4.12.13

ဆီးဂိမ်းပြိုင်ပွဲတွင် စံချိန်ကောင်းများရရှိရန် လှေအဖွဲ့ပြင်ဆင်နေ

၂၇ ကြိမ်မြောက်ဆီးဂိမ်းပြိုင်ပွဲ၏ အပြည်ပြည်ဆိုင်ရာ လှေလှော်ပြိုင်ပွဲတွင် စံချိန်ကောင်းများရရှိရန် အတွက် ကြိုးစားပြင်ဆင်နေပြီး သတ်မှတ်ထားသည့် စံချိန်ကောင်းများကိုလည်း ရရှိနေပြီဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ လှေလှော်နည်းပြ ဦးဇော်လွင်ထွန်းမှ ပြောသည်။

“စံချိန်ကောင်းတွေ ရရှိအောင် ကြိုးစားလေ့ကျင့်နေကြပါတယ်။ ဒါပေမယ့် လေတိုက်နှုန်း အပြောင်းအလဲကြောင့် လေ့ကျင့်ရာမှာ အခက်အခဲရှိနေပါတယ်။ လေမတိုက်တဲ့အချိန်ဆို စံချိန်က အရမ်းကောင်းမွန်ပြီး လေတိုက်တဲ့အခါဆိုရင် လှော်ရတာခက်တော့ စံချိန်နည်းနည်းလျော့သွားတာတွေ ဖြစ်တတ်ပါတယ်” ဟု
နည်းပြမှ ရှင်းလင်းပြောကြားခဲ့သည်။

အပြည်ပြည်ဆိုင်ရာလှေပြိုင်ပွဲတွင် အမျိုးသားပြိုင်ပွဲ ငါးမျိုးနှင့် အမျိုးသမီးပြိုင်ပွဲ လေးမျိုး စုစုပေါင်း ပြိုင်ပွဲ ၉ မျိုးပါဝင်မည်ဖြစ်ပြီး အမျိုးသားပွဲစဉ်တွင် တစ်ယောက်လှော် နှစ်တက်၊ ၂ ယောက်လှော် ၄ တက်၊ ၂ ယောက်လှော် ၂ တက်၊ ၄ ယောက်လှော် ၄ တက်၊ ၈ ယောက်လှော် ၈ တက်နှင့် အမျိုးသမီးပွဲစဉ်တွင် ၈ ယောက်လှော် ၈ တက် ပွဲစဉ်ပါမည် မဟုတ်ကြောင်း သိရှိရသည်။

ပြိုင်ပွဲသို့ အာဆီယံနိုင်ငံများမှ နိုင်ငံပေါင်း ၇ နိုင်ငံဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး အဓိကပြိုင်ဘက်များမှာ အင်ဒိုနီးရှား၊ ထိုင်း၊ ဗီယက်နမ်၊ ဖိလစ်ပိုင်တို့ဖြစ်ကြောင်း၊ အဆိုပါအသင်းများမှာ ယခင်ပြိုင်ပွဲများတွင် စံချိန်ကောင်းများ ရရှိထားသည့်အတွက် ယခုပြိုင်ဘက်တွင် သတိထားယှဉ်ပြိုင်ရမည့် အသင်းများဖြစ် ကြောင်း ဦးဇော်လွင်ထွန်းမှ ဆက်လက်ပြောကြားသည်။

အပြည်ပြည်ဆိုင်ရာလှေလှော်အဖွဲ့ အနေဖြင့် ၂၀၁၃ မေလက မလေးရှားနိုင်ငံတွင် ကျင်းပသော ဆီးဂိမ်းအကြို ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ခဲ့ရာတွင် ငွေ ၂၊ ကြေး၁ခုရရှိခဲ့ပြီး ၂၀၁၃ ခုနှစ် သြဂုတ်လတွင်လည်း တရုတ်နိုင်ငံ၌ ကျင်းပသော အာရှချန်ပီယံရှစ်ပြိုင်ပွဲ၌ ကြေးတံဆိပ်ဆွတ်ခူးရရှိခဲ့ကြောင်း သိရှိရသည်။

အပြည်ပြည်ဆိုင်ရာ လှေလှော် အားကစားနည်းမှ ၂၆ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် အမျိုးသမီးနှစ်ယောက် လှော်ပြိုင်ပွဲတွင် ရွှေစင်လတ်နှင့် သန်းသန်းနွယ်တို့အတွဲမှ ရွှေတံဆိပ်ဆွတ်ခူး ရရှိခဲ့ပြီးငွေ ၂၊ ကြေး ၁ခု ဆွတ်ခူး ရရှိထားသည်။

အပြည်ပြည်ဆိုင်ရာလှေလှော်အဖွဲ့
နည်းပြချုပ် - ဦးကျော်ဝင်း။
နည်းပြ - ဦးဇော်လွင်ထွန်း။
နိုင်ငံခြားသားနည်းပြ - မစ္စ၀မ်ကျင်း။
အမျိုးသား
အောင်ကိုမင်း၊ မြင့်စန်း၊ စောဝီလျှံ၊
သက်နိုင်စိုး၊ ရဲလွင်၊ ဝေယံထွန်း၊ စိုးညီညီ၊ အောင်မြတ်သူ၊ နေလင်းဦး၊ ၀င်းကိုကို၊ ဋ္ဌေးလှိုင်စိုး၊ တင်မောင်ဦး၊ နေမျိုးဆေး၊ သန်းဇော်ဋ္ဌေး၊ အေးကို။

အမျိုးသမီး
ရွှေဇင်လတ်၊ သန်းသန်းနွယ်၊ ချောစု၊ နီလာဝင်း၊ အေးသူဇာ၊ လှမင်းသူ၊ ရီရီဝင်း။

Mizzima - News in Burmese

0 comments:

Post a Comment