12.12.13

အသုံးစရိတ် နည်းပါး၍ တက္ကသိုလ်များ ပညာရေးဝန်ကြီးဌာန လက်အောက် မဝင်လို

ပညာရေးဝန်ကြီးဌာန အသုံးစရိတ်များ ချထားပေးရာတွင် အခြားဝန်ကြီးဌာနများထက် နည်းပါးသောကြောင့် ဝန်ကြီးဌာန လက်အောက် တက္ကသိုလ်များ အနေနှင့် တက္ကသိုလ် ဗဟိုကောင်စီသို့ ဝင်ရောက် လိုသော်လည်း ပညာရေးဝန်ကြီးဌာန ဖွဲ့စည်းပုံ အောက်သို့ မဝင်လိုကြောင်း ရန်ကုန် တက္ကသိုလ် စိန်ရတုခန်းမရှိ ပညာရေး မြှင့်တင်မှု အကောင်အထည် ဖော်ရေး ကော်မတီလုပ်ငန်း အဖွဲ့ဝင်များထံမှ စုံစမ်းသိရှိရသည်။

အဆိုပါ ပညာရေး အသုံးစရိတ် နည်းပါးသည့် အချက်ကို ရေဆင်း စိုက်ပျိုးရေး တက္ကသိုလ်၊ သစ်တောတက္ကသိုလ်နှင့် မွေးမြူရေး ဆိုင်ရာ ဆေးတက္ကသိုလ် လုပ်ငန်းအဖွဲ့က နိုင်ငံတော်သမ္မတရုံး ဝန်ကြီး ဦးတင်နိုင်သိန်းထံ တင်ပြခြင်း ဖြစ်သည်။

ကျန်းမာရေးဝန်ကြီးဌာန တက္ကသိုလ် လက်အောက် တက္ကသိုလ် တစ်ခုဖြစ်သော ဆေးတက္ကသိုလ်ကလည်း အဆိုပါ ဝန်ကြီးဌာန လက်အောက် မဝင်ဘဲ သီးခြား ရပ်တည်ရန် ဆန္ဒရှိကြောင်း ကျန်းမာရေး ပညာဆိုင်ရာ လုပ်ငန်းအဖွဲ့က ဒီဇင်ဘာလ ၁၀ ရက်နေ့ ကော်မတီ အစည်းအဝေးတွင် ဆွေးနွေး ခဲ့ကြသည်။


“အခုရှိနေတဲ့ ဝန်ကြီးဌာနအောက်မှာ နေမှာလား ဆရာတွေဘက်မေးတော့ မနေချင်ကြဘူး။ ပညာရေး ဝန်ကြီးဌာနဘက် သွားမှာလားဆိုတော့ အဆင့်ဆင့် ကြန့်ကြာလို့ မသွားချင်ကြဘူး ဖြစ်ပြန်ရော” ဟု ရေဆင်း စိုက်ပျိုးရေး တက္ကသိုလ် ပါမောက္ခချုပ်က ဆိုသည်။

နိုင်ငံတော်သမ္မတက တက္ကသိုလ်များကို ၀န်ကြီးဌာနအောက် မထားဘဲ ကိုယ်ပိုင် ရပ်တည်ကြရန် ဆန္ဒရှိသောကြောင့် ပညာရေး မြှင့်တင်မှု အကောင်အထည်ဖော်ရေး ကော်မတီဖွဲ့ကာ ပညာရေး မူဝါဒများ ရေးဆွဲခြင်း ဖြစ်သော်လည်း လက်ရှိ အချိန်တွင် ဝန်ကြီးဌာန တက္ကသိုလ်များက သီးခြား ရပ်တည်ရန် အဆင်သင့် မရှိသေးသည်ကို တွေ့ရကြောင်း သမ္မတရုံးဝန်ကြီး ဦးတင်နိုင်သိန်းက မှတ်ချက်ပြု ပြောဆိုသည်။

ယင်းအပြင် ဆေးတက္ကသိုလ်များအတွက် ကျန်းမာရေး ဝန်ကြီးဌာန လက်အောက်မှ သီးခြားရပ်တည် လိုခြင်း၏ အားသာချက်၊ အားနည်းချက်များကို နိုင်ငံတော်သမ္မတထံ တင်သွင်းရန် ၎င်းကဆက်လက် ပြောကြားသည်။

မြန်မာနိုင်ငံသည် အာဆီယံဒေသတွင်း နိုင်ငံများအကြား ပညာရေး အသုံးစရိတ် အနည်းဆုံး နိုင်ငံတစ်နိုင်ငံ ဖြစ်ပြီး အစိုးရသစ် လက်ထက်တွင် ပညာရေးနှင့် ကျန်းမာရေး အသုံးစရိတ်များကို သိသိသာသာ တိုးမြှင့် ပေးခဲ့သော်လည်း ကာကွယ်ရေး ဝန်ကြီးဌာန အပါအဝင် အခြားဝန်ကြီးဌာန များထက် များစွာနည်းပါး နေသေးသည်။

The Voice Weekly

0 comments:

Post a Comment