4.12.13

ယုသန္တာတင်နှင့်တွေ့ဆုံခြင်း


ဘုန်းနေလ (ဒဂုံတက္ကသိုလ်)

အနုပညာလောကထဲတွင် မော်ဒယ်ဘဝဖြင့် ရပ်တည်ခဲ့သည့် ယုသန္တာတင်အနေဖြင့် အနုပညာပျိုးခင်းရဲ့ စင်တင်ပံ့ပိုးပေးမှုများကြောင့် သရုပ်ဆောင်လောကထဲမှာလည်း နေရာတစ်ခုရရှိလာပြီး ရပ်တည်ခွင့်ရရှိလာပါတယ်။ အခုလိုရပ်တည်ခွင့် ရရှိလာခဲ့သလို အနုပညာပျိုးခင်းနဲ့ ထားရှိခဲ့တဲ့စာချုပ်သည်လည်း ၂ဝ၁၃ ခုနှစ်အတွင်းမှာ ပြည့်သွားပြီလို့ သိရတာကြောင့် သူမ အနုပညာလောကထဲမှာ ဘယ်လိုဆက်လက်ဖြတ်သန်းမှာလဲဆိုတဲ့အကြောင်းအရာများကို တီးခေါက်ကြည့် လိုက်တော့ . . .


ယု အခုတစ်လော အနုပညာလှုပ်ရှားမှုတွေကို ပြောပါဦး။

အခုတော့ ဗီစီဒီတွေကို ရိုက်ဖြစ်နေပါတယ်။ နောက်ပြီး ၂၀၁၄ ခုနှစ် အတွက် ပြက်္ခဒိန်တွေရိုက်နေပါတယ်။ နောက်ပြီး ဒါရိုက်တာညိုမင်းလွင် နဲ့လည်း ဇာတ်ကားတွေကို ရိုက်ဖို့ရှိပါတယ်။ နောက်ထပ်ဇာတ်ကားတွေ လည်း လက်ခံထာပါတယ်။

အနုပညာပျိုးခင်းနဲ့ စာချုပ်ပြည့်သွားပြီလို့ ကြားတယ်။ ဘာဆက် လုပ်သွားမှာပါလဲ။

ဟုတ်ကဲ့ ပြည့်သွားပါပြီ။ အခု ၂၀၁၃ ခုနှစ် နိုဝင်ဘာ ၁၁ ရက်က ပြည့်သွားတာပါ။ အခုလိုပြည့်သွားပေမယ့်လည်း အပြင်ကုမ်္ပဏီတွေနဲ့ လည်း ရိုက်နေပါတယ်။ ပြည့်သွားတယ်ဆိုပေမယ့်လည်း အနုပညာ ပျိုးခင်းနဲ့ ဆက်ပြီးရိုက်သွားဦးမှာပါ။

အနုပညာပျိုးခင်းနဲ့ လက်တွဲခဲ့တဲ့အချိန်မှာ ဘယ်လိုအကျိုးတွေ ခံစားခဲ့ရတယ်လို့ သုံးသပ်မိလဲ။

အများကြီးအကျိုးကျေးဇူးကို ရခဲ့ပါတယ်။ သူတို့တင်လိုက်လို့ ယုတို့ သရုပ်ဆောင်ဖြစ်လာကြတာပါ။ သူတို့သာမတင်ခဲ့ရင် သရုပ် ဆောင်ဖြစ်ချင်မှလည်း ဖြစ်မှာပါ။ သူတို့တင်လိုက်တာကြောင့် ပရိသတ် တွေက မြန်မြန်လက်ခံလိုက်တာပါ။ ကံကောင်းတယ်လို့ ပြောရမှာပါ။ သူတို့အရှိန်အ၀ါတွေကြောင့် ယုသန္တာတင်ဆိုပြီး သိလာကြတာကြောင့် အများကြီးထိရောက်မှုတွေရှိပါတယ်။

အပြင်ကုမ္ပဏီတွေနဲ့ ရိုက်ကူးခွင့်ရပြီဆိုတော့ အနုပညာပျိုးခင်းနဲ့ ကွာဟတာရှိလား။

ကွာတော့ မကွာပါဘူး။ နှစ်နှစ်လောက်တော့ သူတို့နဲ့ လက်တွဲပြီး ရိုက်ခဲ့တော့ အပြင်မှာ အခုလိုရပ်တည်ခွင့်တွေရပြီး အလုပ်လုပ်လာ ရချိန် ပိုပြီးအဆင်ပြေသွားပါတယ်။ မသိတာတွေလည်း သိလာတော့ အများကြီးထောက်ပံ့မှုတွေ ရရှိခဲ့ပါတယ်။ သူတို့တွေသင်ပေးလိုက်တဲ့ အတွေ့အကြုံတွေက ယုတို့အနေနဲ့ အနုပညာလျှောက်လှမ်းမှုမှာ အများကြီးအကူအညီတွေ ရရှိခဲ့ပါတယ်။

ညီမရဲ့ အနုပညာလျှောက်လှမ်းမှုမှာ သူတို့ရဲ့အရှိန်တွေက ဘယ် အချိန်ထိ သက်ရောက်မှုတွေ ရှိ မယ်လို့ထင်လဲ။

