14.1.14

ရန်ကုန်တိုင်းဒေသကြီးတစ်ရက်အတွင်းမီးလောင်မှုငါးကြိမ်ဖြစ်ပွား

ရန်ကုန်တိုင်းဒေသကြီး၌ ယမန်နေ့တွင် တစ်ရက်တည်း အသေးစား မီးလောင်ကျွမ်းမှုအဖြစ် သုံးခွ၊ ကမာရွတ်၊ ဒဂုံမြို့သစ် (တောင်ပိုင်း)၊ အလုံ၊ မရမ်းကုန်းမြို့နယ်တို့တွင် ငါးကြိမ်ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။


သုံးခွမြို့နယ် သိုက်တူးကန်းကျေးရွာ ယုဇနလမ်းတွင် မီးလောင်မှု ဖြစ်ပွားခဲ့ရာ နေအိမ်အတွင်း ထွန်းညှိထားသော ခြင်ဆေးခွေမီးမှ အခင်း ဖျာကိုကူးစက်၍ မီးစတင်လောင်ကျွမ်းခဲ့ရာ သွပ်မိုး၊ထရံကာ၊ဝါးကြမ်းခင်း နေအိမ်နှင့် ၄င်းအိမ်ကပ်လျက်ရှိ
နေအိမ်၏သွပ်မိုး၊ထရံကာ၊ဝါးကြမ်းခင်း နေအိမ် တစ်ခြမ်းမီးကူးစက်လောင်ကျွမ်းခဲ့ပြီး မီးလောင်မှုကြောင့် တန်ဖိုး ငွေကျပ် ၃ဝဝဝဝ ဆုံးရှုံးခဲ့၍ မီးပေါ့ဆစွာသုံးစွဲသူကိုအမှုဖွင့်အရေးယူ ထားကြောင်း သိရသည်။

ကမာရွတ်မြို့နယ် (၆)ရပ်ကွက် ယုဇနလမ်းဟိုက်ဝေးကွန်ပလပ်ရှိ တိုက်(ဗ ) အခန်း(၁ဝ၃ ) မီးလောင်မှုတွင် ရေချိုးခန်း၌တပ်ဆင်ထားသော
ရေပူ ရေအေးပေးစက်ကို မီးမပိတ်ဘဲ အပြင်သို့ထွက်သွားရာ ရေပူရေအေး စက်မှအပူလွန်ကဲ၍ ဝိုင်ယာရှော့ခ်ဖြစ်ကာ မီးလောင်ပျက်စီးခဲ့ပြီး မီးလောင် မှုကြောင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးငွေကျပ် ၂ဝဝဝဝ ဆုံးရှုံးသွားကြောင်း သိရသည်။

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် (၆၃)ရပ်ကွက် ချောင်းသာလမ်းနှင့် စက်မှုပတ်လမ်းထောင့်ရှိ တိုးတိုးလင်းကားဘော်ဒီရုံ မီးလောင်မှုတွင် ဘော်ဒီရုံအလုပ်သမားတစ်ဦးက ကျောက်စက်တိုက်စဉ် အနီးရှိဓာတ်ဆီ ခွက်သို့ မီးပွားစဉ်ရာမှ မီးစတင်လောင်ကျွမ်းခဲ့ပြီး မီးလောင်ကျွမ်းမှုကြောင့် ကျောက်စက်အသေးတစ်လုံး၊ ဓာတ်ဆီထည့်သည့်ကော်ခွက်တစ်ခွက်၊ စုစုပေါင်းတန်ဖိုးငွေကျပ် ၁ဝဝဝဝ ဆုံးရှုံးခဲ့ကြောင်း သိရသည်။

အလုံမြို့နယ် စောရန်ပိုင်အနောက်ရပ်ကွက် ကမ်းနားလမ်း အမှတ်(၆၆) မီးလောင်မှုတွင် နေအိမ်အိပ်ခန်းထဲ၌ သောက်လက်စဆေးလိပ်တိုအား မေ့လျော့ထားခဲ့၍ အိမ်တံခါးပိတ်ကာ အပြင်သို့ဘောလုံးပွဲသွားရောက် ကြည့်နေစဉ် ဆေးလိပ်တိုမှတစ်ဆင့် အဝတ်စုတ်သို့မီးကူးကာ သွပ်မိုး၊ သွပ်ကာ၊ ပျဉ်ခင်းအိမ်ကိုမီးလောင်ကျွမ်းခဲ့ပြီး မီးလောင်ကျွမ်းမှုကြောင့် တန်ဖိုးငွေ ကျပ် ၁၅ဝဝဝဝ ဆုံးရှုံးခဲ့ကြောင်း သိရသည်။

မရမ်းကုန်းမြို့နယ် (၆)ရပ်ကွက် ရဲရိပ်သာရှေ့ အမှတ်(၁၉) ပြည်လမ်း မီးလောင်မှုတွင် မော်တော်ယာဉ်တစ်စီးမီးလောင်၍ အဖြူရောင်စူပါ ရု(ဖ်)ဗင်မော်တော်ယာဉ်သည် အတွင်းပိုင်းကာဘရိုက်တာသို့သွားသော ဓာတ်ဆီပိုက်အပူလွန်ကဲပေါက်ပြဲပြီး မီးလောင်မှုဖြစ်ပွားခဲ့ရာ မီးလောင် မှုကြောင့် ယာဉ်မောင်းကိုထိခိုက်မှုမရှိသော်လည်း အင်ဂျင်ခန်းအတွင်း တန်ဖိုးငွေကျပ် ၁၅ဝဝဝ ဆုံးရှုံးခဲ့ကြောင်း သိရသည်။

ပေါ့ဆစွာမီးအသုံးပြုသူများကို သက်ဆိုင်ရာမြို့နယ်အသီးသီးမှ (ပ)၁ဝ/၂ဝ၁၄ ပြစ်မှုပုဒ်မ ၂၈၅ ဖြင့်အမှုဖွင့်ပြီး စစ်ဆေးဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

The Union Daily

0 comments:

Post a Comment