20.12.13

ရှမ်းပြည်တပ်မတော်(မြောက်ပိုင်း)အဖွဲ့မှ ဒေသခံရွာသူရွာသား(၁၁)ဦးအား ဖမ်းဆီးခေါ်ဆောင်မှု သီပေါမြို့နယ်တွင် ဖြစ်ပွား

ရှမ်းပြည်နယ် သီပေါမြို့နယ် မိုင်းလင်းကျေးရွာအုပ်စု မိုင်းလင်းကျေးရွာနှင့် ဆီဆုံကျေးရွာ၌ နေထိုင်သော ဒေသခံရွာသူ ရွာသား(၁၁)ဦးအား ရှမ်းပြည်တိုးတက်ရေးနှင့် ရှမ်းပြည်တပ်မတော်(မြောက်ပိုင်း) SSPP/SSA အဖွဲ့မှ ယနေ့ နေ့လယ် ၁ နာရီခွဲခန့်တွင် လာရောက်ဖမ်းဆီးခေါ်ဆောင် သွားခဲ့ကြောင်း ယင်းဒေသခံများထံမှ သတင်း ရရှိသည်။


`` မိုင်းလင်းရွာက ခြောက်ယောက်၊ ဆီဆုံရွာက ငါးယောက်၊ စုစုပေါင်း ဆယ့်တစ်ယောက်ပါ၊ ရှမ်းပြည် မြောက်ပိုင်းအဖွဲ့က နယ်မြေ(၁၀)နယ်မြေမှူး စိုင်းသန်းအောင် ဦးစီးအဖွဲ့က လာဖမ်းသွားတာပါ ´´ ဟု မိုင်းလင်း ရွာသားတစ်ဦးက ပြောပြသည်။

ဆီဆုံရွာသားတစ်ဦးက `` ခေါင်းစဉ်အမျိုးမျိုးပြပြီး ခေါ်သွားတာပဲလေ၊ ဆက်ကြေးမပေးနိုင်ရင်လည်း လူဖမ်း တယ်၊ လူသစ်မပေးနိုင်လည်း ဖမ်းတာပဲ၊ အခုဟာက မူးယစ်ဆေးရောင်းဝယ်သုံးစွဲတယ်ဆိုပြီး ဖမ်းသွားတာ၊ ဖမ်းသွားတဲ့အထဲမှာ မောင်ဌေးအောင်ဆိုရင် ၁၆ နှစ်ပဲ ရှိသေးတယ် ´´ ဟု ပြောသည်။

ရှမ်းပြည်တပ်မတော်(မြောက်ပိုင်း)အဖွဲ့မှ ဖမ်းဆီးသွားသော ဒေသခံရွာသားများတွင် အသက်(၆၅)နှစ်အရွယ် မိုင်းလင်းရွာသား ဦးလုံးပူး အပါအ၀င် အမျိုးသမီး(၄)ဦးလည်း ပါဝင်ကြောင်း သိရသည်။

`` ငွေပေးလို့ ပြန်လွှတ်ပေးမယ်ဆိုရင် ငွေနဲ့ ရွေးရမှာပါ၊ ဒီနယ်မြေတွေက တိုင်းရင်းသားတွေဟာ အဲဒီရှမ်းအဖွဲ့ကို ဆက်ကြေးပေး၊ လူသစ်ပေးနေတဲ့ ကြားထဲကနေ အခုလို ဖမ်းဆီးခံရတာ အမြဲတမ်းလိုလို ဖြစ်နေပါပြီ ´´ ဟု ဖမ်းဆီးခံရသူများနှင့် ဆွေမျိုးတော်စပ်သော ဆီဆုံရွာခံအမျိုးသမီးတစ်ဦးက ဆိုသည်။

ရှမ်းပြည်တပ်မတော်(မြောက်ပိုင်း)မှ ဖမ်းဆီးခေါ်ဆောင်သွားသော ရွာသူရွာသားများမှာ ဆီဆုံကျေးရွာနေ ဦးလုံးပန်း(၅၅)နှစ်၊ ဦးဆန်တိုင်(၅၃)နှစ်၊ ဦးအိုက်ဆာ(၅၀)နှစ်၊ စိုင်းကျော်ဆွေ(၁၈)နှစ်၊ မောင်ဌေးအောင် (၁၆)နှစ် တို့ဖြစ်ကြပြီး မိုင်းလင်းကျေးရွာမှ ဦးလုံးပူး (၆၅) နှစ်၊ ဒေါ်ပါလှရင်(၄၅)နှစ်၊ ဒေါ်နန်းလေး(၃၅)နှစ်၊ ဒေါ်နန်းလှ(၃၃)နှစ်၊ ဒေါ်နားမီ(၃၀)နှစ်၊ စိုင်းလောဝ်(၂၈)နှစ် တို့ဖြစ်ကြောင်း သိရှိရပါသည်။

အိုက်ပန်
Shan News
Photo - Internet

0 comments:

Post a Comment