9.12.13

စစ်ယဉ်ကျေးမှုက လာတဲ့ ၂၀၀၈ ဖွဲ့စည်းပုံမှာ ကျား၊ မ အခွင့်အရေး တန်းတူညီမျှမှု မရှိ

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဟာ အရင်ကကျင့်သုံးခဲ့တဲ့ “စစ်ယဉ်ကျေးမှု” ကို အခြေခံခဲ့တာ ဖြစ်လို့ ကျား၊ မ အခွင့်အရေး တန်းတူညီမျှမှုကို ထည့်သွင်းစဉ်းစားထားခြင်း မရှိဘူးလို့ မြန်မာ့လူမှု အဖွဲ့အစည်းတွေနဲ့ နိုင်ငံရေး လှုပ်ရှားမှုတွေမှာ ပါဝင် လုပ်ဆောင်နေတဲ့ မဇင်မာအောင်က ကမ္ဘာ့ အမျိုးသမီး ဖိုရမ်မှာ ဧရာဝတီနဲ့ တွေ့ဆုံစဉ် ပြောကြားခဲ့ပါတယ်။

“ဒီဖွဲ့စည်းပုံကို ပေါ်လာစေတာက နိုင်ငံရေး ယဉ်ကျေးမှုအနေနဲ့ ကြည့်ရင် အရင်က စစ်ယဉ်ကျေးမှုလို့ ပြောလို့ရတယ်။ စစ်တပ်က ချည်းပဲ အုပ်ချုပ်ခဲ့တာဆိုတော့ ဒီ ၂၀၀၈ ဖွဲ့စည်းပုံဟာ အဲဒီလက်အောက်က ထွက်ခဲ့တာပဲ။ ကျား၊ မ ခွဲခြားမှုတွေ
၂၀၀၈ ဖွဲ့စည်းပုံမှာ ရှိနေတယ်ဆိုတာ သေချာတာပေါ့။ ဒီဖိုရမ်မှာလည်း ဆွေးနွေးသွားတယ်။ ၂၀၀၈ ဖွဲ့စည်းပုံမှာ ကျား၊ မ တန်းတူညီမျှခြင်းနဲ့ ပတ်သက်ပြီး ထည့်သွင်း စဉ်းစားထားတာ လုံးဝ မရှိဘူး” လို့ မဇင်မာအောင်က ဆိုပါတယ်။



အခုလက်ရှိ နိုင်ငံရေးကဏ္ဍတွေမှာ အမျိုးသမီးတွေ ပါဝင်လာခဲ့ပေမယ့် ထိပ်ဆုံးက အုပ်ချုပ်ရေး ကဏ္ဍတွေမှာ အမျိုးသမီးတွေ ပါဝင်မှု မရှိသေးတဲ့အတွက် ဒီ ၂၀၀၈ ဖွဲ့စည်းပုံဟာ ကျား၊ မ တန်းတူညီမျှခြင်းနဲ့ ပတ်သက်ပြီး ထည့်သွင်းစဉ်းစားထားခြင်း လုံးဝ မရှိဘူးလို့ သူက သုံးသပ်ပါတယ်။

အခုလက်ရှိမှာ အမျိုးသမီးတွေ နိုင်ငံရေးကဏ္ဍမှာ ပါဝင်ခွင့် ရလာတာကလည်း အရင် နအဖ အုပ်ချုပ်ရေးလက်ထက်က အမျိုးသမီးတွေရဲ့ ပေးဆပ်ခဲ့မှုတွေကြောင့်လို့ မဇင်မာအောင်က ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီနည်းလမ်းကျတဲ့ ဓလေ့ကို တည်ဆောက်ဖို့ဆိုရင် ကျား၊ မ တန်းတူညီမျှမှုကနေ စဖို့ လိုအပ်တယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကလည်း ကမ္ဘာ့အမျိုးသမီးဖိုရမ်ပွဲရဲ့ အဖွင့် မိန့်ခွန်းမှာ ထည့်သွင်း ပြောကြားခဲ့ပါတယ်။

“ဒီမိုကရေစီ နည်းလမ်းကျတဲ့ ဓလေ့တွေ ရှိဖို့ လိုအပ်တယ်။ ဒီမိုကရေစီ နည်းလမ်းကျတဲ့ ဓလေ့ကို တည်ဆောက်ဖို့ ကြိုးစားနေကြတဲ့ အချိန်မှာ ကျား၊ မ တန်းတူညီမျှမှု ရှိဖို့ကနေ စဖို့လိုအပ်တယ်” လို့ ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။

သူက ဆက်လက်ပြီး မြန်မာဓလေ့ အယူအဆတွေမှာ မှားယွင်းတဲ့ အယူအဆတွေကိုလည်း ပြင်သင့်တယ်လို့ ဆက်ပြောပါတယ်။

“အယူအဆ ဓလေ့အမှားတွေကို ပြင်ဖို့ ကျမ အမြဲတမ်း ပြောလေ့ပြောထ ရှိပါတယ်။ ဥပမာအနေနဲ့ လင်ကို ဘုရား၊ သားကို သခင်လို့ မြန်မာတွေ ပြောလေ့ရှိတယ်။ ဒီလိုမျိုး အမျိုးသမီးတွေကို ပြုမူပြောဆိုတာဟာ ဘယ်သူ့အတွက်မှ ကောင်းတဲ့
အပြုအမူ မဟုတ်ဘူး။ ကျမတို့က ဒီလိုအရာလေးတွေကနေ စပြီး ပြောင်းလဲရမယ်။ ဒီပွင့်လင်းလာတဲ့ လူ့အဖွဲ့အစည်းမှာ ကလေးတွေကို ဘယ်လိုပုံစံမျိုးနဲ့ အဓိပ္ပာယ်ရှိရှိ ပါဝင်မလဲဆိုတာ လမ်းဖွင့်ပေးတာက အမျိုးသမီးတွေပဲ” လို့
သူက ပြောပါတယ်။

