17.12.13

ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ရွေးကောက်ပွဲဥပဒေများ ပြင်ဆင်ရန် ဥရောပသမဂ္ဂက မြန်မာအစိုးရခေါင်းဆောင်များကို တိုက်တွန်းမည်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ၂၀၁၅ ခုနှစ် သမ္မတရွေးကောက်ပွဲတွင် ပါဝင်ခွင့်ရစေရန် လက်ရှိဖွဲ့စည်းပုံအခြေခံဥ ပဒေနှင့် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများအား ပြင်ဆင်ရေးအတွက် ဥရောပသမဂ္ဂ (အီးယူ)က မြန်မာအစိုးရခေါင်းဆောင်များကို တိုက်တွန်းသွားမည်ဖြစ်ကြောင်း သိရသည်။

ဒီဇင်ဘာ ၁၆ ရက်က ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်မြို့၌ ကျင်းပခဲ့သည့် တွေ့ဆုံဆွေးနွေးပွဲတွင် အီးယူနိုင်ငံခြားရေးဝန်ကြီးများက လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲများ မကျင်းပနိုင်ပါက မြန်မာနိုင်ငံအနေဖြင့် လူထုအုံကြွမှုဖြစ်ပေါ်ပြီး ၂၀၁၀ ပြည့်နှစ်မှ စတင်ခဲ့သည့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအစီအစဉ်များ ပျက်စီးနိုင်သည့် အခြေအနေတစ်ရပ်ကို ကြုံတွေ့နိုင်ကြောင်း မြန်မာအစိုးရအား သတိပေးပြောကြားသွားမည်ဟု သိရသည်။
နိုင်ငံတကာအသိုင်းအ၀ိုင်းနှင့် လေ့လာသုံးသပ်သူများက လွတ်လပ်သော ရွေးကောက်ပွဲများပေါ်ပေါက်ပါက ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် မြန်မာနိုင်ငံ၏ သမ္မတဖြစ်လာနိုင်ကြောင်း မျှော်လင့်ထားသည်။

"မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ခေတ်နဲ့လျော်ညီတဲ့ ဒီမိုကရေစီလိုအပ်ချက်တွေနဲ့အညီ ပြင်ဆင်ဖို့၊ ထာဝရငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး ရရှိဖို့နဲ့ အားလုံးပါဝင်ခွင့်ရမယ့် ရွေးကောက်ပွဲဆိုင်ရာ ပြန်လည် သုံးသပ်မှုတွေ လုပ်ဆောင်ဖို့ အီးယူအနေနဲ့ တိုက်တွန်းပါတယ်" ဟု အီးယူဝန်ကြီးများ အဖွဲ့ အစည်းအဝေး၏ ဆုံးဖြတ်ချက်မူကြမ်းတွင် ရေးသားထားကြောင်း Financial Times သတင်းစာက ဖော်ပြခဲ့သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေသည် ယုံကြည်အားထားလောက်မှု၊ ပွင့်လင်းမြင်သာမှုရှိမှု၊ အားလုံးပါဝင်ခွင့်ရှိမှုနှင့် ၂၀၁၅ ခုနှစ် သမ္မတရွေးကောက်ပွဲ ကျင်းပရေးဆိုင်ရာ အချက်အလက်များ ပါဝင်သင့်ပြီး ရွေးကောက်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်သူများအနေဖြင့် မျှတစွာပါဝင်ယှဉ်ပြိုင်ခွင့်ရရှိရန် လိုအပ်ကြောင်း အဆိုပါတိုက်တွန်းချက် မူကြမ်းတွင် ဖော်ပြထားသည်။

သမ္မတဦးသိန်းစိန်အစိုးရ နိုင်ငံတော်တာဝန်အား စတင်ယူခဲ့သည့် ၂၀၁၁ ခုနှစ်မှစ၍ လုပ်ဆောင်ခဲ့သည့် နိုင်ငံရေး၊ လူမှုရေးနှင့် စီးပွားရေးပြုပြင်ပြောင်းလဲမှုများကိုလည်း အီးယူနိုင်ငံခြားရေးဝန်ကြီးများက ချီးမွမ်းသွားမည် ဖြစ်သကဲ့သို့ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲများ ဖြစ်ပေါ်စေရေးအတွက်လည်း မြန်မာအစိုးရကို ဖိအားများ ဆက်လက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

"မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးအတွက် အီးယူအနေနဲ့ အပြည့်အ၀တွန်းအားပေးသွားမှာပါ။ မြန်မာအစိုးရအနေနဲ့ တိုင်းပြည်ကို နောက်ကြောင်းပြန်မလှည့်အောင် လုပ်ဆောင်ဖို့ အမှန်တကယ် စိတ်အားထက်သန်တယ်ဆိုတဲ့အချက်ကို ကမ္ဘာကိုပြသဖို့ သမ္မတရွေးချယ်တင်မြှောက်ရေးဆိုင်ရာ ဥပဒေအပိုဒ် ပြင်ဆင်ရေးဟာ အဓိကအရေးကြီးနေပါတယ်" ဟု ဥရောပသံတမန်တစ်ဦးက ပြောကြားသည်။

ရွေးကောက်ပွဲဆိုင်ရာ ပြင်ဆင်ရေး တောင်းဆိုချက်ပါဝင်သည့် ဆုံးဖြတ်ချက်ကို ဗြိတိန်အစိုးရက အဆိုပြုတိုက်တွန်းခဲ့ခြင်း ဖြစ်သည်။

ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်က လက်ရှိဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းများအရ ကျင်းပမည့်ရွေးကောက်ပွဲများသည် ဟာသတစ်ခုသာဖြစ်နေမည်ဟု အောက်တိုဘာလအတွင်း ပြောကြားခဲ့သည်။

"မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီခေါင်းဆောင်ဖြစ်လာသူတစ်ဦးကို ဘေးဖယ်ထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်မှာ ရွေးကောက်ပွဲတွေကို ကျင်းပမယ်ဆိုရင် လုံးဝကို မှားယွင်းမှာဖြစ်ပါတယ်။ အဲဒီလိုလုပ်ခဲ့မယ်ဆိုရင် ဒီမိုကရေစီရွေးကောက်ပွဲလို့ ကျွန်တော်ကတော့ မသတ်မှတ်နိုင်ပါဘူး"ဟု ဒေါ်အောင်ဆန်းစုကြည်နှင့် ပူးတွဲပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတစ်ရပ်တွင် ဒေးဗစ်ကင်မရွန်က ပြောကြားသည်။

ဒီဇင်ဘာ ၁၆ ရက်က ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့၌ ကျင်းပခဲ့သည့် ဥရောပသမဂ္ဂ၏ နိုင်ငံခြားရေးရာကောင်စီ အစည်းအဝေးတွင် နိုင်ငံခြားရေး ၀န်ကြီးများအား တွေ့ရစဉ်

Eleven Media Group

0 comments:

Post a Comment