနားဖြင့်
ကြိုဆိုသည်။

ထို့နောက် နိုင်ငံတော်သမ္မတနှင့်မွန်ဂိုလီးယားသမ္မတတို့သည်နိုင်ငံတော် သမ္မတအိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌တွေ့ဆုံကြသည်။

ယင်းနောက် နှစ်နိုင်ငံဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ နိုင်ငံတော် သမ္မတနှင့် မွန်ဂိုလီးယားသမ္မတတို့က နှစ်နိုင်ငံဆက်ဆံရေးတိုးမြှင့်ရေး၊
ဒေသတွင်းနှင့် နိုင်ငံတကာဆက်ဆံရေးနယ်ပယ်၌ပူးပေါင်းဆောင်ရွက်ရေး၊ နှစ်နိုင်ငံအဆင့်မြင့်အရာရှိကြီးများ အပြန်အလှန်လည်ပတ်ရေး၊ ပြည်သူချင်း ဆက်ဆံရေးတိုးမြှင့်ရေး၊ ခရီးသွားလုပ်ငန်းနှင့်သတ္တုကဏ္ဍများတွင် ပူးပေါင်း ဆောင်ရွက်ရေးနှင့် အာဆီယံ-မွန်ဂိုလီးယားဆက်ဆံရေးတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။

ထို့အပြင် မွန်ဂိုလီးယားနိုင်ငံ၏ ၁၉၉ဝ ပြည့်နှစ်မှ စတင်ဆောင်ရွက်ခဲ့ သည့် ဒီမိုကရေစီအသွင်ကူးပြောင်းရေးလုပ်ငန်းများနှင့် နိုင်ငံရေး၊စီးပွားရေး နှင့် အုပ်ချုပ်ရေးဆိုင်ရာပြုပြင်ပြောင်းလဲမှုအတွေ့အကြုံများ၊ သင်ခန်းစာများ အပေါ် အမြင်ချင်းဖလှယ်ခဲ့ကြသည်။

ယင်းနောက် လက်မှတ်ရေးထိုးပွဲကိုကျင်းပရာ နိုင်ငံတော်သမ္မတနှင့် မွန်ဂိုလီးယားသမ္မတတို့၏ရှေ့မှောက်၌ပြည်ထောင်စုဝန်ကြီးဦးဝဏ္ဏမောင်လွင် နှင့် မွန်ဂိုလီးယားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မစ္စတာလို့ဆန်ဝန်ဒန်ဂင်ဘိုးလ် တို့က နှစ်နိုင်ငံအကြား သံတမန်နှင့် အထူးနိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူ များအတွက် အပြန်အလှန် ဗီဇာကင်းလွတ်ခွင့်ဆိုင်ရာသဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။ ညပိုင်းတွင် နိုင်ငံတော်သမ္မတဦးသိန်းစိန်က မွန်ဂိုလီးယားသမ္မတအား နိုင်ငံတော်သမ္မတအိမ်တော်ရှိခန်းမဆောင်၌ ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံသည်။

မြန်မာ-မွန်ဂိုလီးယားသံတမန်ဆက်သွယ်မှုကို ၁၉၅၆ ခုနှစ်တွင် စတင်ခဲ့ပြီးနောက် ယခုအကြိမ်သည် မွန်ဂိုလီးယားနိုင်ငံအကြီးအကဲတစ်ဦး ပထမဆုံးအကြိမ်အဖြစ် လာရောက်လည်ပတ်ခြင်းဖြစ်သည်

The Union Daily

0 comments:

Post a Comment