21.12.13

အမေရိကန်ပြည်ထောင်စုတွင် မြန်မာခင်ပွန်းသည်က ဇနီးကို သေနတ်ဖြင့်ပစ်သတ်

အမေရိကန် ပြည်ထောင်စုတွင် မြန်မာနိုင်ငံမှ လာရောက် နေထိုင်သော မိသားစုတစ်စုတွင် ခင်ပွန်းသည် ဖြစ်သူက သေနတ်ဖြင့် ပစ်သတ်သဖြင့် ဇနီးဖြစ်သူ သေဆုံးသွားခဲ့ကြောင်း အခင်းဖြစ်ပွားရာ ပင်ဆယ်ဗေးနီးယားပြည်နယ် ဘက်သလင်ဟန် မြို့တော်မှ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ချက်အရ ဒေသခံသတင်းဌာန 69 news.com က ဖော်ပြထားသည်။


ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် ၁၆ နှစ်အရွယ် မိန်းကလေးတစ်ဦးက ၉၁၁ ကို ဖုန်းဆက်ခဲ့ပြီး ၎င်း၏ မိခင်သေနတ်ဖြင့် ပစ်ခံထားရကြောင်း ရဲဌာနကို သတင်းပို့ခဲ့ရာမှ အခင်းဖြစ်ပွားရာ နေရာသို့ တပ်ဖွဲ့ဝင်များ သွားရောက်ခဲ့ခြင်း ဖြစ်ကြောင်း ခရိုင်ဥပဒေအရာရှိ ဂျင်မာတင်က ပြောကြားသည်။

သေဆုံးသူမှာ အသက် ၃၇ နှစ်အရွယ် မသီတာမြင့် ဖြစ်ပြီး တရားခံဟု ရဲတပ်ဖွဲ့က သတ်မှတ်ထားသူမှာ ဝင်းမင်းထွဋ်ဟု အမည်ရပြီး အသက် ၃၇ နှစ် ဖြစ်သည်။

သေနတ်ဖြင့် ပစ်ခတ်ခဲ့ပြီးနောက် ဝင်းမင်းထွဋ်သည် အသက်သုံးနှစ်အရွယ် သမီးငယ်လေးကို လက်ဆွဲကာ ထွက်သွားခဲ့ပြီးနောက် ရဲကတစ်နေရာတွင် ဖမ်းမိခဲ့ပြီး ကလေးမှာ အန္တရာယ် ကင်းရှင်းသည်ဟု ဆိုထားသည်။

ဝင်းမင်းထွဋ်သည် ယင်းအိမ်သို့ လာခွင့်မရှိဘဲ နိုဝင်ဘာ ၁၈ ရက်နေ့က ချမှတ်ထားသော တားမြစ်မိန့်ဖြင့် အပြင်တွင် နေထိုင်ရသူ ဖြစ်သည်။
“လန့်သွားမိပါတယ်။ လန့်မိပါတယ်။ သူတို့ဟာ နှစ်လိုဖွယ်ရာ လူတွေပါ။ မြန်မာနိုင်ငံက လာတယ်လို့ သိရပါတယ်” ဟု အိမ်နီးချင်း တစ်ဦးဖြစ်သူ ဂယ်ရီယို့စ်က ပြောကြားသည်။

ဝင်းမင်းထွဋ်သည် ဟိုတယ်များတွင် နေထိုင်ရသည်မှာ ကြာမြင့်ပြီ ဖြစ်ပြီး လင်မယားချင်း ဆက်ဆံရေးမှာလည်း အဆင်မပြေကြောင်း ယင်းသတင်းများက ဖော်ပြထားသည်။

ဆူရှီ စားဖိုမှူးအဖြစ် အလုပ်လုပ်ကိုင်သည့် ဝင်းမင်းထွဋ်သည် အမေရိကန်နိုင်ငံသားလော၊ ဧည့်နိုင်ငံသားလော ဆိုသည်ကို စိစစ်ဆဲဖြစ်ကာ လိုင်စင်ဖြင့် သေနတ် ကိုင်ဆောင်ခြင်း ဟုတ် မဟုတ် ဆိုသည်ကိုလည်း မသိရသေးကြောင်း မစ္စတာမာတင်က ပြောကြားသည်။

ကလေးသုံးဦးရှိသော အဆိုပါ မိသားစုသည် ယခင်က အိမ်တွင်းရေး ပြဿနာများ ရှိကြောင်း အိမ်နီးချင်းများက ပြောကြားကြသည်။

အမေရိကန် ပြည်ထောင်စုတွင် သေနတ် ကိုင်ဆောင်ခွင့်ကို ထိန်းချုပ်လိုကြောင်း အိုဘားမားအစိုးရက ပြောဆိုလျက်ရှိပြီး အမျိုးသား ရိုင်ဖယ်အသင်းနှင့် အတိုက်အခံများက မလိုအပ်ကြောင်း ငြင်းဆန်ထားသည်။

The Voice

0 comments:

Post a Comment