4.12.13

နာဂစ်မုန်တိုင်းသင့်ဒေသများ မိုးလေ၀သကြိုတင်သတိပေးစနစ် အမြန်ထားရှိရေး ဧရာဝတီတိုင်းလွှတ်တော်တွင် ဆွေးနွေးမည်

၂၀၀၈ ခုနှစ်၊ မတ်လက နာဂစ် ဆိုင်ကလုန်မုန်တိုင်းခံခဲ့ရသည့် ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသများတွင် မိုးလေ ၀သ ကြိုတင်သတိပေးစနစ် (Early Warning System) အမြန် တပ်ဆင်ထားရှိပေးရန် ဧရာ ၀တီတိုင်း လွှတ်တော်တွင် ဆွေးနွေးတော့မည်ဟု ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်၊ လွှတ်တော်အမတ် ဦးဇော်ဝင်းက ပြောသည်။


“နာဂစ်ကြောင့် ဘေးန္တရာယ် အများကြီး ကြုံခဲ့ရတယ်။ ဆွေးနွေးပွဲတွေ လုပ်တဲ့အခါEarly Warning System ထားဖို့ ဦးစားပေးဆွေးနွေးကြပေမယ့် အခုချိန်ထိ ထင်သာမြင်သာ ဘာမှမရှိခဲ့သေးဘူး။ ဒါကြောင့် အမြန် အကောင် အထည်ဖော်ပေးဖို့ အဆိုတင်တာပါ” ဟု ၎င်းက မဇ္ဈိမကိုပြောသည်။

အဆိုပါစနစ် တပ်ဆင်ထားရှိပေးရန် ဦးဇော်ဝင်းက ဒီဇင်ဘာ ၃ ရက်တွင် ပြုလုပ်သည့် တိုင်းလွှတ်တော် တွင် အရေးဆိုခဲ့ခြင်းဖြစ်ပြီး အရေးတကြီး လိုအပ်သည်ဟု လွှတ်တော်က ဆုံးဖြတ်ခဲ့ သည့်အတွက် ဆက်လက်ရန် သဘောတူခဲ့ခြင်းဖြစ်သည်။

ဧရာဝတီတိုင်း၊ လူမှုရေးဝန်ကြီး ဒေါ်ခင်စောမူကလည်း ကြိုတင်သတိပေး စနစ်တပ်ဆင်ခြင်းသည် ဖြစ်သင့်သည်ဟု သဘောထားမှတ်ချက်ပြုခဲ့သည်။

ကြိုတင်သတိပေးစနစ်၏သဘောမှာ ထိုစနစ်တပ်ဆင်ထားသည့်ဒေသတွင် မိုးလေ၀သနှင့် ပတ်သက်ပြီး ဥပမာ- မုန်တိုင်းတစ်ခု ၀င်တော့မည်ဆိုပါက အလိုအလျောက် အချက်ပြသတိပေးမည့် သဘောဖြစ် သည်။

ယခုနှစ်ဆန်းပိုင်းကလည်း အစိုးရ နှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများ (အင်န်ဂျီအို) ပူးပေါင်းပြီး ကြိုတင် သတိပေးစနစ်ကို နာဂစ်ဒဏ်သင့်ဒေသခံများသို့ ရှင်းပြခဲ့သော်လည်း ယင်းစနစ်မှာ တိုင်းအစိုးရမှ နောက်ဆုံးဒေသခံထံသို့ သတင်းရောက်ရှိရန် အဆင့်လေးဆင့် ကျော်ဖြတ်ရမည့် စနစ်ဖြစ်နေသည်။
ဧရာဝတီ မြစ်ဝကျွန်းပေါ်တွင် မုန်တိုင်းငယ်များနှင့် အချိန်အခါမဲ့မိုးရွာ သွန်းမှုများလည်း ရှိနေသည်။

“ကျွန်တော်တို့ဆီက လူတွေက တစ်နာရီ မိုင် ၆၀ လောက်ကို နဂိုကတည်းကမှ သိပ်ပြီး ဂရုမစိုက်တဲ့ပုံစံ ရှိတယ်လေ။ ဒါကြောင့်လည်း နာဂစ်တုန်းက အမှုမဲ့၊ အမှတ်မဲ့ ခံလိုက်ရတာ။ ဒါကြောင့် ဒီကိစ္စတွေ အတွက် ကြိုတင်သတိပေးတဲ့စနစ်နဲ့ သတင်းပေး ထုတ်ပြန်မယ်ဆိုရင် လူတွေ ပိုပြီး အယုံအကြည် ရှိမယ်”ဟု ဦးဇော်ဝင်း က ရှင်းပြသည်။

မိုးလေ၀သကြိုတင်သတိပေးစနစ်မှာ မြန်မာနိုင်ငံအနေဖြင့် အမှန်တကယ် လိုအပ်နေပြီဟု ၂၀၀၈ ခုနှစ်၊ နာဂစ် မုန်တိုင်းဝင်ရောက်စဉ်က မိုးလေ၀သနှင့် ဇလဗေဒဦးစီးဌာနတွင် ညွှန်ကြားရေးမှူး ချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ မိုး/ဇလပညာရှင် ဒေါက်တာထွန်းလွင်က မဇ္ဈိမကို ပြောသည်။

“ကယ့်ကို လိုအပ်ပါတယ်။ ခေတ်မီတိုးတက်တဲ့ နိုင်ငံတိုင်းမှာ ဒါတွေ လုပ်နေတယ်” ဟု ထွန်းလွင်က ဆိုသည်။

၂၀၀၈ ခုနှစ်၊ မေလ ၂ ရက်နှင့် ၃ ရက်တို့တွင် ရန်ကုန်နှင့် ဧရာဝတီတိုင်းကို ၀င်ရောက်တိုက်ခတ်ခဲ့သည့် နာဂစ် မုန်တိုင်းကြောင့် လူပေါင်း ၁၄၀,၀၀၀ ခန့် သေဆုံးစေခဲ့သည်။

Mizzima - News in Burmese

0 comments:

Post a Comment