12.12.13

သည်းထိတ်ရင်ဖို အခြေအနေဖြင့် နောက်တစ်ဆင့် တက်ခဲ့သည့် အာဆင်နယ်

အာဆင်နယ် အသင်းသည် နာပိုလီကို အရေးနိမ့်လိုက်သည့်နောက် အုပ်စုပထမ နေရာဖြင့် ရှုံးထွက်အဆင့် တက်ရောက်ခွင့်ကို လက်လွှတ်လိုက်ရပြီ ဖြစ်သည်။

နာပိုလီ အသင်းသည် ဂွန်ဇာလို ဟီဂူရင်း၊ ဒရီရက်စ် မာတန်စ်၊ ဂိုရန်ပန်ဒက်ဗ်၊ ဟိုဆေး မာရီယာ ကာလီယွန်၊ ဗေလွန် ဘရာမီ၊ ဘလီရင်မ် ဇာမဲလာ၊ ပက်ဘလို အာမီရို၊ ရောလ်အာဘီလိုအာ၊ ဖက်ဒရီကို ဖာနန်ဒက်ဇ်၊ ခရစ္စတီယန် မက်ဂီယိုတို့ကို ပွဲထုတ်ခဲ့သည်။ အာဆင်နယ် ဘက်တွင်မူ အိုလီဗီရာဂီရော့ဒ်၊ ဆန်တီ ကာဇိုလာ၊ မီဆွတ်အိုဇေးလ်၊ တိုမက်စ် ရိုဆစ်စကီး၊ မစ်ကယ်အာတီတာ၊ မက်သရူး ဖလာမီနီ၊ ကီရန်ဂစ်ဘ်၊ လောရင့် ကိုစီရယ်လ်နီ၊ ပါးမာတီဆက်ကာ၊ ကားလ်ယန်ကင်ဆင်တို့ ပါဝင်ကစားခဲ့သည်။



နာပိုလီသည် ယခုပွဲကို မဖြစ်မနေ ဂိုးပြတ်အနိုင်ကစားရန် လိုအပ်နေခြင်းကြောင့် တိုက်စစ်ကို အရှိန်မြှင့် ဖိအားပေးခဲ့သည်။ အာဆင်နယ်ကမူ သရေ(၁)မှတ်ရလျှင် အုပ်စုဗိုလ်နေရာကို ပိုင်ဆိုင်မည် ဖြစ်ခြင်းကြောင့် ပွဲကို ထိန်းကစားရန် ကြိုးစားခဲ့သည်။ ကွင်းလယ်ခံစစ် ကစားသမား(၂)ဦး ထားကစားသည့် ဗျူဟာသည် အာဆင်နယ်အတွက် ပွဲချိန် မိနစ်(၇၀)ကျော်ကြာသည်အထိ အလုပ်ဖြစ်ခဲ့သည်။ သို့သော်လည်း (၇၃)မိနစ်တွင် နာပိုလီတို့ ဦးဆောင်ဂိုး ရသွားသည်။ အာမီရို အလယ်ထဲ ချိုးပေးလိုက်သော ဘောလုံးကို ကာလီယွန်က ထပ်ဆင့် ပေးပို့ရာမှ ဟီဂူရင်းက အနိမ့်လှည့်ကန်ကာ ဂိုးသွင်းခဲ့ပြီးနောက် နာပိုလီတို့ စိတ်ဓာတ် သိသိသာသာ တက်လာသည်။

(၇၆)မိနစ်တွင် ကာလီယွန်ကို နောက်မှဖျက်မိသဖြင့် အာတီတာ ဒုတိယ အဝါထိကာ အာဆင်နယ်တို့ (၁၀)ယောက်ကျန်ဖြင့် ကစားခဲ့ရသည်။ ထို့နောက် နာပိုလီက ဆက်လက်၍ ပြင်းပြင်းထန်ထန် ဖိကစားပြီး ပွဲပြီးခါနီး နောက်ဆုံးမိနစ်ပိုင်းတွင် ဒုတိယဂိုး သွင်းယူခဲ့သည်။ ကာလီယွန်ပင် မျှောပေးလိုက်သော ဘောလုံးကို လူစားဝင် ကစားသမား လော်ရန်ဇို အင်ဆစ်နီက ဂိုးသမား ဝေါ့ဆစ်ခ်ျ ဆက်ဇနီကို အသာကျော်ကန်ကာ ဂိုးသွင်းခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း အုပ်စုအခြေအနေအရ နာပိုလီတို့ အလာကောင်းသော်လည်း အခါနှောင်းကာ (၁၂)မှတ်တူ (၃)သင်းတွင် တတိယနေရာသာ ရရှိပြီး ချန်ပီယံလိဂ်ကို ကျောခိုင်းခဲ့ရသည်။ အာဆင်နယ် အနေဖြင့်မူ အုပ်စုဒုတိယ ရခဲ့ပြီးနောက် ဘိုင်ယန်မြူးနစ်၊ ဘာစီလိုနာ၊ အက်သလက်တီကိုမက်ဒရစ်၊ ရီးယဲလ်မက်ဒရစ်နှင့် ပဲရစ်စိန့်ဂျာမိန်းတို့အနက် တစ်သင်းသင်းကို သေချာပေါက် ရင်ဆိုင်ရတော့မည် ဖြစ်သည်။

Soccer Myanmar

0 comments:

Post a Comment