နိုင်ငံရေးကဏ္ဍတွေမှာ အမျိုးသမီးတွေဟာ အမျိုးသားတွေနဲ့ ခွဲခြားဆက်ဆံ ခံနေရကြောင်း၊ အုပ်ချုပ်ရေးကဏ္ဍ တွေကို ကြည့်ရင် တွေ့နိုင်ကြောင်း၊ ပညာရေး ကဏ္ဍမှာလည်း အမျိုးသမီး၊ အမျိုးသား ခွဲခြား ဆက်ဆံခံနေရကြောင်း ဒေါ်အောင်ဆန်းစုကြည်က သုံးသပ်ပြပါတယ်။

သမ္မတ ဦးသိန်းစိန် အစိုးရ တက်လာပြီး ပြုပြင်ပြောင်းလဲမှုတွေ ဘက်ပေါင်းစုံက လုပ်ဆောင်နေပေမယ့်လည်း အမျိုးသမီး အခွင့်အရေးတွေနဲ့ ပတ်သက်ပြီး လက်ရှိအချိန်အထိ ခွဲခြားဆက်ဆံမှုတွေက လျော့ပါးမသွားသေးဘူးလို့ သူက ဆက်ပြောပါတယ်။

ကမ္ဘာ့အမျိုးသမီး ဖိုရမ်ရဲ့ ဆွေးနွေးပွဲမှာ ပါဝင်ခဲ့သူ တဦးဖြစ်တဲ့ AFP သတင်းဌာနက မလှလှဌေးကလည်း မီဒီယာရပ်ဝန်းမှာ လှုပ်ရှားနေတဲ့ အမျိုးသမီးတွေအနေနဲ့ ခွဲခြားခံရမှုတွေ ရှိနေတယ်လို့ ဧရာဝတီကို ပြောပါတယ်။

“မီဒီယာမှာ လုပ်နေတဲ့ အမျိုးသမီးတွေမှာ အခွင့်အရေး ဆုံးရှုံးတာမျိုး မဟုတ်ပေမယ့် တချို့ သတင်းထောက်တွေ ပြန်ပြောတာတွေ ကျမ ပြန်ကြားရတာ ရှိတယ်။ အမျိုးသမီး သတင်းထောက်တွေ ခရီး တနေရာသွားတဲ့ အခါမှာ အမျိုးသားတွေ နည်းတူမဟုတ်ဘဲ ပုံစံ တမျိုး ဆက်ဆံခံရတာတွေ ရှိတယ်လို့ ကြားရတယ်။ ဒါပေမယ့်လည်း သတင်းယူတဲ့ နေရာမှာ အမျိုးသားမှ မဟုတ်ဘူး၊ အမျိုးသမီးတွေလည်း တန်းတူ သတင်းယူနိုင်ကြတာကို မြင်ရမှာပါ။ ဒါ အမျိုးသမီး သတင်းထောက်တွေရဲ့ အားသာချက်ပဲ။ အမျိုးသမီးတွေ ကလည်း ကိုယ့်အခွင့်အရေး ဘာလဲ ဆိုတာကိုလည်း သိနေဖို့ လိုတယ်” လို့ သူက ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ပထမဆုံး ကျင်းပတဲ့ ကမ္ဘာ့အမျိုးသမီး ဖိုရမ်ကို ပြင်သစ်နိုင်ငံ အခြေစိုက် စီးပွားရေးနဲ့ လူမှု အဖွဲ့အစည်းဆိုင်ရာ အမျိုးသမီးဖိုရမ် ကျင်းပရေးအဖွဲ့ (WEFCOS) က ဦးစီးကျင်းပတာ ဖြစ်ပြီး ရန်ကုန် ချက်ထရီယံ ဟိုတယ်မှာ ဒီဇင်ဘာလ ၆ ရက် ၇ ရက်နေ့တွေက ကျင်းပခဲ့တာ ဖြစ်ပါတယ်။

အဲဒီဖိုရမ်မှာ မြန်မာနိုင်ငံရဲ့ ကဏ္ဍအသီးသီးမှာ အောင်မြင်နေတဲ့ အမျိုးသမီးတွေနဲ့ နိုင်ငံတကာက အမျိုးသမီး ၄၀၀ ကျော်က သက်ဆိုင်ရာ ကဏ္ဍအလိုက် အတွေ့အကြုံတွေကို ရှင်းလင်းခဲ့ကြပါတယ်။

အသွင်ကူးပြောင်းနေတဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ဖော်ဆောင်ရေး လုပ်ငန်းစဉ်တွေမှာ မြန်မာအမျိုးသမီးများလည်း ပါဝင်နိုင်ရေး၊ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍ အားကောင်းလာစေရေးတို့အတွက် ကျန်းမာရေး၊ ပညာရေး၊ စီပွားရေး ကဏ္ဍ အသီးသီးခွဲပြီး ဆွေးနွေးခဲ့ကြ ပါတယ်။

ရန်ကုန် ချက်ထရီယံ ဟိုတယ်တွင် ကျင်းပသည့် ကမ္ဘာ့အမျိုးသမီးဖိုရမ် မြင်ကွင်းတခု (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)
ဧရာဝတီ

0 comments:

Post a Comment