ယုတို့ကတော့ သူတို့အရိပ်ကနေပြီး လွတ်မှာမဟုတ်ပါဘူး။ သူတို့က ပံ့ပိုးထားခဲ့တော့ တောက်လျှောက်အရှိန်တွေကရှိနေမှာပါပဲ။ သူတို့က ယုတို့တွေရဲ့ ဆရာတွေပါပဲ။

ကိုယ်နဲ့အတူတက်လာခဲ့တဲ့သူတွေက ကိုယ့်ထက်ကျော်တက်ပြီး အောင်မြင်သွားရင် ရင်ထဲဘယ်လို ခံစားရမလဲ

အဲဒီလိုတော့ မရှိဘူးရှင့်။ အလုပ်တွေလုပ်နေတဲ့အချိန်ခဏလေး အတွင်းမှာ ကိုယ့်ကိုယ်ကရော၊ သူများတွေကိုရော အောင်မြင်တယ်လို့ သတ်မှတ်လို့မရပါဘူး။ အဓိက,က အရမ်းပေါ်ပြူလာဖြစ်နေတာကို လည်း အရမ်းအောင်မြင်နေတယ်လို့ သတ်မှတ်လို့မရပါဘူး။ ကြည့်ရမှာ က ဘယ်လောက်အချိန်ကြာကြာ ရပ်တည်နိုင်မလဲ၊ နောက်ပြီး ပရိသတ် က ဘယ်အချိန်ထိ ကြာရှည်လက်ခံမလဲဆိုတဲ့အပေါ်မှာပဲ မူတည်ပါ တယ်။ ချက်ချင်းကြီးတက်လာပြီး ပျောက်သွားတာကို အောင်မြင်တယ် လို့လည်း ပြောလို့မရပါဘူး။ ကိုယ်တိုင်ကလည်း အဲဒီလိုမဖြစ်အောင်လို့ အခုအချိန်ထိ ကြိုးစားနေပါတယ်။

ယုရဲ့ အနုပညာကောက်ကြောင်းအတွက် ပြန်လှည့်ကြည့်မယ် ဆိုရင် ကိုယ့်အနုပညာအတွက် ရိုးသားခြင်းရှိတယ်လို့ ပြော နိုင်မလား။

ယု ကိုယ့်လိပ်ပြာကိုယ်လုံတယ်။ မော်ဒယ်စပြီးလျှောက် ကတည်းကနေပြီး အခု သရုပ်ဆောင်လုပ်နေချိန်အထိ မှန်မှန်ကန်ကန်နဲ့ လျှောက်လှမ်းခဲ့တာပါ။ နောက်ပြန်လှည့် ကြည့်လိုက်ရင်တော့ ကိုယ့်အနုပညာကောက်ကြောင်းတွေ အတွက် လိပ်ပြာလုံတယ်။ ကောင်းကောင်းမွန်မွန်၊ ရိုးရိုး သားသားနဲ့ ကိုယ်အရမ်းကြိုးစားခဲ့တာ ကိုယ်သာအသိဆုံးပါ။

ညီမကို ပြောနေကြတယ်။ ငြိမ်ချက်သားကောင်းနေတယ် လို့ ဆိုကြတယ်။ အဲဒီအပေါ် . . .။
ညီမ ရိုက်ထားတာတွေ အများကြီးပါပဲ။ ရိုက်ပြီးမထွက် တာတွေလည်းရှိတော့ ပရိသတ်တွေက ကိုယ်အနုပညာအလုပ် တွေ မရှိသလို ထင်နေကြတာနေမှာပါ။ ယု အများကြီး အလုပ် တွေကို လုပ်နေပါတယ်။

အောင်မြင်ကျော်ကြားသူတစ်ယောက်ဖြစ် ဖို့ ဘယ်လောက်အထိ မျှော်လင့်ထားလဲ။ ကိုယ်တိုင် ရော အောင်မြင်နေတယ်လို့ ထင်လား။

ယု အောင်မြင်တယ်၊ မအောင်မြင်ဘူး ဆိုတာ ကိုယ့်ကိုအားပေးတဲ့ပရိသတ်က သတ်မှတ်ပေးမှာပါ။ နောက်ပြီး အများက သူသည် အောင်မြင်နေလား၊ မအောင် မြင်ဘူးလားဆိုတာကို သူ့ရဲ့အလုပ်တွေ အပေါ်မှာ ကြည့်ရင်သိမှာပါ။
အခုဇာတ်လမ်းတွဲတွေ ရိုက်ကူးလာတော့ အဓိကသရုပ်ဆောင်ဆိုတဲ့နေရာ ပျောက် သွားမလားလို့။ ယု ထင်မြင်ချက်ကို ပြောပါလား။

ဇာတ်လမ်းတွဲတွေ ပေါ်လာတာ ကောင်းပါတယ်။ ဒါပေမဲ့ အားလုံး ကတော့ သူ့နေရာနဲ့သူ အလုပ်တွေ ကို လုပ်ခွင့်ရနေဦးမှာပါ။ ကိုယ် တွေအနုပညာအတွက် ပြောင်းလဲ သွားတာမှ မဟုတ်တာ။

Mizzima - News in Burmese

0 comments:

Post a Comment