14.1.14

ဧရာဝတီတိုင်း အစိုးရဌာနများ၏ သတင်းအချက်အလက်များဝက်ဘ်ဆိုဒ် တင်မည်



ဧရာဝတီတိုင်းဒေသကြီး အစိုးရဌာနဆိုင်ရာများ၏ သတင်းအချက်အလက်များ ကြည့်ရှုနိုင်မည့် Webportal ကို ဖေဖော်ဝါရီလအတွင်း စတင်လွှင့်တင်သွားမည်ဖြစ်သည်ဟု e-ayeyarwady Society မှ ဥက္ကဋ္ဌ ဦးမောင်မောင်ဦးက မဇ္ဈိမကို ပြောသည်။
Webportal လွှင့်တင်ရာတွင် အစိုးရဌာနများမှ ပြည်သူသို့ သတင်းထုတ်ပြန်ချက်များ၊ စီးပွားရေးလုပ်ငန်း များနှင့် ကုန်သွယ်ရေးလုပ်ငန်းများအတွက် ဒေသထွက်သီးနှံကုန်စည်ဈေးနှုန်းများ၊ e-government လုပ် ငန်းစဉ်များစသည့်သတင်းအချက်အလက်များ ပါဝင်မည်ဖြစ်သည်။

အစိုးရဌာန၏ သတင်းအချက်အလက် ထုတ်ပြန်ချက်များအတွက် www.e-aye yarwady.gov.mm နှင့် စီးပွားရေးနှင့် လူမှုအဖွဲ့အစည်းများ၏ သတင်းအချက်အလက်များ၊ နေ့စဉ် ကုန်စည်ဈေးနှုန်းများဖော်ပြ ပေးမည့် www. e-ayeyarwady.com ဟူ၍ ခွဲခြားလွှင့်တင်ပေးသွားမည်ဖြစ်သည်။
ဦးမောင်မောင်ဦးက “ဒေသဖွံ့ဖြိုးရေးလုပ်နေတဲ့ အဖွဲ့အစည်းတွေရဲ့ နာမည်တွေ၊ လိပ်စာတွေကိုလည်း ၀က်ဘ်ဆိုဒ်မှာ ဖော်ပြပေးသွားမယ်”ဟု ဆိုသည်။

အဆိုပါ Webportal များကို ဖေဖော်ဝါရီ ၁ ရက်နှင့် ၂ ရက်အတွင်း ကျင်းပမည့် e-ayeyarwady Society ပြပွဲတွင် စတင်လွှင့်တင်ကာ ပြည်သူလူထုကို မိတ်ဆက်ပြသသွားရန် စီစဉ်ထားသည်ဟုလည်း ၎င်းက ပြောသည်။

ဦးမောင်မောင်ဦးက “Webportal မှာ ဧရာဝတီတိုင်းဒေသကြီးရဲ့ ဒေသထွက်သီးနှံတွေ၊ ထုတ်ကုန်တွေ ကိုလည်း ဖော်ပြသွားမယ်။ နောက်လွှတ်တော်ထဲက လုပ်ဆောင်ချက်တွေနဲ့ ပြည်သူလူထုရဲ့ လိုအပ် ချက်တွေကို သိရှိနိုင်ရန် လွှတ်တော်နဲ့ လူထုကြားသတင်းအချက်အလက်ဆက်သွယ်တဲ့နေရာ တစ်ခု ဖြစ်အောင်လည်း ကဏ္ဍအသီးသီးထည့်ပြီး လုပ်သွားဖို့ရှိပါတယ်”ဟု ပြောသည်။

အဆိုပါ e-ayeyarwady Webportal ကို မြန်မာဘာသာစကားဖြင့် လွှင့်တင်သွားမည်ဖြစ်ပြီး နောက်ပိုင်း တွင် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ သီးနှံများ၊ ထုတ်ကုန်များ၊ ထင်ရှားသောနေရာများကို ဖော်ပြပေး နိုင်မည့် English Version ဖြင့် လွှင့်တင်ပေးသွားရန်လည်း စီစဉ်ထားသည်။

e-ayeyarwaddy Society သည် ဧရာဝတီတိုင်း ကွန်ပျူတာပညာရှင်အသင်းနှင့် လုပ်ငန်းရှင်အသင်း၊ အစိုးရဌာနများမှ တာဝန်ရှိသူများနှင့် နည်းပညာကဏ္ဍမှ လူငယ်များဖြင့် ၂၀၁၂ နိုဝင်ဘာတွင် စတင်ဖွဲ့ စည်းခဲ့ပြီးe-government၊ e-commerce နှင့် နည်းပညာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို လုပ်ဆောင်နေသည်။

Mizzima - News in Burmese

0 comments:

Post a Comment